ကဗျာ

လင်းသက်ငြိမ် ● ကမ္ဘာကြီးနဲ့ ကဗျာ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

 လင်းသက်ငြိမ် ● ကမ္ဘာကြီးနဲ့ ကဗျာ
(မိုးမခ) မေ ၁၇၊ ၂၀၁၇

ကဗျာဆီရောက်အောင်မသွားနိုင်ခဲ့တဲ့နေ့တွေ
ကဗျာကိုရအောင်မခေါ်နိုင်တဲ့နေ့တွေ
ကဗျာကကဗျာရှိရာမှာ အမြဲပျော်နိုင်ပါ့မလား
ကဗျာနဲ့ကဗျာကအမြဲတမ်း သင့်မြတ်နိုင်ပါ့မလား
ထပ်ခိုးပေါ်တက်အိပ်နေတဲ့ကဗျာ
မြေကြီးပေါ်လဲလျောင်းနေတဲ့ကဗျာ
အနံ့အရသာ နည်းနည်းနဲ့ကဗျာ
အရောင်အဆင်း ဝင်းလက်နေတဲ့ကဗျာ
ရှိပြီးသားကဗျာရဲ့ အရပ်အမောင်းနဲ့
ရောက်မလာသေးတဲ့ ကဗျာရဲ့အသားအရောင်
ကွဲပြားမလား ခွဲခြားမလား
အက္ခရာနှစ်လုံးမှာ ရွာလည်တဲ့အခါလည်
သော့ပျောက်သွားတော့ တံခါးကသာငြိမ်နေတယ်
စိတ်တွေက မငြိမ်တော့ဘူး
နေရောင်ခြည်အောက်က ကဗျာနဲ့
လေအေးစက်တပ်ထားတဲ့အခန်းထဲကကဗျာ
ကိုယ်အလေးချိန်အရွယ်အစား ကွာမကွာ ခွာ မခွာ
မြွေမှန်ရင် တွင်းဝင်ဖြောင့်ဖြောင့်ကဗျာ
ပစ်မှတ်ဆီက သွေဖယ်သွားတဲ့ကဗျာ
စာသားတွေကို တဆင့်ခြင်းတပ်ဆင်ပြီး
တခုချင်းပြန်ဖြုတ်ချ…
စာရွတ်တွေငြိမ်သက်သွားတဲ့ ကဗျာ
ဟောင်းနွမ်းဆွေးမြေ့မသွားတဲ့ကဗျာ
အကောင်းစားကဗျာနဲ့ အညံ့စားကဗျာ
လှပသောကဗျာနဲ့ အကျည်းတန်သောကဗျာ
အထက်ပါအကြောင်းအရာတွေရဲ့ အဆုံးသတ်မှာ
ချမ်းသာတဲ့ကဗျာနဲ့ဆင်းရဲတဲ့ကဗျာ
ရှိမရှိမေးခွန်းထုတ်ရန် လိုအပ် မလိုအပ်
ဝါးလုံးနဲ့ချည်တုပ်ရန် မတတ်နိုင်တဲ့အတွက်
နှီးတွေကိုတီထွင်ခဲ့ကြတယ်
တီဗွီထဲကရဟတ်ယာဉ် တီဗွီထဲဆင်းသက်နေပုံကို ဆံပင်တွေလေမလွင့်ပဲ
အသံတွေ ဆူဆူညံညံမကြားရပဲ
လူတွေငေးနေကြ
မနေ့ညက ဗင်းနစ်မြို့ကို ဂျိမ်းစ်ဘွန်းနဲ့အတူရောက်ခဲ့
စာတမ်းတွေထိုးတဲ့အချိန်မှာ ပြန်ထွက်လာခဲ့
ညလုံးပေါက်လက်ဖက်ရည်ဆိုင်ထဲ
နောက်ထပ်ဇာတ်ကားတွေ ထပ်ပြသနေလိမ့်မယ်
ကမ္ဘာကြီးထဲ လူတွေပျောက်သွား
ကမ္ဘာကြီးထဲ လူတွေထပ်ရောက်လာ
ကဗျာကြီးလည်း အဲ့ဒီအတိုင်း
အစဉ်အဆက်ဆက်လက်ရွေ့လျား ။

လင်းသက်ငြိမ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts