မောင်ရင်ငတေ ● ကျောက်ဖရား သောင်ရင်းမှသည် မယ့်ခေါင်ဆီသို့ – အပိုင်း (၈)
(မယ့်ဆိုင်-မြောက်ဖျားစွန်းကမြို့)
(မိုးမခ) မေ ၂၁၊ ၂၀၁၇
ဒွိုင်မယ့်ဆလောင် တောင်တန်းနယ်မြေမှ မယ့်ချန်လမ်းဆုံသို့ (ဓါတ်ပုံ မရငတ)
ဘိန်းဘုရင်ဟောင်းကြီး ထီးနန်းစိုက်ခဲ့ရာ Doi Mae Salong တောင်တန်းနယ်မြေကို ကျောခိုင်းထား ပြီးနောက် ဖန်း-မယ့် ဆလောင်-မယ့်ဆိုင်-ချင်းဆန်-ချင်းရိုင် (၁၀၈၉) (၁၁၃၀) (၁၀၁၆) တို့နဲ့ အမှတ် (၁) လမ်းတွေဆုံရာ မယ့်ချန်လမ်းဆုံကနေ Thanon Phahonyothin ထနုံ ဖဟွန်ယိုသင် ခေါ်ကြတဲ့ အမှတ် (၁) လမ်းမကြီးအတိုင်း မြောက်ဘက်သို့ မောင်ရင်ငတေတို့ ခရီးဆက်ရပါမယ်။
မယ့်ဆိုင် သို့မဟုတ် ထိုင်းမြောက်ဖျားစွန်းက မြို့ဆီသို့ …
Phahonyothin ဖဟွန်ယိုသင် အမှတ် (၁) လမ်းမကြီးကနေ မယ့်ဆိုင်ကို ဟိုအရင် ၁၉၉၀ ခုနှစ်လွန် နှစ်များကတည်းက ရောက်ဖူးခဲ့ပေမယ့် အခုခေတ်လို မှတ်တမ်းတင်ဖို့ ထောက်ကူပစ္စည်း မလွယ်ကူမရှိ မတတ်နိုင်တာကြောင့် အခုတခေါက်နဲ့ ဟိုအရင် တွေ့ကြုံဖူးတာတွေကို ပေါင်းစပ်ရေးသားလိုက် ရပါတယ်။ နောက်ဆုံးရောက်ခဲ့တဲ့ ၂၀၁၄ တုန်းကလည်း ရေးမယ်ရေးမယ်နဲ့ မရေးဖြစ်ခဲ့လို့ပါ။ ဒီ အခု တခေါက်တော့ ရေးဖြစ်အောင် ရေးလိုက်ပါပြီ။
မောင်ရင်ငတေတို့ ရွှေပြည်သားများအတွက် ဟိုးအရင်ကထဲက တာချီလိတ်တဘက်ကမ်း မယ့်ဆိုင် ဆိုတာ သိပ်မစိမ်းတဲ့ နယ်စပ်မြို့ပါ။ အနောက်ဘက်ခြမ်းမှာ တမူး၊ တောင်ဘက်စွန်းမှာ ကော့သောင် ရနောင်း၊ မြောက်ဘက်ဆိုရင်တော့ မူဆယ် ရွှေလီ၊ အရှေ့ဘက်ခြမ်းမှာတော့ တောင်ပိုင်းက မြဝတီ မယ့်ဆောက်၊ မြောက်ပိုင်းမှာ တာချီလိတ် မယ့်ဆိုင် ဆိုပြီး ပထဝီ ဝင်သာ မကျေတတ်ကြပေမယ့် တွဲလျှက်တော့ သိနေတတ်ကြပါတဲ့ လူသိများ ထင်ရှားတဲ့ မြို့အမည်နာမတွေပါ။
၁၉၈၀ ခုနှစ် ကာလများဆီက မောင်ရင်ငတေ ဆယ်တန်းနဲ့ ကောလိပ်ကျောင်းသားဘဝအစ အချိန် တွေက တာချီလိတ် ကျိုင်းတုံ တောင်ကြီး ကလော ရှမ်းနယ်မြေတွေက ကျောင်းသားတချို့နဲ့ တွေ့ခဲ့ ဖူးတွဲခဲ့ဖူးပါတယ်။ တချို့ဆို ရင်းရင်းနှီးနှီး သောက်သောက်စားစား ပေါင်းခဲ့ဖူးတာပါ။ သူတို့တတွေရဲ့ ဝတ်စားဆင်ယင်ပုံနဲ့ အထက် အညာ မန်းမြို့တော်သားတွေရဲ့ ဝတ်စားဆင်ယင်ပုံက မတူကွဲပြားလှ သလို ရန်ကုန်သူရန်ကုန်သားတွေရဲ့ စတိုင်လ်နဲ့လည်း လုံးဝမတူပဘူး။ မြောက်ပိုင်း လာရှိုးနယ်သား တွေရဲ့ စတိုင်လ်နဲ့ တာချီလိတ်ပစ္စည်း သုံးစွဲခွင့် ရသူများရဲ့ စတိုင်လ်တွေကလည်း တော်တော်လေး ခြားနားတယ်ဆိုတာ သတိပြုမိခဲ့ပါတယ်။ အဲဒီချိန်က မြန်မာ့နည်းမြန်မာ့ဟန် မဆလ ခေတ်ကြီးပေါ့။
အဲဒီခေတ်မှာ လူဖြစ်လာကြတဲ့ မောင်ရင်ငတေတို့တွက် နိုင်ငံတကာ ဖက်ရှင်ပစ္စည်းတွေက မှောင်ခို ဈေးကွက်ကနေသာ ဝင်ရောက်လာတာပါ။ အကောင်းစားခေတ်မီမှောင်ခိုပစ္စည်းတွေက တာချီလိတ် မြဝတီကသာ အဝင်များတယ်ပြောရင်ရပါ တယ်။ တမူးတို့မူဆယ်တို့ကနေ ဝင်လာတတ်တာ အိမ်သုံး ပစ္စည်းတွေသာ များပါတယ်။ မောင်ရင်ငတေတို့လို ခေတ်ပေါ် ချာတိတ်တွေ စိတ်ဝင်စားပါတဲ့ ပစ္စည်း တချို့တော့ တမူးလမ်းက ဝင်လာတတ်တာ ရှိပါတယ်။ မှတ်မိကြသူတွေ ရှိမှာပါ။
