ဖွတ်ကလေး၊ အီကြာအော်နှင့် ခက်သေးရွာမှ တိပ်ပတ်ဆရာတော်
အီကြာအော် (မိုးမခ) မေ ၂၄၊ ၂၀၁၇
ခက်သေးရွာတလွှားတွင် ထင်ပေါ်ကျော်ကြား လူသိအများဆုံးသော ဆရာတော်မှာ တိပ်ပတ် ဆရာတော် ဖြစ်လေသည်။ ကြွက်နီတို့လို ကလေးကအစ တိပ်ပတ်ဆရာတော်ဆိုလျှင် ခက်သေးတရွာလုံး သိကြပေသည်။ ကလေးကအစ ခွေးကအစ သိကြပေသည်ဟုပင် ဆိုရပေခြိမ့်မည်။ တလောကလည်း ကြွက်နီတို့ ခက်သေးရွာသား ကလေးတသိုက် ပါးစပ်ကို တိပ်ပတ်ပြီး တရားဟောတန်းကစားပြီး ”ဖျာသည်မ ဖျာသည်မ” လုပ်နေကြသဖြင့် ကလေးများကို အီကြာအော်တယောက် အရဲစွန့်ပြီး အဲသည်လိုတော့ မလုပ်ကြပါရန် တောင်းပန်လိုက်ရသည်။ ခေတ်ကာလ ခက်သေးရွာမှကလေးများကား အရင်ခေတ်လို လူကြီးများကို မကြောက် လူကြီးများက ပြန်ကြောက်နေရသည် မဟုတ်ပါလား….၊ ကလေးဆိုသည်မှာကလည်း အတုမြင် အတတ်သင်ဆိုသည့်အတိုင်း မခက်လျှင် မနေနိုင်သော ခက်သေးရွာဓလေ့အတိုင်း ခက်ကို ခက်တော့သည်။
”ဟေ့ကောင် ဖွတ်ကလေး… မင်းကော တိပ်ပတ်ဆရာတော်တရားကို နာပြီးပြီလား” အီကြာအော်က ယပ်တောင်ကလေးနှင့် ယပ်ခတ်ရင်း အလည်ရောက်လာသော ဧည့်သည်တော် ဖွတ်ကလေးကို မေးလိုက်လေသည်။
နွေရာသီကလည်း ကုန်ကို မကုန်နိုင်သေး။ ခက်သေးရွာကြီးကား ဒီအချိန်ရောက်လာလျှင် ခက်သေးဓာတ်တွေ ဖောက် ဖောက်လာတယ် ဟု ဆိုရအောင်ပင်။ အမေပုတို့ တက်လာလျှင် ယပ်တောင် မခပ်ရလောက်ဟု မျှော်လင့်ထားခဲ့သော်လည်း နွေရာသီဆိုလျှင် ခက်သေးရွာကား မီးပျက်ဆဲ။
”ဘယ်တရားလည်း ဆရာအော်ရဲ့” ဖွတ်ကလေးက အီကြာအော် မေးသည်ကို နားမလည်ဟန်ဖြင့် ပြန်၍ မေးလိုက်လေသည်။
”မင်းကလည်းကွာ အမျိုးဆောင့် အဲ မျိုးစောင့် တရားလေကွာ”
အီကြာအော်က ဖွတ်ကလေးကို ဒါလေးတောင် မသိရကောင်းလား ဟူသော လေသံဖြင့် ပြောလိုက်လေသည်။
”အော်….သိပြီ သိပြီ ဆရာအော်….ဟိုလေ ခွေးတရားလား”
”မင်းကလည်း တိပ်ပတ်တရားလို့ ပြောချင်ရင် ပြောကွာ၊ ခွေးတရားဆိုတော့ မင်းပြောတာက မဟုတ်သေးပါဘူး”
”သိဘူးလေ ဆရာအော်ရဲ့ ဟိုတလောက တိပ်ပတ်ဆရာတော်က ခက်သေးသူတွေကို ခွေးမြီးဖြတ်ယူဆိုလား ဟောသေးတယ် မဟုတ်လား”
”ဟုတ်ပါ့ကွာ တိပ်ပတ်ဆရာတော်က ခေတော့ မခေဘူး သူ့ဆီမှာ ဖော်လိုးဝါးတွေ တော်တော်များသား”
”ဖောလိုး လုပ်ပြီး ဝါးကြတာ ထင်တယ်နော် ဆရာအော်”
”တို့ ခက်သေးရွာမှာက ဖောလိုးမလုပ်ရင် ဝါးစရာမရှိတဲ့သူတွေက အများသား…၊ ခက်တာက ဘုမသိ ဘမသိနဲ့ ဘမသ ဖောလိုးဖြစ်နေတာတွေပဲ” ခက်သေးရွာကြီးတွင်ကား အလုပ်အကိုင် ရှားပါးလှသောကြောင့် ခက်သေးရွာသားအများစုမှာ ကြုံရာကျပမ်းအလုပ်ကို လုပ်ကြရပေသည်။ တန်းစီတိုးစားခေတ်မှ တခေတ်ပြောင်းပြီး တန်းစီဆန္ဒပြနေ့စားဘဝဖြင့် အသက်မွေးရသူများကလည်း မနည်းလှချေ။
”အေးပေါ့ကွာ လူတွေခမျာလည်း ဝါးရဖို့ စားရဖို့ ဖောလိုး လုပ်ရပေတာကိုး…၊ ဒီဆရာတော်ကတော့ ပါးစပ်ကို တိပ်ပတ်ထားလို့ ဝါးလို့ မရလောက်ဘူး”
”ငါတောင် တိပ်ပတ်ဆရာတော်ဆီက တိပ်ငှားပြီးတော့ တို့ခက်သေးရွာလူကြီးတွေကို ကပ်ထားရင် ကောင်းမလားလို့”
”ဘာလို့လည်း ဆရာအော်…၊ ပိုးစိုးပက်စက် ဝါးထားဖာထီလူကြီးတွေကို ဝါးကြော ပိတ်ရအောင်လား”
”အေးပေါ့ကွ မင်းလည်း တော်တော် တော်လာပြီပဲ”
”ဒါနဲ့ ပါးစပ်တိပ်ကပ်တာ ဘာလုပ်တာလည်း မင်း သိလား”
”ဝဇီပိတ် ကျင့်တာနေမှာပေါ့ ဆရာအော်ရဲ့…၊အဲဒီတိပ်ကြီးနဲ့ ဆွမ်းစားတော့ ဘယ်လို စားသလည်း မသိဘူးနော်”
”မင်းကလည်းကွာ တိပ်ဖြုတ်ပြီး စားမှာပေါ့ကွ”
”မသိပါဘူး ဆရာအော်ရယ် ၂၄ နာရီလုံးများ ပတ်ထားတာလားလို့”
”အဲလို ပိတ်ထားရင်တော့ မဆိုးဘူးကွ အတော် ချီးကြူးစရာပဲ” အဆင်းကို ဘီးတပ်ပေးလေ့ရှိသော ခက်သေးရွာသားတို့ထုံးစံအတိုင်း အီကြာအော်က ပြောလိုက်လေသည်။
”တိပ်ပတ်တယ် ဆိုတာ တပ်ပိတ် တပ်ပိတ်တယ်ဆိုတော့ တပ်က စားပေါက်ပိတ်နေတာကို ပြောတာများလား ဆရာအော်”
”ဟေ့ကောင် တပ်ကို ပြောတာ ငါမပါဘူးနော်” တပ်ကိုထိ ဖွကြည့် ဆိုသော ခက်သေးဖွသူရဲများ၏ ဖွသေနတ်ကြောင့် လူပင် သေလောက်ပေသည်။ တပ် ဆိုသည်နှင့် ခက်သေးရွာသားတို့ထုံးနှလုံးမူပြီး အီကြာအော်လည်း အီကြောက်အော် ဖြစ်တော့သည်။
”မသိပါဘူး ဆရာအော်ရယ် တိပ်ပတ်တာ တခုခုတော့ ရှိရမယ်ဆိုပြီး အဖြေရှာနေတာ”
”ပိတ်တာကတော့ ကောင်းပါတယ်ကွာ…၊ ခက်သေးရွာလယ်ကောင်က လော်သမားတွေလည်း ဒီကိုယ်တော့ဆီက တိပ်ငှားပြီး ပိတ်ရမယ် စဉ်းစားနေတာကွ…၊ ဆူလွန်းလို့”
ခက်သေးရွာတွင်ကား ထုံးစံမပျက် အလှူခံ အသံမစဲ တရားပွဲများက ၂၄ နာရီပတ်လုံး စည်းပျက်ကမ်းပျက် မတရား ဆူညံလေ့ရှိသည် မဟုတ်ပါလား။ ခက်သေးသား မိုက်ခဲတို့ကား မိုက်ကလေးများ လက်ထဲရောက်လာလျှင် မလွှတ်တော့ချေ။ ခက်သေးရွာ၏ ထုံးတမ်းအစဉ်အလာအရ ဘာအလုပ်မှ မယ်မယ်ရရ မရှိကြသည်မို့ အလှူခံအလုပ်ကို ရလျှင်တော့ ၇ ရက်သားသမီးအပေါင်းကို ”နွိုက်စ်ပေါ်လူးရှင်း”ဖြင့် အားပါးတရ နှိပ်စက်ကြလေံရှိသည်။
”ဒီဆရာတော်လို ပိတ်တာတွေများရင် တို့ ခက်သေးရွာကြီးလည်း နားအေးပါးအေး ဖြစ်ကုန်မယ်”
”ကျုပ်ကြားဘူးတာတော့ ပြိတ္တာဘဝက မကောင်းဘူးဆို”
