ခေတ်ပြိုင်အတွေ့အကြုံ မောင်မောင်စိုး

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၂၅)

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၂၅)

(မိုးမခ) မေ ၁၈၊ ၂၀၁၇

 

● တပ်မဟာ ၂ ရောက်ပြည်မမှ ရဲဘော်များ

၁၉၇၆ ခုနှစ် သြဂုတ်လ ၁၅ ရက်မတိုင်မှီ မိမိတိုတပ်ဖွဲ့ တပ်မဟာ ၂ ဌာနချုပ်သို့ ပြန်လည်ပူးပေါင်းခဲ့ပါသည်။ ထိုအချိန်တွင် တပ်မဟာ ၂ မှာ ဆိုက်ခေါင်သို့ ပြန်လည်အခြေပြုနေပြီဖြစ်သည်။ ၁၉၃၉ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် စတင်ထူ ထောင်ခဲ့သည့် ဗမာပြည်ကွန်မြူနစ်ပါတီ ၃၇ နှစ်မြောက်မြောက်ပွဲကို တပ်မဟာ ၂ ရှေ့တန်းတွင် ကျင်းပသည်ကို ပါဝင်ဆင်နွှဲခွင့်ကြုံခဲ့ရပါတော့သည်။

ဤသို့တပ်ဖွဲ့များ ပြန်လည်စုစည်းတော့မှပင် တပ်မဟာ ၂ ရောက် ဗမာရဲဘော်များနှင့် ကောင်းစွာမိတ်ဆက်ခွင့်ရပါတော့သည်။ တပ်မဟာ ၂ တွင် အများဆုံးရောက်နေသည်က ဗန်းမော်မှရဲဘော်များဖြစ်သည်။ အထူးတပ်ရင်းတွင် ရဲဘော်မောင်မောင် ရဲဘော်ကျော်ခိုင် ရဲဘော်မိုးဇော် ရဲဘော်ကျော်လွင် အမြောက်တပ်ခွဲတွင်ရဲဘော်ရန်မျိုးအောင် ရဲဘော်ဇော်ဇော် တပ်မဟာ ရုံးတွင် ရဲဘော်မင်းအိမ် ဖေါက်ခွဲရေးတပ်စုတွင် ရဲဘော်အိုက်အေး ကင်းတပ်တွင် ရဲဘော်သိန်းဆွေ ရဲဘော်စန်းမောင် တပ်ရင်း ၃ တွင် ရဲဘော်စိုးအောင် ရဲဘော် ဝင်းလတ် ရဲဘော်ဇော်ထွန်း ရဲဘော်ရန်နိုင် ရဲဘော်ဝင်းနိုင် ရဲဘော်ကျော်လှမိုး တပ်ရင်း ၁ တွင် ရဲဘော်မြင့်အောင် ရဲဘော်ရဲမောင် အားလုံး ၁၈ ယောက်ရှိပြီး ရဲဘော်ပန်းအောင်နှင့် ရဲဘော်ဉာဏ်ထွန်းကတော့ ကျဆုံးသွားခဲ့သည်။

ဗန်းမော်မှလာသောရဲဘော်များထဲမှ အမျိုးသမီးရဲဘော်များထဲမှ ခမ်းဝါ၊ မိုးမိုး၊ စိုးစိုး၊ ဆွေဆွေနှင့် ခွမ်းလိန်တို့ ၅ ဦးမှာ နောက်တန်း မုန်းကိုး နိုင်ငံရေးဌာနတွင်ရှိနေကြသည်ဟု သိရသည်။ ထို့ပြင် ရဲဘော်သန်းလွင် ရဲဘော်ပြုံးချို ရဲဘော်စောလာ ကပေါ်တို့ကတော့ ဝ နယ်ပန်ဆန်းဘက်သို့ တာဝန်ပေးခံရကြောင်း သိရသည်။ မုန်ကိုးရှိ ပါတီဗဟို၏ ကွပ်ကဲမှုအောက်တွင် ရှိသည့် ဘာသာပြန်နှင့် ပုံနှိပ်ဌာနတွင်လည်း ကိုအောင်ပန်းနှင့် ကိုအိုက်ထွန်းဆိုသည့် ဗန်းမော်မှရဲဘော်နှစ်ဦးတာဝန်ကျနေသည်ဟုသိရသည်။ ထို ဗန်းမော်မှရဲဘော်မှ ရဲဘော်များမှ ၁၉၇၅ အောက်တိုဘာ နိုဝင်ဘာလများအတွင်း အခြေခံဒေသသို့ ရောက်ရှိလာခဲ့ကြပြီး ဗန်းမော်မှ ဦးဆောင်စည်းရုံးကြသူ ဦးလှရွှေတို့ အဖမ်းခံရပြီး ထပ်မံရောက်ရှိ မလာတော့ဟု ဆိုနိုင်သော် လည်း လက်ကျန် တယောက်စနှစ်ယောက်စတော့ ရောက်လာခဲ့သေးသည်။ ထိုစဉ်ကရောက်လာသူ ဗန်းမော်မှရဲဘော် ၃၀ ခန့်ရှိပေသည်။