Daen Lao Range (Loi La) လွိုင်လတောင်တန်းများကြားက တာချီလိတ် (ဓါတ်ပုံ မရငတ)
အဲဒီလို အချိန်မှာထဲက ကျိုင်းတုံ တာချီလိတ် မယ့်ဆိုင်ကို စိတ်ဝင်စားမိပြီး ရောက်ဖူးဖို့ ကြိုးပမ်းခဲ့ဖူးပါတယ်။ ဒါပေမယ့် ကျိုင်းတုံကျော်ပြီးသွားဖို့က ခက်ခဲလှတာမို့ အကြိမ်ကြိမ် စီစဉ်ခဲ့ပေမယ့် မဖြစ်ခဲ့ရပါဘူး။ နောက်ပိုင်းတော့ ရန်ကုန်ရောက်၊ ရှမ်းတောင်တန်းက သူငယ်ချင်းတွေနဲ့လည်း အဆက်ပြတ် ခဲ့ပြီး ရှမ်းကိုကျော်လို့ စယမ်မြေ ထိုင်းမြေကို ရောက်ခဲ့ရပါတယ်။ ထိုင်းမြေ ရောက်ခဲ့ ပြန်တော့လည်း အကြောင်း အမျိုးမျိုးကြောင့် ဘီကေကေတခွင်သာ ကျင်လည်ခဲ့ရတာများပြီး ဒီလို ထိုင်းမြောက်ပိုင်း တောင်တန်းဒေသတွေကို အကြောင်းတိုက်ဆိုင်မှသာ ခဏတဖြုတ် ရောက်ခဲ့တာမျိုးသာ ရှိပါတယ်။
ဒီကနေ့မှာတော့ အသက်တွေလည်း ကြီးလာသလို ထိုင်း ရောက်တယ်ဆိုရင် ဘီကေကေက ပျော်စ ရာနေရာတွေထက် အေးဆေးသက်သာ စိတ်ကြည်ရွှင်စေတဲ့ နေရာတွေကိုသာ သွားချင်စိတ်က ပိုမိုလာတာကြောင့် ဒီလို ထိုင်းမြောက်ပိုင်းမြေက တောင်တန်းတွေရှိရာသို့ ရောက် ရောက်လာရခြင်းပါ။ တခါဖူးမျှ မရောက်ခဲ့ဖူးသေးတဲ့ မြဝတီတွေ တာချီလိတ်တွေရဲ့ကိုယ်စား ရောက်ခဲ့တယ်ဆိုရင်လည်း မမှားပဘူး။ တကယ်တော့ သွားရလွယ်ကူလှသလို ဈေးနှုန်းကလည်း ဟိုဘက်မောင်ရင်ငတေတို့ရဲ့ ဘက်ကမ်းထက် သက်သာလှသမို့ ထိုင်းမြေ နင်းလိုက်တာနဲ့ သွားဖို့က ချဉ်ခြင်းတပ်နေသလိုသာပါ။
Mae Chan မယ့်ချန်လမ်းဆုံသို့အဝင် (ဓါတ်ပုံ မရငတ)
အဲဒီလို လမ်းဘေးက ပုံရိပ်တွေကိုကြည့်ရင်း တွေးရင်း ငေးမောလာရာက မယ့်ချန်လမ်းဆုံသို့ ရောက်လာပါပြီ၊ ဒီလမ်းဆုံက ဘန်ကောက် Anusawari (Victory Monument) အနုဆဝါရီကျောက်တိုင်ကနေ စတင်လာတဲ့ Thanon Phahonyothin ထနုံဖဟိုယိုသင် လမ်းမကြီး (သို့မဟုတ်) Route National RN1 အမှတ် (တစ်) လမ်းမကြီး (သို့မဟုတ်) အာရှဟိုင်းဝေး အမှတ် (နှစ်) လမ်းမကြီး AH2 နဲ့ ဆုံတွေတဲ့ နေရာပါ။ ရွှေတြိဂံက စုန်ဆင်းလာတဲ့ အမှတ် (၁၀၁၆) နဲ့လည်း ဒီမယ့်ချန်မှာ ဆုံတွေ့တာမို့ အတော်စည်ကားတဲ့နေရာပါလို့ ပြောရမှာပါ။ မယ်ဟောင်ဆောင် ချင်းမိုင် ချင်းရိုင် မယ့်ဆိုင် ရွှေတြိဂံ လမ်းတွေဆုံရာမို့ တစတစ ပို၍စည်းကားလာတာပါ။ ဒီလို လမ်းဆုံရာမှာ ခွန်ထိုင်းတို့ရဲ့ ထုံးစံအတိုင်း လမ်းဘေးမှာ အများဆုံး တွေ့ရမှာက စားသောက်ဖွယ်ရာ ဆိုင်လေးတွေပါ။ လမ်းကြားတွေထဲက မိသားစုဆိုင်ကယ်လေးတွေလည်း ရွှတ်ကနဲ ထွက် လာတတ်တဲ့ နေရာပေါ့၊ ရှေ့ဆက်ရမယ့်ခရီးရှည်ကြောင့် ဒီလမ်းဆုံမှာ မရပ်နားဖြစ်ပါဘဲ မယ့်ဆိုင်သို့ စောစောရောက်အောင် ရှေ့သို့ ဆက်လက် ချီတက်လာခဲ့ ကြပါတယ်။
ဆယ်မိနစ်မျှ မောင်းလာတာနဲ့ မြို့ပြင်ဘက် ရောက်ရှိလာပါပြီ၊ လယ်ကွင်းတချို့ တွေ့လိုက်ရပေမယ့် မူလနဂိုရွာတွေက ကားလမ်းမနဲ့ လေးငါးကီလိုမီတာကနေ လမ်းမကြီးဘေး ရောက်လာတာကြောင့် အိမ်ဆက်တွေကတော့ ပြတ်လှတယ်ရယ်လို့ သိပ်မရှိပါဘူး။
Thanon Phahonyothin ထနုံဖဟိုယိုသင် ၉၇၃ ကီလိုမီတာ (ဓါတ်ပုံ မရငတ)
အဲဒီ ကားလမ်းတွေ ဖောက်ခဲ့တုန်းက ရွာပြင်ကနေရှောင်လို့ ဖောက်ခဲ့ပေမယ့် ရွာသားတွေကလည်း ရွာနားက လယ်ကွင်းမှာ ဓါးမချထားခဲ့ပြီး မြို့လမ်းပေါ်တက် မြို့သားလုပ်လာကြတယ် ထင်ပါတယ်။ လယ်ယာစိုက်ပျိုးရေးဆိုတာကလည်း အပြောက သာ လွယ်တာပါ။ ပါရီ မြို့တော် ကုန်တိုက်ပေါ်က ဈေးမှာ တကီလို ယူရို နှစ်ဆယ်ကျော်မျှ ဈေးပေါက်တဲ့ ငရုတ်သီးစိမ်းက တကယ်စိုက်ပျိုးကြတဲ့ ဒီလိုနေရာမှာ လက်တဆုပ်စာကို ငါးဘတ် မပေးရလေတော့ မိုးထဲလေထဲ ဘယ်သူက ပင်ပန်းခံ စိုက်ပျိုးချင်ကြတော့မှာလဲ၊ သားသမီးတွေ မြို့ကျောင်းပို့ မိဘတွေကတော့ ကားလမ်းပေါ်သို့တက် အခြေချ အရောင်း အဝယ်လုပ် သက်သာရာကို ရွေးချယ်လာကြပုံပါ။ အဲဒါကြောင့် ဒီလို အမြန်လမ်းမကြီးများ ဘေးနှစ်ဘက်မှာ လူနေအိမ်ခြေ များနဲ့ စည်ကားလာခဲ့တာ ခုတော့ ရွာတန်းရှည်ကြီးများ ပမာပါ။
ဒီ မယ့်ချန်လမ်းဆုံကနေ Mae Sai Border Check Point မယ့်ဆိုင်ဘော်ဒါချက်ပွိုင့်အထိ ၃၀ ကီလို မီတာနီးပါးသာဝေးတာပါ။ လမ်းတဝက်လောက်ကတော့ သိပ်ပြီးထူးခြားတာ မရှိပဘူး။ တောင်ကြား လွင်ပြင်မှာတော့ လယ်ကွင်းတွေကို ဆက်တိုက်ဆို သလို မြင်လာရပါတယ်။
ကားလမ်းမရဲ့ ဘယ်ဘက်နဘေး သိပ်မဝေးလှတဲ့ မြင်ကွင်းထဲမှာတော့ တောင်စဉ်တောင်တန်းတခု ကို တွေ့မြင်ရပါတယ်။ ခွန်ထိုင်းတို့ရဲ့ ဟိုးရှေးရှေး ဒဏ္ဍာရီ ပုံပြင်ထဲက လွမ်းမောစရာ “Mountain of Sleeping Lady” ခေါ် Doi Nang Non (ดอยนางนอน) Doi Tung တောင်တန်းတွေကို လှမ်း၍မြင် တွေ့ရခြင်းသာ ဖြစ်မှာပါ။ မြေပုံအရတော့ အဲဒီတောင်တွေပါ။ ဒီတောင်တွေကို ကျော်ဖြတ်သွားလိုက်ရင်တော့ ရှမ်းရိုးမရဲ့ အရှေ့ဖျားဒေသက လွိုင်လတောင်တန်းများပေါ့လေ၊ တောတွေ တောင်တွေရဲ့ ပါးစပ်သမိုင်းတွေက ညအိပ်ယာဝင် ပုံပြင်တွေအဖြစ် နားထောင်လို့တော့ ကောင်းလှပေမယ့် အပြင် တကယ့် လက်တွေ့ ဘဝတွေနဲ့ကတော့ အလှမ်း ဝေးကွာ လွန်းလှပါတယ်။
BON VOYAGE အပြန်ခရီး ဖြောင့်ဖြူးပါစေ (ဓါတ်ပုံ မရငတ)
လမ်းလယ်ခေါင်မှာ ကြီးမားလှတဲ့ ကြိုဆိုပါ၏ ဆိုင်းဘုတ်ပြာကြီးတွေကို ချိတ်ဆွဲထားတာတွေ့လို့ မိမိရရ မှတ်တမ်းရိုက်ကူး လာခဲ့ရပါသေးတယ်။ ထိုင်းစာနဲ့ ရေးထားကတော့ နှုတ်ခွန်းဆက်သလိုက်ပါ၏လေလား ကြိုဆိုပါ၏လေလား သေချာနား မလည်ပေမယ့် ပြင်သစ်လိုနဲ့ ဗမာလို ထင်ထင်ရှားရှားကြီး ရေးထားတာကတော့ BON VOYAGE * ** **** အပြန်ခရီး ဖြောင့်ဖြူးပါစေ * ** * ပါတဲ့ ခင်ဗျာ။
မောင်ရင်ငတေ နားလည်ပါတဲ့ BON VOYAGE ဆိုတာက လမ်းခရီးဖြောင့်ဖြူးပါစေ သာယာပါစေလို့ အန္တရာယ်ကင်း ဆုမွန်ကောင်း တောင်းပေးလိုက်ခြင်းသာပါ။ အပြန်ခရီးမှအသွားခရီးမှရယ်လို့ သီးသီး သန့်သန့် ခွဲခြားတောင်းတယ် မထင် မိပါဘူး။ အခုကတော့ ….
အပြန်ခရီး ဖြောင့်ဖြူးပါစေတဲ့လား … မယ့်ဆိုင်ရေ၊ ကျုပ်တို့ ခရီးက အပြန်လည်း မဟုတ်ပဘူး။ ခင်ဗျားဆီကို ဦးတိုက်လာနေဆဲ ခရီးပါဗျာ၊ အပြန် မဟုတ်သလို အသွားလည်း ပြောမရပဘူး။ တခြားတစိမ်းတွေအတွက်သာ ဆိုရင်တော့ ဟုတ်တုတ် တုတ်ပေါ့ဗျာ၊ ကျုပ်တို့အတွက်တော့ အလာ အလည်ခရီးလို့သာ ပြောပါရစေတော့၊ ပြင်သစ်လို Bon Voyage ကတော့ သွားမယ့်သူတယောက်ကို ခေတ္တခွဲခွာ နှုတ်ဆက်စကားဆိုတာ ဖြစ်နိုင်သလို သွားရေးလာရေး အဆင်ပြေပါစေ ကောင်းသော ခရီးဖြစ်ပါစေ ခရီးလမ်းပန်း ဖြောင့်ဖြူးပါစေလို့သာ ယူဆပါရစေဗျာ၊ အပြန်တခုတည်းအတွက် ကွက်ကွက်လေးတော့ ဆု မတောင်းမပေး စေချင်ပါဘူး မယ့်ဆိုင်ရေ …. သူများတွေအတွက်သာ ဖြစ်ပါစေဗျာ၊ မောင်ရင်ငတေဆိုတဲ့ ကောင်အတွက် မလိုအပ်လှပဘူး။ ပြန်တော်မူချင်ကြသူများအတွက် ဆုမွန်ကောင်းတော့ ဒီနေရာမှ တောင်းလို့ပေးလိုက်ပါတယ်။ မြန်မြန် ဆန်ဆန် ပြည့်ဝကြပါစေ။
အဲဒီ ဆိုင်းဘုတ်ပြာကို ဖျတ်ကနဲတွေ့ ဖျတ်ကနဲဖတ် ဖျတ်ကနဲမှတ်တမ်းတင်ခဲ့ရင်း မောင်ရင်ငတေရဲ့ နှုတ်က မြည်မလာတဲ့ ရင်ထဲမှာ တယောက်တည်း ပြောနေတဲ့ အသံမဲ့ စကားတွေသာပါ။
မယ့်ဆိုင်-မြောက်ဖျားစွန်းကမြို့သို့ (ဓါတ်ပုံ မရငတ)
မယ့်ဆိုင်-မြောက်ဖျားစွန်းကမြို့ မြောက်ဖျားစွန်းက ဒီမြို့လေးသို့ ရောက်လာခဲ့ပြန်ပြီ ဒီတကြိမ်၊ မြောက်ဖျားစွန်းဆိုလို့ ရွှေပြည်ကြီးက ဟိုး …. မြောက်ဖျားစွန်း ကချင်ပြည်နယ်က ဆွမ်ပရာဘွမ်တို့ ပူတာအိုတို့နဲ့ ယှဉ်ရင်တော့ အဝေးကြီး လိုပါ သေးတယ်။ ထိုင်း ရွှပြည်ရဲ့ မြောက်ဖျားစွန်း မယ့်ဆိုင်ဆိုတဲ့ မြို့လေးဟာ မောင်ရင်ငတေတို့ရဲ့ ရှမ်းပြည်က တာချီလိတ်နဲ့မှ ဟိုဘက်ကမ်း ဒီဘက်ကမ်းပါ။ တာချီလိတ်ဆိုတာက ကျိုင်းတုံကနေသွားမှ ရောက်တယ်ဆိုတာ မောင်ရင်ငတေတို့ ခပ်ငယ် ငယ် ပထဝီဝင်သင်ရိုးထဲက အလွတ်ကျက် သင်ခန်းစာတခုအရ ဒီကနေ့ထိ မှတ်မိနေပါတယ်။
တချိန်တခါကတော့ ဒီအရပ် ဒီဒေသဟာ မောင်ရင်ငတေတို့ ကြီးပြင်းခဲ့ရပါတဲ့ မိုးခေါင်ရေရှား အညာအရပ်ကဆိုရင်တော့ အလွန်တရာ ဝေးခေါင်လှတဲ့ နယ်စွန်နယ်ဖျား ငှက်ဖျား ဘိန်းကဇော်ဘာညာနဲ့ လက်နက်ကိုင်တွေ ကြီးစိုးခဲ့ရာဆိုပြီး ကြေးမုံ လုပ်သား မြန်မာ့အလင်းတို့ သတင်းတွေမှာ ပါဝင်ခဲ့တဲ့ နေရာဒေသတွေပေါ့။ မောင်ရင်ငတေတို့ မဖတ်ပေမယ့် ကြားနေရတဲ့ သတင်းတွေထဲမှာပေါ့ဗျာ။
အဲဒီလို လှိမ့်လုံးညာလုံးတွေနဲ့ လက်နက်ကိုင် မှောင်ခိုသောင်းကျန်းသူတွေ မှီတင်းနေထိုင်ခဲ့ကြပါတဲ့ အမည်းရောင် အညိုရောင်နယ်မြေက ဒီကနေ့မှာတော့ ရွှေအိုရောင် တောက်ပနေတဲ့ နယ်မြေအဖြစ် လူသိများနေပါပြီ၊ ဘယ်သူတွေက ဘယ်လို အလုပ်လုပ်ခဲ့တယ်ဆိုတာ အချိန်သမိုင်းက သက်သေပြနေပါပြီ၊ ပြည်သူအတွက် ပြည်သားအတွက် ဘာညာအပြော တွေသာ ကြီးမနေကြပါနဲ့တော့ ခင်ဗျား။
ကားလမ်းက လမ်းလယ်ကျွန်းမှာစိုက်ထားတဲ့ပန်းခင်းတွေ ဓါတ်မီးတိုင်မြင့်မြင့်တွေနဲ့ လေးလမ်းသွား လမ်းမကြီးတွေ ဖြစ်သွားပါပြီ၊ ရွာတန်းရှည်ကြီးပမာ ဆိုခဲ့လေသည့်အတိုင်း မြို့ပြအရိပ်အငွေ့တွေက ကားလမ်းနဘေးမှာ တောက်လျှောက် ပျောက်မသွားပဘူး။ လမ်းခလယ်မှာ လမ်းမီးတိုင်တွေနဲ့အတူ မယ့်ဆိုင်မြို့ဝင် သင်္ကေတ ဓါတ်မီးတိုင်ထိပ်က အရုပ်ဝါဝါ တွေကိုလည်း တွေ့မြင်လာနေပါပြီ။
နယ်စပ်ဖြတ်ကျော် ဂိတ်ဝပြာသို့ (ဓါတ်ပုံ မရငတ)
အဲလိုနဲ့ မိုင်တိုင်အမှတ် (ကီလိုမီတာ) ၉၉၅ နှစ်နိုင်ငံကူး နယ်စပ်ဖြတ်ကျော်ဂိတ်ဝပြာပြာ အဆောက် အဦးရှေ့ကို အတော်ကြီး နီးသထက်နီးလို့လာပါပြီ၊ ထနုံဖဟိုယိုသင်လမ်းမကြီးနဲ့ ဦးတိုက်တွေ့ဆုံတဲ့ နယ်စပ်ဂိတ် အပြာရောင်ကြီးနားမှာတော့ လူတွေဆိုင်တွေ ကားတွေဆိုင်ကယ်တွေနဲ့ နေရာလပ်မရှိပါဘူး။ လူတိုင်းနီးပါးကတော့ ဘယ်သူ့ဘယ်သူမှ ဂရုမစိုက်နိုင် လောက်အောင် အလုပ်ရှုပ်နေဟန်ကို တွေ့မြင်နေရပါတယ်။ မယ့်ဆောက်ဂိတ်ရှေ့ရောက်လူတွေက ဒီနေရာထက် ပိုတည် ငြိမ် ပိုအေးဆေး ရှိကြတဲ့ဟန် ပိုပေါက်ကြပါတယ်။
ဒီ Mae Sai Border CheckPoint ဂိတ်မှာ ဝင်သူထွက်သူတွေ မယ့်ဆောက်ထက် ပိုမိုများပြားတယ် ထင်ရပါတယ်။ မယ့်ဆောက် ချက်ပွိုင့်နဲ့ မယ့်ဆောက်မြို့ မယ်ဆောက်ဈေးက အနည်းငယ်လှမ်းတာ ကြောင့်မို့လို့ ထင်ပါရဲ့ မယ့်ဆိုင်ချက်ပွိုင့် ရှေ့မှာလောက် မရှုပ်လှပဘူး။ ဒီမှာကတော့ တံတားကူးသူ ဈေးလာဝယ်သူ ချက်ပွိုင့်ရှေ့ အမှတ်တရ မှတ်တမ်းတင်သူတွေနဲ့ စည်ကားလှပါတယ်။
တံတားထိပ် ဒီဘက် ထိုင်းဘက်ဂိတ်ကြီးအောက်ကနေ ဟိုတဘက်ကမ်းက အပြာရောင်အောက်ခံနဲ့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဆိုတဲ့ စာလုံးတွေကိုတောင် လှမ်းမြင်လိုက်မိလို့ လူကြားသူ ကြားထဲ အမိအရ မှတ်တမ်းတင်ခဲ့ရပါသေးတယ်။
မယ့်ဆိုင်ချောင်းပေါ်က နိုင်ငံကူး တံတားကြီး (ဓါတ်ပုံ မရငတ)
မယ့်ဆိုင်နဲ့ တာချီလိတ်ကတော့ ပေနှစ်ဆယ်ခန့်လောက်သာကျယ်မယ့် ချောင်းသေးသေးလေးသာ ခြားထားတာမို့ ဟိုဘက် ကမ်းက ဈေးဆိုင်ကို ဒီဘက်ကမ်းကနေ လှမ်းဝယ်ရင်တောင်မှ ရလောက်နိုင်မယ်လို့ ထင်မိပါရဲ့၊ လှမ်းအော် ခေါ်လို့ကြား လောက်တဲ့ ချောင်းကလေးသာမို့ ကူးလာလိုသူတွေအဖို့ ကတော့ အလွယ်တကူသာပါ။ အဲသလို ဂဲတပစ်သာ ခြားပါတဲ့ မယ့်ဆိုင်နဲ့ တာချီလိတ်ဟာ နှစ်ကိုယ် တစိတ်မြို့လို့ ပြောရင် မမှားနိုင်ပဘူး။ ချောင်းအနောက်ဘက်ကမ်းသားနဲ့ အရှေ့ဘက် က ကမ်းသား တခါတလေ အခန့်မသင့် အချင်းပွားကြတာတော့ ထည့်မပြောနဲ့ပေါ့နော်၊ ဒီဘက်ဟိုဘက်ကမ်းသား အချင်း ချင်း အငြင်းပွားနေကြလို့လည်း ဒါ ငါ့ပိုက်နက် အဲဒါက မင်းရဲ့ပိုင်နက်ဆိုပြီး အုပ်စိုးလိုသူတွေ အလိုကျ နှစ်ခြမ်း နှစ်ပိုင်း ကွဲခဲ့ရတဲ့ ဒေသတွေ ကမ္ဘာအနှံ့ လက်ညှိုးထိုးမလွဲ ရှိနေမှာပါ။
Mae Sai သို့မဟုတ် Maenam Sai ခေါ် Sai River (แม่สาย-แม่น้ำสาย) မယ်ဆိုင်မြစ်က ရှမ်းပြည် တောင်တန်းတွေမှာ မြစ်ဖျားခံခဲ့ပြီး တာချီလိတ်နဲ့ မယ့်ဆိုင်မြို့နယ်ကို ပိုင်းခြားထားတဲ့ သဘာဝ နယ် ခြား မြစ်တစင်းပါ။ ထိုင်း လာအိုနဲ့ သုံးနိုင်ငံ ဆုံချက် ရွှေတြိဂံအနီး ရောက်လာတော့ Ruak River လို့ ခေါ်ဆိုကြပြီး မယ့်ခေါင်မြစ်ကြီးနဲ့ ပေါင်းစပ်စီးဆင်းသွားတာပါ။ အဲဒီ မယ်ဆိုင်မြစ်ခေါ် Ruak River နဲ့ မယ့်ခေါင်မြစ် ဆုံတွေ့ရာကို ရွှေတြိဂံရယ်လို့ သတ်မှတ် ခေါ်ဝေါ်ကြတာပါ။ မယ့်ဆိုင်မြို့နဲ့ ရွှေတြိဂံက ကီလိုမီတာ သုံးဆယ်နီးပါး ဝေးပါတယ်။ မယ့်ဆိုင်ချောင်းရိုးတလျှောက် ကွေ့ကွေ့ကောက်ကောက်နဲ့ မယ့်ခေါင် မြစ်ကြီးနဲ့ ဆုံတွေရာ တြိဂံရွှေမြေထိ စုန်ဆင်းသွားခွင့်ရဖို့ကတော့ မောင်ရင်ငတေ့ရဲ့ မဟာ့ မဟာ စိတ်ကူးယဉ်မှုကြီး တခုပေါ့ ခင်ဗျား။
တွယ်ဝေါင်းစေတီတော်သို့ (ရှုခင်းကြည့်ရှုရန်) (ဓါတ်ပုံ မရငတ)
နယ်စပ်ဂိတ်ဝမှာခဏဆင်း မှတ်တမ်းတင်ပုံရိုက် ဟိုငေးဒီငေးတချက်နှစ်ချက်ငေး ကားပေါ်ပြန်တက် ကြပြီး Wat Phra That Doi Wao တွယ်ဝေါင်းစေတီတော် (ရှုခင်းကြည့်ရှုရန်) လမ်းညွှန်ဆိုင်းဘုတ် အတိုင်း ဆက်သွားပါတယ်။ လမ်းညွှန်အတိုင်း လူတွေဆိုင်တွေနဲ့ ရှုပ်ယှက်ခတ်နေတဲ့ဈေးတန်းကြား ကားမောင်းဝင်လာပြီး တောင်ပေါ်သို့ တက်လာခဲ့ကြပါတယ်။ ဘုရား ဈေးလား ဘာဈေးလဲတော့ မသိပါဘူး။ အများစုကတော့ ထိုင်းဖြစ် တိုလီမိုလီပစ္စည်းတွေပါ။ ရွှေပြည်တော်ဖြစ် စားသောက် ကုန်တချို့ကိုလည်း ရောင်းချနေကြတာ တွေ့ရပါတယ်။ နောင်တခါလာဖြစ်ခဲ့ရင်တော့ မယ့်ဆိုင်ချောင်းဘေးမှာ ညအိပ် အဲဈေးတန်းကို မနက်စောစောထလျှောက် ဝဲတဲတဲ လေသံတွေကိုနားထောင် ရှမ်းစာစစ်စစ် တို့ဟူးပျော့တို့ တို့ဟူးနွေးတို့ကို မှာစားဦးမှလို့ စိတ်ကူး ပေါက်လာပါတယ်။
မယ့်ဆိုင်မှသည် တာချီလိတ် (ဓါတ်ပုံ မရငတ)
Doi Wao တွယ်ဝေါင်း တောင်ပေါ်သို့ ရောက်ရှိလာခဲ့ပါပြီ၊ လမ်းညွှန်ချက်အတိုင်း (ရှုခင်းကြည့်ရှုရန်) ဆိုတာက မှန်လှပါပေ တယ်။ မယ့်ဆိုင်ရောက်တိုင်း အဲဒီ စေတီတည်ရှိရာ တောင်ပေါ်ကနေ ရှမ်းရိုးမ အရှေ့ဖျားစွန်းက တောင်စဉ်တောင်တန်းတွေကို ကြည့်ရတဲ့အရသာက ဘာနဲ့မှ မတူနိုင်ပဘူး။ လှပ လှပါတဲ့ တောတောင်ရှုခင်းစိမ်းတွေနဲ့အတူ လွမ်းတတ်သူတွေအတွက် အလွမ်းတွေပိုလို့ သိပ်သည်းလာစေတဲ့ မြင်ကွင်းပုံစံတွေပါ။ ဒီအနီးတဝိုက်က တောင်တန်းတွေဟာ မနက်ခင်းဆိုရင် မြူခိုးတွေနဲ့ မှုန်မှိုင်းနေတယ်လို့ နာမည်ကြီးပါတယ်။ မြူခိုးတွေ မှုန်ချင်မှုန်နေပါလေ့စေ၊ စစ်ခိုးတွေသာ မမှုန်ပါစေ နဲ့လို့ ဆုတောင်းကြသူတွေတော့များမှာ သေချာပါတယ်။
နေပူကျဲကျဲရဲ့အောက် တောင်တန်းတွေကြားက တမြို့တည်းလို့သာထင်ရပါတဲ့ နိုင်ငံနှစ်နိုင်ငံက မြို့ နှစ်မြို့လှပပုံကို ဇိမ်ခံကြည့်ချိန်တော့ သိပ်မရခဲ့ပဘူး။ အဲလို အချိန်မရတဲ့ကြားထဲက မောင်ရင်ငတေ တို့ကတော့ အဲဒါက လဝကဂိတ် အဲဒါက မယ့်ဆိုင်ချောင်း အဲဒါက တံတားထိပ်က ဟိုဘက်ကမ်းက ဘာညာဆိုပြီ လက်ညိုး တွေ့ရာညွှန်လို့ မစားရဝခမန်း ပြောနေကြ ပေမယ့် ဟိုဘက်ကမ်းက ကူးလာကြသူတွေ ထင်ပါရဲ့ လူငယ်ချာတိတ်နဲ့ ချာတိတ်မလေးကတော့ နားကလော လာဟန်နဲ့ ခပ်ဝေးဝေး ပြေးထွက်သွားကြပါတယ်။ ဟိုဘက်ကမ်းကလာသူများနဲ့ ဟိုဘက်ကမ်းကိုလာကြည့်ကြသူ ခံစားရမှု ဖီလင်ခြင်း ကတော့ မတူနိုင်ကြဘူး မဟုတ်ပါလား။
အဲဒီအချိန် မောင်ရင်ငတေ့ အတွေးထဲမှာ တွေးနေမိတာကတော့ အမျိုးစုံပါ ….. . . . . .. …. ……..။
တာချီလိတ်မြို့ဟာ ဟိုအရင် ဆယ်စုနှစ်တွေကထက် လူဦးရေ သိသိသာသာကြီး ပိုမိုလာပါတယ်လို့ ဆိုကြပါတယ်။ တချို့တွေ အပြောကတော့ ကျိုင်းတုံထက်တောင်မှ ပိုမို စည်ကားလာနေပါတယ်တဲ့။
ဒီကနေ့ တာချီလိတ်မြို့ရဲ့ လူဦးရေမှာ ထိုင်းလူမျိုး ဘယ်နှစ်ရာလောက် ရှိနိုင်မလဲ၊ သို့တည်းမဟုတ် ရွှေပြည်တော်သားတွေရဲ့ အရေအတွက်ကရော မယ့်ဆိုင်ဘက်မှာ ဘယ်လောက်ရောက်နေပါပြီလဲ၊ ဆူပါကွေကာတို့ ရွှေပြည်နန်းတို့ အစရှိတဲ့ ကြော်ငြာ ဆိုင်းဘုတ်ကြီးတွေက ယိုင်နဲ့နဲ့ မလှမပ ပြူးတူး ပြဲတဲနဲ့ တံတားကြီးထိပ်မှာနေရာယူထားကြတာကို မြင်တွေ့လိုက်ရပါတဲ့ ကိုရွှေနိုင်ငံခြားသားတွေက ဘယ်လိုများ ဝေဖန်ကြပါသလဲ၊ ဒီလိုနယ်စပ်ဂိတ် ဖြတ်ကျော်သွားလာခွင့် တရားဝင် ခွင့်မပြုချိန်ကနဲ့ ခွင့်ပြုပြီးနောက်ပိုင်း အမြင်ကောင်းအောင် ဘာတွေများ ပြုပြင်ထားပါသလဲ၊ သဘာဝက ပေးထားတဲ့ သာယာလှပတဲ့ တောတောင်ရေမြေတွေနဲ့ ဘယ်လိုများ ဆွဲဆောင်ထားပါသလဲ…. များစွာပါ။
Wat Phra That Doi Wao Panoramic Viewpoint over Mae Sai (ဓါတ်ပုံ မရငတ)
တွယ်ဝေါင်း တောင်ပေါ်က ဘုရား အဆောက်အဦးတွေကတော့ မောင်ရင်ငတေ့ စိတ်ထဲကအတိုင်း ပြောရရင်တော့ ပုံမလာလှပဘူး။ ဗမာရှမ်း ပုံစံလည်းမကျ တရုတ်နဲ့လည်းမတူ ထိုင်းပုံစံလည်း လုံးဝ မဟုတ် မောင်ရင်ငတေ ဉာဏ်ရည်မမှီ လို့လားမသိ ဘာကို ပြောရမှန်း မသိနိုင်လောက်အောင်ပါဘဲ၊ ကင်းမြီးကောက်ကြီးကလည်း ဘယ်လို ရန်သူမျိုးငါးပါးကို ဖြိုခွင်းဖို့ စောင့်နေမှန်း မသိပါဘူး။
ဘယ်လို ဖြစ်ဖြစ်ပါ။ ဒီ မယ့်ဆိုင်-တာချီလိတ် နယ်စပ်ကတော့ ခရီးသွားတွေ အထူးသဖြင့် လူဖြူတွေအရောက်အပေါက် ဒီထက်များလာဖို့သာ ရှိပါတယ်။ ထိုင်းနိုင်ငံဆိုတာက အနောက်တိုင်းသား လူဖြူခရီးသွားတွေ ကျင်လည်ကျက်စားခဲ့တာ အခုမှ မဟုတ်ပဘူး။ အတော်ကြာခဲ့ပြီ ပြောရပါမယ်၊ ၁၉၈၀ ဝန်းကျင်ကာလ နောက်ပိုင်းမှာတော့ လူဖြူခရီးသွားတွေ တလ ကိုးသီတင်းမက နေထိုင်လည်ပတ်ခဲ့ ကြရာက ထိုင်းခရီးသွားလုပ်ငန်း ဖွင့်ဖြိုးတိုးတက်လာခဲ့တယ် ပြောရင် မမှားပါဘူး။
မယ့်ဆိုင်ချောင်းကူးပေါ်က ဆူပါကွေကာ ပြည်မြန်မာ (ဓါတ်ပုံ မရငတ)
အဲဒီလို ထိုင်းခရီးသွားလုပ်ငန်း ဖွင့်ဖြိုးတိုးတက်မှုရဲ့နောက် တာချီလိတ်အတွက် ဘာအကျိုးအမြတ် ရနိုင်မလဲ စဉ်းစားခဲ့ကြ သူတွေ ရှိမှာပါ။ ဒါပေမယ့် ရွှေပြည်နန်းတွေ ဆူပါကွေကာတွေက လူဖြူလူမျိုးတွေအတွက် ရီစရာဟာသ မဖြစ်ခဲ့ရင် ကံကောင်းလှပါပြီ၊ နိုင်ငံတနိုင်ငံ ဝင်ပေါက်ဝမှာ ဆူပါကွေကာ ဂွဒ်တယ်ကွာ ကြော်ငြာကြီးကတော့ သိပ်မြင့်နေလို့လားမသိ မောင်ရင်ငတေရဲ့ ဦးဏှောက်အဆင့်နဲ့ ခံစားကြည့်ဖို့ရာ လိုက်မမီနိုင်ပါဘူး။ တကယ့်တကယ်က မယ့်ဆိုင် တာချီလိတ်နယ်က သဘာဝရေမြေကလွဲလို့ စိတ်ဝင်စားဘွယ် သိပ်ရှိ လှတယ် ပြောမရပဘူး။ အဲဒီတော့ကာ လက်ရှိအနေအထားအရ ထိုင်းမြေဘက်အခြမ်းမှာ လမ်းပန်းဆက်သွယ်ရေး ဒေသလုံခြုံရေး ကောင်းနေပြီဖြစ်ကြတဲ့ မယ့်ဟောင်ဆောင်-ဖန်း-ပိုင်နယ်မြေတွေကို ကျော်ပြီး တာချီလိတ်မြေဘက်သို့ အရောက်လာကြဖို့ ဘယ်လိုနည်းနဲ့များဆွယ်ကြမလဲ လိုလာပါပြီ၊ ဘုရားသကြားမလို့ ရွှေပြည်ကြီးက ခပ်ယောင်ယောင်ဆရာကြီးများ မရောက်လာပါစေနဲ့ ဆုတောင်း မိရပါကြောင်း၊ မူလလက်ဟောင်း တာချီလိတ်သူ တာချီလိတ်သားတွေ အတွက်ပါ။
