တူမောင်ညို – သူတို့ပြောနေတဲ့ “အမျိုးသားရေးနဲ့ အမျိုးသားနိုင်ငံရေး” ဘာလဲ
(မိုးမခ) မေ ၆၊ ၂၀၁၇
ဒီတိုင်းပြည်မှာ “အမျိုးသားရေးနဲ့အမျိုးသားနိုင်ငံရေး”ကို ကံထရိုက်ဆွဲပြီး ပြောနေ၊လုပ်နေတဲ့အုပ်စု ၃ ခုရှိနေတာ အထင်အရှား တွေ့ရပါတယ်။
၁။ စစ်အုပ်စု
၂။ ကြံ့ခိုင်ရေးပါတီ
၃။ သင်္ကန်းဝတ်များ (မဘသ)
ဒီအုပ်စု ၃ ခုထဲမှာ ပင်ရင်းအုပ်စုက “စစ်အုပ်စု” ဖြစ်ပြီး။ ကျန်တာ နှစ်ခုက စစ်အုပ်စုရဲ့ လက်ခွဲတွေသာဖြစ်ပါတယ်။ ဒါ့အပြင် စပွန်ဆာပေးမွေးမြူထားတဲ့ အခြားသောကိုင်းဖျားကိုင်းနားလက်ခွဲလေးတွေရှိပါသေးတယ်။ အဲဒီ အုပ်စု ၃ စု နဲ့ သူတို့ အော်ဟစ်နေတဲ့ “အမျိုးသားရေးနဲ့အမျိုးသားနိုင်ငံရေး” ကို လေ့လာကြည့်ရအောင်ပါ။ ပထမအချက်အနေနဲ့ သူတို့ပြောနေတဲ့ “အမျိုးသားရေးနဲ့ အမျိုးသား နိုင်ငံရေး” ဘာလဲ ဆိုတာကို ကြည့်ကြရအောင်။
သူတို့ပြောတဲ့ “အမျိုးသားရေးနဲ့အမျိုးသားနိုင်ငံရေး” ဆိုတာ အောက်ပါ အချက် ၃ ချက်ကို ဖုံးကွယ်ထားတာဖြစ်ပြီး။ ဒီလိုဖုံး ကွယ်ထားတာရဲ့ တစ်ခုတည်းသောရည်ရွယ်ချက်ကတော့ “စစ်အုပ်စု” သားစဉ်မြေးဆက် အာဏာတည်တံ့ခိုင်မြဲရေးဖြစ်ပါတယ်။
“ တပ်မတော်” ကို စစ်အုပ်စုက တစ်လက်ကိုင်တပ်သဖွယ်လုပ်ပြီး၊ ဂုတ်ခွစီးထားတဲ့အချက်
၂၀၀၈ အခြေခံဥပဒေရဲ့ အထက်မှာ စစ်အုပ်စု ထာဝစဉ်ရှိနေတယ်ဆိုတဲ့အချက်
တိုင်းပြည်ရဲ့အသက်သွေးကြောဖြစ်တဲ့ စီးပွားရေးလုပ်ငန်းမှန်သမျှကို စစ်ဗျူရိုကရက်အရင်းရှင်လူတန်းစားက လွှမ်းမိုးချုပ် ကိုင်သိမ်းပိုက်ထားတယ်ဆိုတဲ့အချက် ၃ ချက်ကို ဖုံးကွယ်ထားဖို့သာဖြစ်တယ်။
သမိုင်းကိုခေတ္တခဏပြန်လှန်ကြည့်ရင် ဗိုလ်နေဝင်းစစ်အုပ်စုက “ဆိုရှယ်လစ်လှိုင်း” ရေပန်းစား၊ ဖက်ရှင်ဖြစ်နေတဲ့ ၆၀ ခုနှစ်များ တစ်ဝိုက်မှာ (မဆလ)ဆိုတဲ့ “ဆိုရှယ်လစ်အတုမျက်နှာဖုံး”စွပ်ပြီးသူတို့စစ်အုပ်စု နိုင်ငံရေးဇာတ်ခုံပေါ်တက်လာခဲ့တယ်။ တစ်ပါတီနိုင်ငံရေး လုပ်ခဲ့တယ်။
၂၁ ရာစုမှာ “ဆိုရှယ်လစ်” က ဖက်ရှင်မကျတော့ဘူး။ “တပါတီနိုင်ငံရေး” လည်း လုပ်လို့ မရတော့ဘူး။ ဒါကတော့ ပြည်တွင်း အကြောင်းအချက်နဲ့တိုက်ရိုက်သက်ဆိုင်တယ်။ (မဆလ) ပါတီနဲ့ ၁၉၇၄ အခြေခံ ဥပဒေကို “၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး”က မြေမြှုပ်သဂြိုဟ်ခဲ့ကြတာဖြစ်တယ်။ ဒီတော့ ဘယ်လိုနည်းနဲ့မှ ဒီဆိုင်းဘုတ်တွေ ကိုင် လို့၊ ထောင်လို့မဖြစ်တော့ဘူး။ ဒါ့အပြင် (မဆလ) တဖြစ်လဲ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)ကို လည်း “၁၉၉၀ ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲ” မှာ ပြည်သူလူထု တစ်ရပ်လုံးက မြောင်းထဲတွန်းချလိုက်ပြီးဖြစ်တယ်။ ဒီတော့ (တစည) ပါတီလို “တိုင်းရင်းသား အရေး” ဆိုင်းဘုတ်ထောင် လို့လည်း မဖြစ် နိုင်တော့ဘူး။ လက်တွေ့မှာ (တစည)ပါတီ နိုင်ငံရေးနလန်မထူနိုင်တာကို ပဲကြည့်ပေါ့။ ပြည်သူတွေကို အမည်ပြောင်း၊ တံဆိပ်ပြောင်း လှည့်စားရုံနဲ့ မရတော့ဘူးဆိုတာ ရှင်းနေတာပဲမဟုတ်လား။
“တိုင်းရင်းသားအရေး” သူတို့အော်ချင်လို့ အောင် မရတော့တဲ့ နောက်ထပ်အရေးကြီးတဲ့ အချက်တစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ “ဖက်ဒရယ်” ဆိုတာ “ခွဲထွက်ရေး (ဝါ) ပြည်ထောင်စုဖြိုခွဲရေးဖြစ်တယ်”လို့ သူတို့ပဲ တလျှောက်လုံးသရုပ်ဖျက်ခဲ့ကြတာ မဟုတ်လား။ ဒီတော့ စစ်အုပ်စု ဟာ သူတို့ ထွေးခဲ့တဲ့ တံတွေးမစင်ကို ပြန်မျိုဖို့ ခက်နေတယ်။
ဒီအချက်တွေ ဒီရေခံမြေခံတွေဟာ “အမျိုးသားရေးနဲ့အမျိုးသားနိုင်ငံရေး”ဆိုင်းဘုတ်ကို ခါတော်မီသူတို့ ပြောင်းကိုင်လာရတဲ့ အချက်တွေပဲဖြစ်ပါ တယ်။ ဗိုလ်နေဝင်းစစ်အုပ်စုဟာ တပ်မတော်ကို ခါးပိုက်ဆောင်တပ်သဖွယ်လုပ်ပြီး၊ တစ်လက်ကိုင်တပ်သဖွယ်လုပ်ပြီး “ဆိုရှယ်လစ်အတု” နဲ့ လှည့်စားခဲ့ ပြီးပြီ၊ “ဖက်ဒရယ်တစ္ဆေ” နဲ့ ခြောက်လှန့်ခဲ့ပြီးပြီ။ ပါတီနိုင်ငံရေးလုပ်ခဲ့ပြီးပြီ၊ ဒါတွေကို ပြည်သူတွေက နောကျေနေခဲ့ပြီ။ ဒီတော့ “ဒီမိုကရေစီရေပန်းစားဖက်ရှင်ဖြစ်လာတဲ့” ခေတ်ကာလမှာ ဒီမိုကရေစီကို “စည်းကမ်းပြည့်ဝသော” ဆိုတဲ့ ဝိသေသတပ်ပေးပြီး၊ အခြား တစ်ဖက်မှာတော့ “အမျိုးသားရေး” ဆိုတဲ့ မီးရှူး မီးပန်းကို အူယားဖားယားပစ်ဖောက်လာတာဖြစ်တယ်။