ဗန်းမော်မှလာသော ရဲဘော်များထဲမှ ရဲဘော်မင်းအိမ်က မန္တလေးဆေးတက္ကသိုလ်ရောက်ပြီးမှ မိဘ FRC နိုင်ငံခြားသားမှတ်ပုံတင်ကိုင်ဆောင်၍ ဆေးကျောင်းတက်ခွင့် ပယ်ဖျက်ခံရပြီး မော်လမြိုင်ကောလိပ်တွင် အဏ္ဏဝါဗေဒအဓိကဖြင့် ကျောင်း တက်နေစဉ် အခြေထံဒေသရောက်လာသူဖြစ်သည်။ စောလာကပေါ်သည်လည်း မန္တလေးတက္ကသိုလ်မှကျောင်းသား တဦး ဖြစ်ကာ သူ၏ဖခင်မှာ အစိုးရတပ်မတော် Burma Army ဗမာ့တပ်မတော်စဖွဲ့စဉ်က ထောက်လှမ်းရေး၌ အစောဆုံးတာ ဝန်ယူခဲ့သူ ကရင်လူမျိုးဖြစ်သည်။ အလားတူပင် ကိုပြုံးချိုသည်လည်း မန်းတက္ကသိုလ်ကျောင်းသားတဦးဖြစ်သည်။ ကျန်သူ များကတော့ အထက်တန်းဆင့်ကျောင်းတက်ခဲ့ပြီးသူများရော ကျောင်းတက်နေဆဲသူများရော အလုပ်ထွက်လုပ်နေကြသူများ ရောပါဝင်သည်။ အများစုမှာ ရှမ်းဗမာများ ရှမ်းနီများဟု ဆိုနိုင်သည်။ မွတ်စလင်ဘာသာဝင် ၆ ဦးခန့်လည်း ပါဝင်ပါသည်။ ပညာတတ်အများစု မဟုတ်ကြသော်လည်း လက်တွေ့ လူမှုဘဝအတွေ့အကြုံ ရှိကြသည်။

ထို့ပြင် မိမိအစီအစဉ်ဖြင့် မန္တလေးမှ ရောက်လာကြသော ရဲဘော် ၄ ဦးလည်း အမြောက်တပ်ခွဲ ၌ ရှိကြသည်။ ထိုသူတို့အနက် ရဲဘော်မောင်နိုင်နှင့် ရဲဘော်တိုက်မောင်ကတတွဲဖြစ်သည်။ မန္တလေးမှ ရဲဘော်မောင်နိုင်သည် ကိုကြီးမြင့်နှင့် ညီအကိုဝမ်းကွဲ တော်စပ်ပြီး မန္တလေးတက္ကသိုလ်တွင် မဟာတန်းတက်နေသူဖြစ်သည်။ ရဲဘော်တိုက်မောင်ကတော့ ဆေးတက္ကသိုလ် ၁ မှ ကျောင်းသားဖြစ်ပြီး ကိုကြီးမြင့်၏ညီအရင်းဖြစ်သည်။ သူတို့နှင့် အတူလာသူ နောက်နှစ်ဦးဖြစ်သည့် ရဲဘော်ချစ်သန်းမှာ အမြောက်တပ်ခွဲမှ နောက်တန်း မုန်းကိုးနိုင်ငံရေးဌာနသို့ ပြောင်းရွှေ့တာဝန်ပေးခံထားရပြီး ရဲဘော်ဖေသက်ကတော့ ဝ နယ် ပန်ဆန်းသို့ စေလွှတ်ခံထားရသည်ဟု သိရသည်။ လောလောဆယ် သူတို့ထဲမှ ကိုမောင်နိုင်နှင့် တိုက်မောင် ၂ ဦးသာ အ မြောက်တပ်ခွဲ၌ရှိသည်။

သူတို့ ၄ ဦးကား ၁၉၇၅ သြဂုတ်လထဲတွင် မိမိဘာသာတက်ကြွစွာဖြင့် အရှေ့မြောက်သို့ ရောက်ရှိလာကြသူများဖြစ်သည်။ တကယ်တော့ သူတို့ သည်လမ်းအခြေအနေသိပ်မသိ ရမ်းတိုးလာခဲ့သည်ဟု ဆိုနိုင်သည်။ သူတို့ မူစယ်ရောက်တော့ အစိုးရ စစ်တပ်က ချက်ခြင်းသတိထားမိပြီး နောက်တနေ့ပြန်ကြရန် စီစဉ်ထားသည်။ တည်းခိုခန်းမှ ခဏလမ်းလျှောက်ထွက် မည် ဆိုပြီး ထွက်လာလာပြီး မူစယ်နှင့် ကျယ်ဂေါင်ကြား နယ်ခြားမှတ်တိုင်တွေ့တော့ တရုတ်ပြည်ထဲ ဝင်ပြေးလာခဲ့သူများဖြစ် သည်။ တည်းခိုခန်းက အိတ်များကိုပြန်မယူနိုင်ဘဲ ပစ်ထားခဲ့ကြသည်။ ထိုစဉ်က ကျယ်ဂေါင်ဆိုသည်မှာ လယ်ကွင်းပြင်ဖြစ် လေရာ လယ်ကွင်းထဲရှိ ရှမ်းလယ်သမားတဦးအား သွားစကားပြောသော်လည်း မပေါက်သဖြင့် ကျနော်တို့ ဗမာပြည်ကွန်မြူ နစ်ပါတီနှင့် ဆက်သွယ်ချင်သည်ဆိုသည်ကို စာရွက်ပေါ်တွင် အင်္ဂလိပ်ဘာသာဖြင့် ရေးပေးလိုက်ကြသည်။ နောက်တော့ ကျယ်ဂေါင်မှ ရှမ်းပြည်သူ့စစ်များက သူတို့အား ရွှေလီရှိ နိုင်ငံခြားဆက်ဆံရေးသို့ပို့ပေးရာ ထိုမှတဆင့် မန်ရှိုးအခြေခံဒေသသို့ ရောက်ခဲ့ကြခြင်းဖြစ်သည်။ ထိုစဉ်က တရုတ်ပေါ်လစီကြောင့် CPB သို့ရောက်ခဲ့ခြင်းဖြစ်သည်။ ယခုဆိုလျင်တော့ ရွေလီရဲက ဖမ်းပြီး မူစယ်ရဲသို့ အပ်ပေလိမ့်မည်။ မည်သို့ဆိုစေ ဖြစ်ချင်တာဖြစ်ဆိုပြီး မြွေမကြောက် ကင်းမကြောက် တဇွတ်ထိုးလုပ်ခဲ့ပြီး CPB သို့ရောက်ခဲ့ကြသည်ဟု ဆိုရမည်။

နောက်ထပ် အမြောက်တပ်ခွဲတွင်ရှိသည့် ဗမာရဲဘော်နှစ်ယောက်မှာ မန္တလေးတက္ကသိုလ်ကျောင်းသားများဖြစ်ကြသည့် ရဲဘော်ကြည်မင်းနှင့် ရဲဘော်ထိန်လင်းတို့ဖြစ်ကြသည်။ သူတို့သည်လည်း မိမိတက်ကြွမှု မိမိစိတ်ကူးစိတ်သန်းတို့ဖြင့် အရှေ့ မြောက်စစ်ဒေသသို့ ကိုယ့်ဘာသာ လမ်းကြောင်းရှာဖွေရင်း ရောက်ရှိလာကြသူများဖြစ်သည်။

တပ်မဟာ ၂ ဖေါက်ခွဲရေးတပ်စုတွင်ရှိသည့် ရဲဘော်ရဲအောင်နှင့် ရဲဘော်နောင်လတ်တို့ကတော့ ပျော်ဘွယ်ဘက်က ဖြစ်ပုံရ သည်။ CPB အရန် ဗဟိုကော်မတီဝင် ရဲဘော်မောင်မောင်စိန်၏ဇနီးနှင့်သားသမီးများ အရှေ့မြောက်လိုက်လာစဉ် အတူတကွ လိုက်ပါလာကြသည်ဟု သိရသည်။ ပွိုင့် ၅ ခေါ် ဂေါက်ကြီးတပ်စုတွင်လည်း နောက်ထပ် ရဲဘော်ရဲအောင်တယောက်ရှိ သည်။ သူကတော့ မန္တလေးပုလင်းဝင်းကဖြစ်သည်။ ကိုသက်ခိုင် (ယူဂျီ) ၏ အဆက်အနွယ်ဖြစ်သည်။ နာမည်ရင်းက ကိုသိန်းဝင်းဖြစ်သည်။ တပ်မဟာ ၂ တွင်တော့ သူအား ဂေါက်ကြီးရဲအောင်ဟု သိကြပါသည်။

ထို့ပြင် မူစယ်မှ ကြူကုတ်ဘက်သို့ ကျူလယာပစ္စည်းလာရောင်းသူ ကုလားလေးတဦးဖြစ်သည် ကိုအောင်မင်းဆိုသူသည် လည်း CPB တပ်ဖွဲ့တွင်းဝင်ရောက်ခဲ့သဖြင့် ရင်း ၁ ရောက်ရှိနေသည်ဟု သိရသည်။ ထို့ပြင် မဆလ စစ်တပ်မှဖမ်းမိ သုံ့ပန်း အဖြစ်မှ ကူးပြောင်းလာသူ ၃ ဦးရှိသေးသည်။ ရဲဘော်နွေဦးနှင့် ရဲဘော်နှင်းဝေကတော့ ရင်း ၃ တွင်ရှိပြီး ရဲဘော် ကောင်း ရှိန်ကတော့ တပ်မဟာ ၂ ဌာနချုပ်ရုံးတွင် ရှိသည်။ ရဲဘော်နွေဦးကတော့ ၁၉၇၇ ခုနှစ် ဧပြီလ မိုးမိတ်မြို့သိမ်း တိုက်ပွဲတွင် ကျဆုံးသွားခဲ့သည်။ ရဲဘော်ကောင်းရှိန်ကတော့ စစ်မြေပြင် အနည်းဆုံး သုံးကြိမ်မှ လေးကြိမ်အထိ သုံ့ပန်း ဖမ်မိပြီးမှ CPB တပ်သို့ ကူးပြောင်းလာသည့် ရခိုင်အမျိုးသားတယောက်ဖြစ်သည်။ စစ်သုံ့ပန်း ကူးပြောင်းဆိုပေမင့် မိမိတို့အားပင် အနုပဋိ လောမနှင့် ဥက္ကဌ သခင်သန်းထွန်းမိန့်ခွန်းတို့အား ဟောပြောသည်အထိ လူရည်လည်သူလည်း ဖြစ်သည်။

ဆိုက်ခေါင်ရွာ၌ ပါတီနေ့ကျင်းပရန် ပြင်ဆင်နေချိန်မှာမှ ထိုရဲဘော်များ တွေ့ဆုံရင်းနှီးခွင့်ရတော့သည်။ တပ်မဟာ ၂ ရောက် ကတည်းက စစ်ရေးလှုပ်ရှားမှုအားလုံး လှုပ်ရှားနေခဲ့ကြရာ ယခုမှပင် လူစုံလက်စုံ တွေ့ခွင့်ရသည်ဟု ဆိုရမည်။ သို့သော် ရင်း ၁ နှင့် ရင်း ၃ က အခြားရွာများတွင် တပ်စွဲ၍ ခဏတဖြုတ်သာ တွေ့ခွင့်ရသည်။ တပ်မဟာဌာနချုပ် အထူးတပ်ရင်းနှင့် အမြောက်တပ်ခွဲကတော့ ဆိုက်ခေါင်တွင်သာ စုစည်းတပ်စွဲထား၍ ရဲဘော်များ တရုန်းရုန်းနှင့် ပါတီနေ့အတွက် ပြင်ဆင်ကြ သည်။ ထိုစဉ်ကာလက တပ်မဟာ ၂ တွင် မိမိတို့ ၃ ဦးအပါ ဗမာရဲဘော် ၃၀ ကျော်ရောက်ရှိနေပေရာ အတော်လေးများသည့် ပမာဏဟုဆိုနိုင်သည်။

တကယ်တော့ ထိုရဲဘော်များသည် မိမိကိုယ်စီဆုံးဖြတ်ချက်ဖြင့် ရောက်လာကြသည်ဆိုသော်လည်း CPB မြေအောက်စည်း ရုံးရေးလှုပ်ရှားမှု အဖွဲ့အစည်းဝင်များမဟုတ်ကြချေ။ မိမိယုံကြည်မှုဖြင့် ကွန်မြူနစ်ပါတီနှင့် အရှေ့မြောက်ဒေသသို့ ရောက်ရှိ လာကြခြင်းဖြစ်သည်။ မိမိတို့သည်ပင် မန္တလေး မြေအောက်နှင့် ချိတ်ဆက်၍ အရှေ့မြောက်သို့ ရောက်လာသည်ဆို သော် လည်း မူလက CPB မြေအောက်အဖွဲ့အစည်းဝင်မဟုတ်ပေ။ ပြေးရင်း လွှားရင်းနှင့် ချိတ်ဆက်မိ၍ အရှေ့မြောက်သို့ ပို့ပေး ခဲ့ခြင်းဖြစ်သည်။

တပ်မဟာ ၂ ရောက် မိမိတို့အားလုံးသည် ၁၉၇၄/၇၅ မြေပေါ် သပိတ်တိုက်ပွဲများ လှုပ်ရှားမှု အရှိန်အဝါများအောက်တွင် မဆလအစိုးရကို လက်နက်စွဲကိုင်တော်လှန်မည်ဆိုသည့် ယုံကြည်ချက်အရလည်းကောင်း၊ မတ်ဝါဒ မော်စီတုန်း အတွေး အခေါ်လမ်းညွှန်မှုဆိုသည့် အယူဝါဒဆိုင်ရာ ယုံကြည်မှုအရလည်းကောင်း၊ ထိုယုံကြည်မှုများကို အကောင်အထည်ဖေါ် နိုင်မည်မှာ လက်ရှိအရှေ့မြောက်ဒေသတွင် မဆလအစိုးရအား တိုက်ပွဲကြီးငယ်များဖြင့် တိုက်ခိုက်နေသော ဗမာပြည် ကွန်မြူနစ်ပါတီနှင့် ပြည်သူတပ်မတော်သာရှိသည်ဆိုသည့် ယုံကြည်မှုအရလည်းကောင်း ရောက်ရှိနေကြခြင်းဖြစ်သည်။

အသက်အရွယ်အားဖြင့်လည်း ငယ်ရွယ်သူများဖြစ်ကြသည်။ အများစုမှာ အသက် ၂၀ ပတ်ဝန်းကျင်ခန့်သာရှိပြီး အကြီးဆုံးမှာ ၂၄ နှစ်ပတ်ဝန်းကျင်မျှ သာရှိကြပေသေးသည်။ ငယ်ရွယ်သူများပီပီ တက်ကြွသည်။ သွက်လက်သည်။ ရှေ့ဆုံးမှ အပင်ပန်းခံ အဆင်းရဲခံကာ အသက်သေသေ ဆောင်ရွက်ကြရန် စိတ်ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာချထားသည့် အချိန်ကာလများလည်း ဖြစ်သည်။ သို့သော် ငယ်ရွယ်သူများပီပီ အတွေ့အကြုံနည်းပါးပြီး မှားယွင်းချွတ်ချော်မှုတချို့လည်း ရှိခဲ့ကြပါသည်။

မိမိတို့အားလုံးအတွက် ကိုယ်ကျိုးစီးပွား ဘာမှမရှိပါ။ CPB အရှေ့မြောက်အခြေခံဒေသသို့ ရောက်သည်ဆိုသော်လည်း မိမိတို့လူသစ်များက ချက်ခြင်း ကွန်မြူနစ်ပါတီဝင်များဖြစ်ကြသည်လည်းမဟုတ်ပါ။ မိမိတို့အားလုံးသည် CPB ခေါင်းဆောင်မှု အောက်ရှိ ပြည်သူတပ်မတော်၏ တပ်သားများဖြစ်ကြသေးပါသည်။

ထိုတပ်သားများအတွက် လစာမရှိပါ။ တပ်သားသစ်များအတွက် ယူနီဖေါင်းနှစ်စုံထုတ်ပေးသည်။ ရှေ့တန်းက လှု ပ်ရှားနေရ သည့် ရဲဘော်များကတော့ ၆ လတကြိမ် တစုံထပ်ထုတ်ပေးပြီး နောက်တန်းဌာနများကတော့ တနှစ်ကြာမှ နောက်တစုံ ထုတ်ပေးပါသည်။ ရိက္ခာအဖြစ် နောက်တန်းတပ်အတွက် တလလျှင် ဆန် ၇ ပြည် ရှေ့တန်းတပ်များအတွက် ဆန် ၈ ပြည် နှုန်း ထုတ်ပေးပါသည်။ ဟင်းဖိုးအဖြစ် ရဲဘော်တဦးလျှင် တလ ၃၀ ကျပ်ထုတ်ပေးသည်။ ထိုငွေက ရဲဘော်တဦးချင်း ကိုင် ခွင့်မရှိပါ။ တပ်စိတ်တွင် ဒုတပ်စိတ်မှူးက ကိုင်တွယ်တာဝန်ယူသည်။ တပ်ခွဲ တပ်ရင်း တပ်မဟာနှင့် ဌာနများတွင် ရိက္ခာမှူးက တာဝန်ယူသည်။ ရဲဘော်တဦးချင်းစီအတွက် ရသည့် အသေးသုံး ငွေက တလ ၁၀ ကျပ်သာဖြစ်သည်။

ထိုစဉ်က တပ်စိတ်ရိက္ခာငွေ မရှိမဖြစ်ဝယ်ဆောင်ထားရသည်မှာ ဆားနှင့် အချိုမှုန့် ဖြစ်သည်။ ဆီပင် မရှိမဖြစ်မဟုတ်ခဲ့ပေ။ ငါးရက်တဈေးတွင် ဆီနှင့် အသားဝယ်၍ ငါးရက်တကြိမ် အူစိုပါသည်။ ကျန်သည့်ရက်များကတော့ ဟင်းရွက်ရေလုံပြုတ် သာဖြစ်သည်။ ဟင်းချက်သည်က အတော်လွယ်ပါသည်။ ဟင်းအိုးထဲရေထည့် ရေဆူလာလျင် အသီးအရွက်တမျိုးမျိုး ထည့်ဆားထည့် အချို မှုန့်ထည့် ငရုတ်သီးရှိလျှင် ငရုပ်သီးထည့်၍ ကျက်လျင်စား၍ရပေပြီ။ ဦးဖိုးကျားဆိုသကဲ့သို့ ဟင်းချို ဆိုတာ ပူရင်ချိုတာဘဲဟုသာ မှတ်ရပေတော့သည်။ မိမိကတော့ ငရုတ်သီးစိမ်းရှာ၍ ဆားတို့ကာ စားရသည်။ ငရုတ်သီး၏ ပူစပ်ပူစပ် အရသာနှင့်အတူ ထမင်းရောဟင်းပါ ဝင်၍သွားပေတော့သည်။ ထို့ကြောင့်လည်း ဈေးနေ့ကို မိမိတို့ မျှော် တတ်ကြ သည်။ ဘာဘဲဖြစ်ဖြစ် ဈေးနေ့ရောက်လျှင် ဆီလေးပြားလေး အသားလေးနှင့်ဆိုတော့ အူစိုပါသည်။

ရဲဘော်တိုင်း ကိုင်၍သုံးခွင့်ရသည် ပိုက်ဆံ ၁၀ ကျပ်အား ဦးစားပေးသုံးစွဲရသည်က ဆပ်ပြာနှင့် သွားတိုက်ဆေးဖြစ်သည်။ အဝတ်လည်းလျော် ကိုယ်တိုက်လည်းသုံးဖို့ ဆပ်ပြာခပ်ကြမ်းကြမ်းတတုံး ဝယ်ရသည်။ ပြီးလျှင် ဈေးပေါပေါသွားတိုက်ဆေးတဗူးဝယ်ရသည်။ မိမိတို့လို ဆေးလိပ်မသောက်သူများကတော့ အနည်းငယ်ပိုကောင်းသည့် ဆပ်ပြာနှင့်သွားတိုက်ဆေး ဝယ်နိုင်ကြသည်။ မိမိတို့ကတော့ ဆပ်ပြာနှင့်သွားတိုက်ဆေးပြီးလျှင် ဆေးမှုန့်ဝယ်ရသည်။ မိမိတို့ရသည့်ပိုက်ဆံနှင့် စီး ကရက်မသောက်နိုင် ဆေးပေါ့လိပ် မသောက်နိုင်ပေ။

ဆေးမှုန့်ဟုခေါ်ကြသော်လည်း မှုန့်နေသည်တော့မဟုတ်ပါ။ ဆေးရွက်ကြီးအား ပါးပါးလေး လှီးထားခြင်းဖြစ်သည်။ ၎င်းအား နမ့်ခမ်းဆေးဟုလည်း ခေါ်ကြသည်။ ဆေးကောင်းလျှင် ရွှေရောင်တောက်နေသည်။ ထိုဆေးများ ခြောက်ကပ်မသွားအောင် ပလပ်စတစ်အိတ်ဖြင့် လုံလုံထုတ်ထားရသည်။ ၎င်းဆေးအား ၂ လက်မ ၁ လက်မ ပတ်လည်ရှိ စက္ကူဖြူ အရွက်သေးများဖြင့် လိပ်သောက်ရသည်။ ပွတ်ချွန်းသောက်သည်ဟု ခေါ်ကြသည်။

သို့သော် တလ ၁၀ ကျပ်ဖြင့် နမ့်ခမ်းဆေးပင် နပ်မမှန်ပါချေ။ ထို့ကြောင့်လည်း ထိုကာလက တပ်မဟာ ၂ တွင် တရုတ် ဘာသာဖြင့် “စမ်းပုတိုက်” ဟူသောစကား ခေတ်စားသည်။ ဗမာလို “၃ ခု မဆောင်ထားသူ” ဟု အဓိပ္ပါယ်ရသည်။ ပထမ ဆေးမှုန့် တလိပ်စာတောင်းသည်။ ပြီးလျင် စက္ကူလေးတရွက်လောက်ဟု ထပ်တောင်းသည်။ ပွတ်ချွန်းလိပ်လျှင် မီးခြစ်လေး ခဏလောက်ဟု ၃ ခုဆက်တိုက်တောင်း၍ ဆေးလိပ်တောင်းသောက်ကြသူများကို သရော်ကြခြင်းဖြစ်သည်။ မိမိလည်း လကုန်ရက်ဆိုလျင် “စမ်းပုတိုက်” ဖြစ်တော့သည်။ မိမိထက် ချွေတာတတ်သူကို လိုက်ရှာရတော့သည်။

ထိုကာလက ရဲဘော်တိုင်းလိုလို ထူးမခြားနား သူလိုကိုယ်လိုဖြစ်ကြသည်ဖြစ်ရာ ထိုဘဝ၌ မိမိတို့ နှစ်သက်လိုလားပျော်ပါးစွာ ဖြတ်သန်းခဲ့ကြပါသည်။

ဆက်လက်ဖေါ်ပြပါမည်။

မောင်မောင်စိုး (Mg Mg Soe)

ဓာတ်ပုံ ကာလ- ၁၉၇၅/၇၆ ခန့်။ နေရာ-မုန်းပေါ်ကြီး (စီစီဝမ် တာပန်အနီး)

နောက်တန်း ဝဲ မှ ယာ ။ ရဲဘော်စိုးအောင် (ယခု ရွှေလီ)၊ ရဲဘော်စန်းမောင် (ကွယ်လွန်)၊ ရဲဘော်ချစ်သန်း (ယခု မန္တလေး)၊ ရဲဘော်ကြည်မင်း (ကွယ်လွန်)၊ ရဲဘော်ဝေမိုး (ကွယ်လွန်)၊ ရဲဘော်စစ်နောင် (ကျဆုံး)၊ ရဲဘော်ရဲအောင် (ယခုမန္တလေး)၊ ရဲဘော်ထိန်လင်း (ယခုမိုးကုတ်)၊

ရှေ့တန်း ဝဲ မှ ယာ ။ ရဲဘော်အိုက်အေး (ယခုမြစ်ကြီးနား)၊ ရဲဘော်တင်အောင် (ယခု ရန်ကုန်)၊ ရဲဘော်ကျော်ထွန်း ( ကွယ် လွန်ယူဆရ) ၊ ရဲဘော်ဇော်ထွန်း (ယခု မုန်းပေါ်ကြီး)၊ ရဲဘော်ကျော်လှမိုး (ယခု မုန်းကိုးဒေသဟု ယူဆရ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts