အမေ
အောင်မော်ဦး
(မိုးမခ) မေ ၁၅၊ ၂၀၁၇
 အမေ့အတွက် 
ကဗျာတပုဒ်ဖွဲ့ဖို့ ကြိုးစားတိုင်း 
“အမေ”ဆိုတဲ့စကားလုံးကနေ 
ရှေ့ဆက်လို့ မရခဲ့ဖူးဘူး အမေ။ 
အကြိမ်ကြိမ်ကြိုးစားတိုင်း 
အခါခါ လဲခဲ့ရပေမယ့် 
“အမေ”ဆိုတာကိုယ်၌က 
ကဗျာတပုဒ်ဖြစ်နေနှင့်ခဲ့တယ်ဆိုတာ
ကျနော် သိခွင့်ရခဲ့ပါပြီ အမေ။ 
လူအမျိုးမျိုး 
ဘဝအထွေထွေ ဆိုသလိုပါပဲ 
တချို့ လွမ်းရေးထက် ဝမ်းရေးခက်ကြ 
တချို့ ဝမ်းရေးထက် လွမ်းရေးခက်ရနဲ့
ခေတ်ကြောင့်ပဲဖြစ်ဖြစ် 
စနစ်ကြောင့်ပဲဖြစ်ဖြစ် 
အားလုံးဟာ ကံတူအကျိုးပေး 
အမေနဲ့ဝေးခဲ့ကြရသူတွေချည်းပါပဲ။ 
ဟောဟိုမှာ 
သားပျောက်ရှာနေတဲ့ အမေတွေနဲ့ 
အမေပျောက်ရှာနေတဲ့ သားတွေ 
သမီးပျောက်ရှာနေတဲ့ အမေတွေနဲ့ 
အမေပျောက်ရှာနေတဲ့ သမီးတွေအတွက် 
ကမ္ဘာမြေဟာ သူ့ကိုယ်သူ တံတားခင်းလို့
မျှော်လင့်ချက်တွေကို ထွန်းညှိပေးထားတယ်။ 
ပြန်လာနေသူတွေနဲ့ 
ကြိုဆိုနေသူတို့ရဲ့ ပြန်ဆုံချိန်ဟာ 
သိပ်လှနေမှာ 
သေချာပါတယ် အမေ။ 
အောင်မော်ဦး 
(အမေနေ့ – ၂၀၁၇)