ဒါကြောင့် ဗိုလ်သန်းရွှေနဲ့ ဗိုလ်သန်းရွှေလွန်စစ်အုပ်စုဟာ “တပ်မတော်” ကို ခါးပိုက်ဆောင်တပ်သဖွယ်၊ တစ်လက်ကိုင် တပ် သဖွယ် ပိုင်ပိုင်နိုင်နိုင်ချုပ်ကိုင်ထားတဲ့အခြေခံပေါ်မှာ “၂၀၀၈ အခြေခံဥပဒေ”ဆိုတဲ့ ကစားကွက်ကို ချခင်းလာတာဖြစ်ပါတယ်။
ဒီကစားကွက်တစ်ခုလုံးကို ချုပ်ကိုင်ထားတဲ့ အဓိကကြိုးနှစ်ချောင်းကတော့ “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးခေါင်းဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက်ဦးတည်သည် ” ဆိုတဲ့ကြိုးနဲ့ “တပ်မတော်သည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည်” ဆိုတဲ့ ကြိုးနှစ်ချောင်းပဲဖြစ်ပါတယ်။ “စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ” ဆိုတာရဲ့ အကျဉ်းအကျယ်ဟာ ဒီကြိုးနှစ်ချောင်းရဲ့အလျှော့အတင်းပေါ်မူတည်နေတာပါ။ စစ်အုပ်စုနဲ့ စစ်အုပ်စုအကျိုးစီးပွား ကို တစုံတရာထိခိုက်လာတဲ့အခါ ဒီကြိုးနှစ်ချောင်းဟာ တင်းကြပ်လာမှာဖြစ်တယ်။ စစ်အုပ်စုနဲ့ စစ်အုပ်စုအကျိုးစီးပွားကို စစ်အုပ်စုရဲ့ အာဏာဗဟိုချက်ကို ထိပါးလာမယ်ဆိုရင်တော့ ပိုပြီးတော့ တင်းကြပ်လာမှာပဲဖြစ်ပါတယ်။
ဒီအချက်တွေကို ထိပါးလာတာမှန်သမျှကို စစ်အုပ်စုက “၂၀၀၈ အခြေခံဥပဒေနဲ့ စစ်တပ်” ကို ကိုင်ပြီး လိုအပ်သလို ဖြေရှင်းမှာ ဖြစ်ပါတယ်။ ဒီလိုဖြေရှင်းမှုကို စစ်အုပ်စုက “အမျိုးသားရေး (ဝါ) အမျိုးသားနိုင်ငံရေး” လို့ ဆိုင်းဘုတ်ချိတ်ထားတာဖြစ်ပါတယ်။ တကယ် တော့ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတာမျိုးသာဖြစ်တယ်။ ဒါဟာ ယနေ့ စစ်အုပ်စုကပြောနေတဲ့ အမျိုးသားရေး (ဝါ) အမျိုးသား နိုင်ငံရေးပဲ ဖြစ်ပါတယ်။ စစ်အုပ်စုက နိုင်ငံရေး (ဝါ) ပါတီနိုင်ငံရေးမလုပ်ဘူးလို့ ပြောနေတာဟာ ဒီအချက်ကို ဖုံးကွယ်ထားဖို့ ဖြစ်ပြီး၊ ပါတီနိုင်ငံရေးလုပ်ဖို့က ကြံ့ဖွံ့ပါတီကို ခွဲပေးထားတဲ့ ကဏ္ဍဖြစ်နေပြန်တယ်။ စစ်အုပ်စုက “ပါတီနိုင်ငံရေးမလုပ်ဘူး” လို့ပြောနေတဲ့ အချက် ကို ကြံ့ဖွံ့ပါတီပြောတဲ့ “အမျိုးသားရေး” ဆိုတာမှာ ထည့်သွင်း ဖွင့်ချပြပါ့မယ်။