ထိုင်းတိုးရစ်ဗီဇာ သက်တမ်းကုန်ရင် နယ်စပ်ဘော်ဒါလာပြီး အဝင်အထွက်လုပ် သက်တမ်းတိုးကြတဲ့ အစဉ်အလာကလည်း ရှိနေတော့ လူဖြူတွေအတွက် မရောက်ဖူးတဲ့နယ်မြေ အစဉ်ပြေတဲ့နယ်မြေကို လာလေ့ရှိကြတော့ မယ့်ခေါင်မြစ်ဆုံ ရွှေတြိဂံ မြေကို လာကြရင်း မယ့်ဆိုင်ဘော်ဒါမှာ အဝင် အထွက် ဗီဇာတုံးထုဖို့က လမ်းကြောင်းလာသင့်နေပါတယ်။ တြိဂံရွှေမြေသမိုင်းနဲ့ ထင်ပေါ်ကျော်ကြားခဲ့မှုရယ် မယ့်ခေါင်မြစ်ရဲ့ ထင်ပေါ်ကျော်ကြားမှုတွေရဲ့နောက်မှာ မယ့်ဆိုင်တာချီလိတ်မှ ကျိုင်းတုံသို့ သာမက မိုင်းလား မိုင်းဖြတ် မိုင်းယောင်းတို့လို လူတွေ ခရီးသွားတွေ စိတ်ဝင်စားနိုင်တဲ့ နယ်မြေတွေ ရှမ်းရိုးမ တနံတလျှား အများကြီးအများကြီး ရှိနေပါတယ်။ မယ့်ဟောင်ဆောင်-ဖန်း-ပိုင် နယ်မြေတွေလောက် မဲပြာပုဆိုး တခါလာ အင်းလေး တခါလာ ပင်းတယတို့လောက်ကို အလွယ်တကူနောက်ကောက်ကျ သွားစေနိုင်တဲ့ သဘာဝကျကျ နေရာအလှတွေ ရှမ်းရိုးမ ပေါ်မှာ အများကြီး ရှိနေပါသေးတယ်။
မယ့်ဆိုင်မြို့နဲ့ တိုးရစ်ဇမ် (ဓါတ်ပုံ မရငတ)
ဟော်တယ် ဇုံကြီးတွေ ဖွိုက်စတားကြီးတွေ သီးသန့် လုပ်စရာ မလိုပဘူး။ ရေ မီး လမ်း အင်တာနက် ကောင်းရင် ရပါပြီ တော်ပါပြီ၊ ဒေသခံတွေလည်း လုပ်စားကိုင်စားနိုင်ခွင့်ပေးဖို့ အရေးကြီးလှပါတယ်။ ခရီးသွား အင်တာနက်စာမျက်နှာ တွေပေါ်မှာတော့ မယ့်ဆိုင်ရောက်ရင် ဘယ်သွားမလဲ တာချီလိတ် ရောက်ရင် ဘာလုပ်မလဲ ဘာရှိလဲ၊ မရောက်ဖူးသေးသူတွေ က ရောက်ဖူးခဲ့သူတွေကို မေးမြန်းကြသံ တွေက အများကြီးပါ။ တာချီလိတ်မှာ တရုတ်လုပ် အဆင့်နိမ့် မှောင်ခို ကုန်ပစ္စည်းတွေ အများအပြား ရှိတယ်။ သွားရေးလာရေး ခက်တယ်။ လူတွေကတော့ သဘောကောင်းတယ်။ ဒါပေမယ့် လိမ်ချင်တဲ့ သူတွေ ပေါတယ်။ သဘာဝက လှပပြီး ပတ်ဝန်းကျင်ကတော့ ညစ်ပတ်တယ်။ ဒါမျိုးတွေနဲ့တော့ မပြီး သေးပဘူး။ အဲ ဒါပေမယ့် ကစားသမားတွေအတွက်တော့ ကာစီနိုလေးသွား အပျင်းပြေအိုကေစိုပြေ နေပါပြီဆိုပြီး ကျေနပ်နေဖို့လည်း မသင့်ဘူးပေါ့ဗျာ။
မယ့်ဆိုင်ချောင်းနဲ့ နှစ်နိုင်ငံ (ဓါတ်ပုံ မရငတ)
နာမည်ကျော် မယ့်ခေါင်ရွှေတြိဂံသို့ ခရီးဆက်ပါတော့မယ်၊ သိပ်မဝေးလှပဘူး။ အမှတ် (၁၂၉၀) လမ်းအတိုင်း ကီလိုမီတာ သုံးဆယ် နီးနီး သွားရင် ရောက်ပါပြီ၊ တာချီလိတ် တဘက်ကမ်းက မယ့်ဆိုင် သို့မဟုတ် မြောက်ဖျားစွန်းကမြို့အကြောင်း ကျောက်ဖရား သောင်ရင်းမှသည် မယ့်ခေါင်ဆီသို့ စာစု (၈) (မယ့်ဆိုင်-မြောက်ဖျားစွန်းကမြို့) စာစုကို ဒီနေရာမှာ ရပ်နားပြီး မယ့်ခေါင်မြစ်ဆုံသို့ သွားပါတော့မယ်။
ကျေးဇူး အထူး တင်စွာဖြင့်၊
မောင်ရင်ငတေ
၁၇၁၁၂၀၁၆-၂၄၀၂၂၀၁၇