သားကြီးမောင်ဇေယျ – တကယ်ပြောတာပါ
(မိုးမခ) မေ ၆၊ ၂၀၁၇
ကျွန်တော်နဲ့ရေးဘော်ရေးဘက် တွေက ခင်ဗျားရေးတဲ့ သရော်စာ တွေက ဖတ်လို့ကောင်းတယ် လို့ ချီးမွမ်းကြပါတယ်။ သရော်စာ ဆိုတာ ဘာမှန်းမသိပေမယ့် သူတို့က ချီးမွမ်းစကားဆိုလာတော့ သူတို့ကိုပြုံးပြုံးကြီးကြည့်ရင်း ခင်ဗျားတို့ချီးမွမ်းစကား ဆိုရလောက်အောင် ကျွန်တော်ကလည်း တော်နေတာကိုးလို့ စိတ်ထဲက ပြောလိုက်မိပါတယ်။
သရော်စာ ဆိုတာ တော်ရုံတန်ရုံ တော်ရုံနဲ့ မရေးနိုင်ဘူးလို့ တချို့က မှတ်ချက်တွေပေးတော့ “အင်း ငါဟာ တော်တော် တော်တဲ့ ကောင်ပါလား” လို့ ကိုယ့်ကိုယ်ကို ထောပနာပြုမိပြန်ပါတယ်။
ဒါတင်မကသေးပါဘူး “သရော်စာရေးတာဟာလွတ်လပ်ခွင့်ရှိပါတယ်။ ခင်ဗျား အမြင်ကပ်တဲ့သူကို ဆော်ချင်ရင် ဆော်လို့ရတဲ့ဗျာ့။ ဘယ်သူမှ ခင်ဗျားကို ဗွေမယူဘူး ၊ အရူးလက်မှတ် ရထားသလိုပေါ့ဗျာ ” လို့ ပြောကြပါသေးတယ်။
တယ်ကောင်းတဲ့ အခွင့်အရေးကြီးပါလား။ ကိုယ့်ကို အရက်မတိုက်တဲ့ ကောင်တွေ အကြောင်း မကောင်းရေးမယ်။ အကြွေးလာတောင်းတဲ့ အကောင်တွေ ကို အတင်းတုတ်မယ်။ ကိုယ်ရုံးမှာ ကြိုးစားပမ်းစား အိပ်နေတာကို အပြစ်ရှာတဲ့ အထက်လူကြီးကို ဆော်မယ်၊ ကိုယ်ကို ဘီယာကလေးတပုလင်းတောင် အလိုက်မသိတဲ့ တပြည့်တွေကို နှိပ်ကွပ်တဲ့ စာတွေရေးမယ်။ ဒါတင်ဘယ်ကမလဲ ဒီခေတ်မှာ လက်မှတ်ကလေး တခုရဖို့ ပိုက်ဆံတွေအကုန်ခံ၊ သင်တန်းတက်စရာမလိုပဲ လက်မှတ်ကလေးလည်းရဦးမယ်။ အရူးလက်မှတ် (၀ါ) အရူးစာတစ်ဖီကိတ် (certificate ) ဆိုတော့ အလုပ်လျှောက်ရင် ဘယ်ဌာနမှာမဆို ထိပ်တန်းအရာရှိတနေရာ ရမှာတော့ သေချာမယ်ထင်ပါတယ်။
ဒါပေမယ့် တကယ့်လက်တွေ့မှာ အသေဖျက်မှုနဲ့ ရင်ဆိုင်တွေ့ရသလို့ ၆၆(ဃ) နဲ့လည်း ငြိနိုင်တယ်လို့ ပြသနာနဲ့ အသက်မွေးကြတဲ့ရှေ့နေတွေက ဆိုကြပြန်ပါတယ်။
ဘာမှန်းမသိတဲ့ သရော်စာကိုရေးမိရင် ဘာမှန်းမသိတဲ့ ပုဒ်မတွေနဲ့ အရေးယူနိုင်တယ် ဆိုပြန်တော့ ဘာမှန်းမသိ ကြောက်နေမိပြန်ပါတယ်။ ကျွန်တော်က ဘယ်သူကိုမှ မကြောက်ဘူးလို့ ကြွေးကြော်ထားပေမယ့် ပုဒ်မ ၆၆(ဃ) နဲ့ အိမ်က မိန်းမကို တော့ ဘာကြောင့် ကြောက်မှန်း မသိကြောက်ပါတယ်။
ကျွန်တော်တို့က စာရေးပြီး ထမင်းစားရသူတွေမို့ ကလောင်ချော် သွားရင် အချိန်မရွေး ထောင်နန်းစံရနိုင်ပါတယ်။ အလိုက်မသိ၊ ရှေ့နောက်မကြည့်၊ ပြောတတ်တဲ့ စရိုက်ကောင်းကလေးတွေကလည်း မွေးရာပါ မို့ မကြာခဏ ဒုက္ခရောက်ရတာကလည်း အကြိမ်မနည်းတော့ဘူးလေ။
မှတ်မိပါသေးတယ်။ မိတ်ဆွေသူငယ်ချင်းတစ်ယောက်က ထိပ်တန်းအရာရှိကြီးဟောင်းနဲ့ ကျွန်တော့်ကိုမိတ်ဆက်ပေးတော့ ကျွန်တော်က အားရ၀မ်းသာနဲ့ “ လူကြီးမင်းနဲ့ ခုလိုတွေရတာ ၀မ်းသာလိုက်တာဗျာ” လို့ စိတ်ထဲ ကရှိတဲ့အတိုင်းပြောမိပါတယ်။ အဲဒီခါ အရာရှိဟောင်းက မျက်နှာ ပုပ်သိုးပြီးချက်ချင်းချာကနဲ လှည့်သွားပါတယ်။
ကျွန်တော့်သူငယ်ချင်းကလည်း “မင်းကတော့ လုပ်ချလိုက်ပြန်ပြီ ဒီလိုအချိန် ဒီလိုနေရာ မျိုးမှာ ဒီစကားမျိုးပြောရသလား”တဲ့။
ကျွန်တော်တို့တွေ့တဲ့နေရာက အင်းစိန်ထောင်မှာပါ။ အရာရှိဟောင်းက လာဘ်စားမှု နဲ့ အစိုရ ပစ္စည်းဘုန်းတဲ့ နေရာမှာ နာမည်ကြီးသူတစ်ယောက်ပါ။ အခုလို နာမည်ကြီးအရာရှိကြီးနဲ့ တွေ့လိုက်ရတော့ ရုတ်တရက် အပြင်မှာတွေ့သလိုပဲ အပြင်မှာ ပြောသလိုပဲ ပြောလိုက်မိတာပါ။ အင်းနေရာ ကိုက မကောင်းတဲ့နေရာရောက်နေတော့ ကျွန်တော့် ရဲ့ ကောင်းတဲ့စကားတွေလည်း မကောင်းဖြစ်ရတာပေါ့ဗျာ။
ကျွန်တော့်ထက်အဖြစ်ဆိုးတဲ့ မိတ်ဆွေတစ်ယောက်လည်းရှိပါသေးတယ်။ သူက အချိန်ကောင်းမှာ နေရာကောင်းရောက်နေပေမယ့် ရှေ့နောက်မကြည့်မိလို့ ဒုက္ခရောက်ရတဲ့အကြောင်းလေး ဖေါက်သည်ချချင်ပါသေးတယ်။
ဒီလိုပါဗျာ။ ထိပ်တန်းအရာရှိကြီးတွေသာ တက်ခွင့်ရတဲ့ မင်းခန်းမင်းနားတခုကို ကျွန်တော့်မိတ်ဆွေက နေမကောင်းတဲ့ကြားက ကြိုးစားပမ်းစား တက်ရောက်ခဲ့ပါတယ်။ သူနေမကောင်းတာကို သိနေတဲ့ ရင်းနှီးတဲ့မိတ်ဆွေက
“ အခြေအနေ ဘယ်လိုလဲ ” လို့ မေးပါတယ်။
သူက “ကျန်းမာရေးမကောင်းဘူးဗျာ” လို့ပြောပါတယ်။
သူ့မိတ်ဆွေက “ သတိထားပေါ့ဗျာ” လို့ သတိပေးပါတယ်။
သူက “ သတိထားလည်း မထူးပါဘူးဗျာ ကျန်းမာရေးက ခုလည်းမကောင်းဘူး၊
အရင်တုန်းကလည်းမကောင်းဘူး နောက်လည်း ကောင်းမှာ မဟုတ်ဘူး” လို့ ပြောပါတယ်။
သူ့မိတ်ဆွေက သူ့ကို လူရှင်းတဲ့ နေရာကို အတင်းဆွဲခေါ်သွားပြီး “ခင်ဗျား နေမကောင်းရင် နေမကောင်းဘူးလို့ပြောပေါ့ဗျာ ခုတော့ ကျန်းမာရေးမကောင်းဘူး၊ ကျန်းမာရေးမကောင်းဘူး လို့ ပြောနေတော့ ခင်ဗျားနားက ကျန်းမာရေးဝန်ကြီးမျက်နှာ ပျက်နေပြီဗျာ့” တဲ့။
အဲဒါကြောင့်ပြောတာပေါ့ ကိုယ်က ကိုယ့်အကြောင်းကို ရိုးရိုးပြောမိတာ ရှေ့နောက်မကြည်မိတော့ မျက်နှာပူစရာဖြစ်ရတာပေါ့။
တခါတုန်းကလည်း ကျွန်တော်က ဘာမှားမှန်းမသိပဲ အမှားတခု လုပ်မိသလို ခံစားရတဲ့ အဖြစ်အပျက်ကလေးတခုရှိပါသေးတယ်။
တနေ့ ကျွန်တော် တရားရုံးတခုမှာ ရှေ့နေတစ်ယောက်ဆီက သတင်းနဲ့ပါတ်သက်တဲ့ အင်တာဗျူးတခု ယူဖို့ စောင့်နေရင်း ထမင်းစားချိန်ရောက်သွားပါတယ်။
ကံကောင်းတာလား ကံဆိုးတာလားမသိပါဘူး။ အဲဒီတရားရုံးမှာ အဲဒီနေ့က တာဝန်ကျနေတဲ့ တရားသူကြီးက ကျွန်တော်နဲ့ တက္ကသိုလ်မှာကတည်းက သိခဲ့တဲ့ သိဟောင်းကျွမ်းဟောင်းဖြစ်နေပါတယ်။ သူ အခန်းထဲကနေ အခြံအရံတွေနဲ့ ထွက်လာတာမြင်တော့ ကျွန်တော်က ထမင်းအတူးစား လက်ဖက်ရည်သောက်ရအောင် အဖေါ်ရပြီ ဆိုပြီး အားရ၀မ်းသာနှုတ်ဆက်ပါတယ်။
“ခင်ဗျားစားပြီးပြီလား” လို့ စေတနာနဲ့မေးမိပါတယ်။
ကျွန်တော့်သိကြွမ်းဟောင်း မိတ်ဆွေက ပြုံးနေရာက ချက်ချင်း မျက်နှာမဲ့ပြီး ချာကနဲ နောက်ပြန်လှည့်သွားပါလေရော။ ကျွန်တော် ဘာများမှားသွားပါသလဲ ခင်ဗျာ။ အခုထက်ထိ ကျွန်တော် ဘာမှားသွားမှန်း မသိသေးပါ။ မိတ်ဆွေဟောင်းတရားသူကြီးကို “ စားပြီးပြီလား” လို့ မေးမိတာ မှားသလားဗျာ။ စေတနာနဲ့မေးမိတာပါ။
ပြောသူကလည်း သူ့စိတ်အခံနဲ့သူပြောလိုက်တာပါ။ ဒါပေမယ့့်် နားထောင်သူက သူအခံနဲ့ သူနားလည်သွားတတ်ပါတယ်။
အဲဒါကြောင့် ခုတလော ကျွန်တော်စကားပြောရင်သတိထားပြောပါတယ်။ အမြဲလိုလို အကောင်းမြင်စိတ်နဲ့ကောင်းတဲ့အကြောင်းတွေကိုပဲပြောပါတယ်။ ဥပမာ ရင်းနှီးတဲ့ မိန်ကလေးတွေကိုတွေ့တိုင်း သူတို့ကို လှကြောင်း ပ ကြောင်း အမြဲလိုလိုပြောပါတယ်။ သူတို့ကလည်း ကြေနပ်တဲ့ အပြုံးတွေနဲ့ တုန့်ပြန်တတ်ပါတယ်။ ဒါပေမယ့် အဲဒီအပြုံးဟာ တာရှည်မခံပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်က မျက်စိမှုန်တဲ့အကြောင်း ဆက် ပြောမိလို့ပါပဲ။ သူတို့ကို နောက်ပြောင်တယ်၊ သရော်တယ်လို့ထင်သွားလို့ပါ။ အဲဒါကြောင့် နောက် ပိုင်း ကျွန်တော် စကားကို အကုန်မပြောတော့ပါဘူး။ အထူးသဖြင့် ကျွန်တော် မျက်စိမှုန်တာကို မပြောပဲ နေလိုက်ပါတယ်။
အခုလို ၆၆(ဃ) ပေါ်ပြူလာဖြစ်လာတဲ့အချိန်၊ သရော်စာရဲ့လွတ်လပ်မှုတွေ ကျဉ်းမြောင်းလာတဲ့အခါမှာ ကျွန်တော်ဟာ မဏ္ဍိုင်ကြီးငါးရပ် ကောင်း အကြောင်းတွေရေးပါတယ်။
YBS အကြောင်းရေးတဲ့အခါမှာလည်း အလွန်ကောင်းကြောင်းတွေရေးပါတယ်။
သူငယ်ချင်း လွှတ်တော်ကိုယ်စားလှယ်တွေ အကြောင်းရေးတဲ့ အခါမှာလည်း တော်ကြောင်း ကောင်းကြောင်းတွေရေးပါတယ်။
ကျွန်တော်မျက်စိမှုန်တဲ့ အကြောင်းတော့ ဆက်မရေးတော့ပါဘူး။
တကယ်ပြောတာပါ။
သားကြီးမောင်ဇေယျ