”ဟေ့ကောင် ဖွတ်ကလေး ပိတ်တာနဲ့ ပြိတ္တာက အသံထွက်တော့ တူတယ် အဓိပ္ပာယ်က မတူဘူးကွ”
”ဆရာအော်ကလည်း ပိတ်တာဆိုရင်စားမရတော့ ပြိတ္တာ အတူတူပဲထင်ပါတယ်”
”ပိတ်တာဆိုတော့ ပါတိပ်ပေါ့ကွာ”
”ပါတိပ်ဆိုတာ ဟိုတလောက ရေပန်းစားတဲ့ ပါတိပ်ဖိလစ် နာရီကို ပြောတာလား ဆရာအော်”
”အေးကွ…၊ မင်းပြောမှ ပါတိပ်ဖိလစ်နာရီလိုပဲ ရွာလူကြီးတွေက ဖိပြီး လစ်သလို သုတ်နေကြတာကိုး…၊ ခက်သေးရွာလူကြီးတော်တော်များများက ခိုးဖြီးပဲ လုပ်နေကြတာကိုးကွ”
ခက်သေးရွာတွင် ရွာလူကြီးတော်တော်များများကား ဘယ်သူတက်တက် တို့အတွက် ပေါ်လစီဖြင့် လိုအပ်သည်များကို ညွှန်ကြား ဖြည့်ဆည်းကြဆဲ။ အမေပု အမေပု ဟူ၍ အမေပုနာမည်ကို အသုံးချနေသူများကလည်း မနည်းလှ။ ခက်သေးသားတချို့ အမေပုကို ချစ်ပြပုံမှာ ဖွဘုတ်တခွင်တွင် ပြဲပြဲစင်ပေသည်။ အမေပု၏ သားများတောင် အမေပုကို အဲဒီလောက် အချစ်ပို ပြနိုင်မည် မထင်ချေ။ဤသည်ကား အာဂခက်သေးရွာသားများပင် ဖြစ်တော့သည်။
”ဝါးထားတဲ့ ရွာလူကြီးတွေကို ပါးစပ်တိပ်ပတ်ပြီးတော့ ”ငါတို့သည်လည်း ခိုးဖြီးများသာ”ဆိုတဲ့ စာတမ်း လည်ပင်းချိတ်ရရင် မကောင်းဘူးလားကွ”
”ခိုးဖြီး”ဆိုတော့ ”ခွီးဖြိုး”
”ပိတ်တာ”က ”ပါတိပ်” ပေါ့ နော်..ဆရာအော်”
”ဟေ့ကောင် ဖွတ်ကလေး ၆၆ဃ ဆိုရင် ငါမပါဘူးနော် မင်းပါးစပ်ကိုပါ တိပ်ပိတ်လိုက်ရင် ကောင်းမယ်”
ခက်သေးရွာသားပြီပြီ ကြောက်တတ်လှသော အီကြာအော်က တိုးတိုးလေး ပြောလိုက်လေသည်။
ထိုစဉ်အခါတွင် မီးဖိုချောင်မှ ထွက်လာသော ဒေါ်အွန်မေးက
”ကိုအော်ရေ တိပ်ပတ်ဆရာတော်က အချိန်တန်ရင် ဆွမ်းကပ်မယ့်၊ မာစီးဒီးကပ်မယ့် ဖောလိုးဝါးရွာလူကြီးတွေကအဆင်သင့်…၊ ဘုန်းကြီးက အချိန်တန်ရင် တိပ်ကလေးဖြုတ် ဆွမ်းကလေးဘုဉ်းပေးလိုက်ရုံပဲ…၊ ကျုပ်တို့လို သာမန်အရပ်သားတွေက လက်လှုပ်မှ ပါးစပ်လှုပ်လို့ရတာ…၊ အခု ဆီနဲ့ဆန်နဲ့က ပြတ်သွားပြန်ပြီ ”ယဘဆ”စီးပြီး ကိုခိုနီ့ဆိုင်မှာ အကြွေးနဲ့ သွားဝယ်ပေးပါဦး…၊
အရင်တခါလို ဘတ်စ်ကားလိုင်းမမှားစေနဲ့နော် ဆန်ဘိုးက “ယဘဆ”စာ ဖြစ်သွားဦးမယ်”
ဤသို့ဆိုလျှင် ခက်သေးရွာ လူကြီးများကဲ့သို့ ဖောလိုးလုပ်ပြီး မဝါးနိုင်သော အီကြာအော်လည်း မနေသာတော့ပဲ အကြွေးဝယ်၍ ဝါးရန် “ ယဘဆ“ စီးပြီးအဝယ်တော် ထွက်ရလေသည်။
ခက်သေးရွာလယ်ကောင်တွင် ကြွက်နီတို့ကလေးတသိုက် ပါးစပ်တိပ်ပတ်၍ ကစားကောင်းနေကြဆဲ
”ဖျာသည်မ
ဖျာသည်မ
ဖျာသည်မ”
တော်တော် ခက်သော ခက်သေးရွာကြီးပေတကားဟု အီကြာအော်တယောက် မှတ်ချက် ချလိုက်မိလေသတည်း။ ။
သဗ္ဗေသတ္တာကမ္မသကာ
အီကြာအော်