ကြံ့ဖွံ့ပါတီက ပြောတဲ့ “အမျိုးသားရေး” ကို ကြည့်ကြပါအုံးစို့။
ကြံ့ဖွံ့ပါတီကပြောတဲ့“အမျိုးသားရေး”ဆိုတာ စစ်အုပ်စု အကျိုးစီးပွားကို နိုင်ငံပါတီပုံစံနဲ့ ဆက်လက်အကောင်အထည်ဖော်ခြင်း သာဖြစ်တယ်။ စစ်အုပ်စုက ကြံ့ဖွံ့ဆိုတဲ့ ပါတီဖွဲ့ပြီး သူခင်းကျင်းထားတဲ့ “စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီဘောင်” မှာ နိုင်ငံရေးကစားခြင်း သာဖြစ်တယ်။ တကယ်တော့ စစ်အုပ်စုက ပါတီနိုင်ငံရေးကို လွှတ်တော်ထဲမှာ ကာချုပ်က ချုပ်ကိုင်ထားတဲ့ စစ်ဗိုလ် ၁၆၆ နဲ့ ကစားပြီး၊ ရွေးကောက်ပွဲဆိုတဲ့ ပြိုင်ကွင်းမှာတော့ ကြံ့ဖွံ့ပါတီကို ကိုင်ပြီး ကစားတာပဲဖြစ်တယ်။ ဒီနှစ်ခု ( စစ်ဗိုလ် ၁၆၆ ယောက်နဲ့ ကြံ့ဖွံ့ပါတီ) ဟာ အပေါ်ယံအသွင်သဏ္ဍာန်အရ တစ်ခုနဲ့ တစ်ခု မတူသော်လည်း၊ အနှစ်သာရဖြစ်တဲ့ “စစ်အုပ်စုအကျိုးစီးပွား”ကို လိုက်နာထိန်းသိမ်း ကာကွယ်စောင့်ရှောက်တဲ့အပိုင်းမှာတော့ သူတို့ဟာနှစ်ကိုယ့်တစ်စိတ်ဖြစ်တယ်။
နောက်ထပ်တူညီတဲ့အချက်တစ်ခုကတော့ စစ်ဗိုလ် ၁၆၆ ပဲဖြစ်ဖြစ်၊ ကြံ့ဖွံ့ပါတီပဲဖြစ်ဖြစ် စစ်အုပ်စု (ဝါ) ကာချုပ်ရဲ့အမိန့်ကို တသွေမတိမ်းနာရခံမှုပဲဖြစ်တယ်။ စစ်တပ်ထဲက အငြိမ်းစား ယူ သွားတဲ့ စစ်ဗိုလ်တွေဟာ ကြံ့ဖွံ့ပါတီထဲမှာ ဗိုလ်တက်လုပ်တာပဲဖြစ်တယ်။ ဒါကြောင့် “ပါတီနိုင်ငံရေး မလုပ်ဘူး”လို့ စစ်အုပ်စုကပြောနေတာဟာ အရှက်မရှိလိမ်ညာဖုံးကွယ်နေတာကလွဲပြီး တခြားအချက် မဖြစ်နိုင် တော့ပါဘူး။
ကြံ့ဖွံ့ပါတီကိုကိုင်ပြီး ပါတီနိုင်ငံရေးလုပ်စေတဲ့ နောက်တစ်ချက်ရှိပါသေးတယ်။
အဲဒီအချက်က “ပါတီနိုင်ငံရေးဆိုသည်မှာ မိမိပါတီအင်အားတောင့်တင်းရေး၊ ပါတီ၏နိုင်ငံရေးအာဏာရရှိရေး၊ ရရှိပြီးဖြစ် သည့် အာဏာတည်မြဲရေးတို့ကို အစဉ်တစ်စိုက်ဦး စားပေးနေရသည့်အတွက် အမျိုးသားနိုင်ငံရေးလမ်းကြောင်းမှသွေဖည်မှုမျိုး၊ တစ်ခါ တစ်ရံအမျိုးသားအကျိုးစီးပွားကို လစ်လျူရှုမှုမျိုးရှိနိုင်ကြောင်း” ဆိုတဲ့ နှပ်ကြောင်း အကွက်ချပုံဖော်ဖန်တီးဖို့လည်းဖြစ်တယ်။ အဲဒီအပေါ် က စာလုံးစောင်းနဲ့တင်ပြထားတဲ့ စကားကို ကာချုပ်က “တပ်မတော်နေ့” မိန့်ခွန်းထဲမှာထည့်ပြောသွားတဲ့အချက်ဖြစ်ပါတယ်။ ဒီအကွက် ကို စစ်အုပ်စုနဲ့ ကြံ့ဖွံ့ပါတီက လက်ဝါးခြင်းရိုက်ပြီး ဖန်တီးတာပဲဖြစ်တယ်။ စစ်အုပ်စု အကျိုးစီးပွားကိုထိန်းသိမ်းကာကွယ်ဖို့ လိုအပ်ရင် ကြံ့ဖွံ့ပါတီထဲက အကောင်ခပ်ကြီးကြီးတွေကို ထိုးကျွေးပြီး “ပါတီနိုင်ငံရေး သားကောင်” အဖြစ်ချနင်းဖို့ လည်းစစ်အုပ်စု အတွက်ဝန်မလေး ဘူး။ ဒါကြောင့် စစ်အုပ်စုမှာ မတရားတာ/တရားတာနဲ့ မမှန်တာ/ မှန်တာတွေ မရှိဘူး၊ ထာဝရစစ်အုပ်စုအကျိုးစီးပွားသာရှိတယ်။
ဒီတော့ ကြံ့ဖွံ့ပါတီဟာ ပါတီနိုင်ငံရေးမှာ တို့မီးရှို့မီးလုပ်နိုင်ဖို့ “အမျိုးသား (သို့မဟုတ်) ဖွံ့ဖြိုးတိုးတက်ရေး” စတဲ့ အမည်လေး တွေ အစီအရီတပ်ထားတဲ့ “စပွန်ဆာပါတီလေးတွေ” ကိုလည်း လိုအပ်သလိုမွေးမြူထားတယ်။ သူတို့ကို လိုအပ်လာတဲ့ တချိန်မှာ “ပါတီ နိုင်ငံရေးသားကောင်” အဖြစ် ထိုးကျွေးခံရမှာပဲ။ စတေးပြစ်လိုက်မှာပဲဖြစ်တယ်။
အခု ဆိုရှယ်မီဒီယာပေါ်မှာ ဖြန့်နေတဲ့ ကြံ့ဖွံ့ပါတီ၊ စီအီးစီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၁၇)မှာ ပြောကြားတဲ့ ကြံ့ဖွံ့ပါတီ ဥက္ကဋ္ဌ ဗိုလ်သန်းဋ္ဌေးရဲ့ အမှာစကားဆိုတာဟာ “ပါတီနိုင်ငံရေး” ကို ရမယ်ရှာနေတဲ့၊ ဒီချုပ်ပါတီကို ဦးတည်ရန်သူ အဖြစ် ထားပြီး ပုတ်ခတ်တိုက်ခိုက်နေတဲ့ ဆင်ခြေလိမ်များသာဖြစ်ပါတယ်။ တကယ်တော့ မကွေးတိုင်းမှာ မဖုံးနိုင် မဖိနိုင်ပေါ်သွားတဲ့ “ခိုးထုတ်ခိုး ထည်ကိစ္စကြီး” ကို ကာကွယ်နေတာသာဖြစ်ပါတယ်။ ထမင်းရေပူလာ လျှာလွှဲနေတာသာဖြစ်ပါတယ်။ “သူခိုးဟာ အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်ဘူး”လို့ များပြောချင်နေတာလား မသိပါဘူး။ ဒါတော့ သည်းခံပါ။
ဗိုလ်သန်းဋ္ဌေးက နောက်ကြောင်းပြန်ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုဟာ “လက်ဝဲဆန်တဲ့လက္ခဏာဖြစ်တယ်”လို့ ပြောပါသေးတယ်။ “ပယောဂမှန်ရင်တုန်ဆင်းသွားမှာပဲ”ဆိုတဲ့စကားလိုပါပဲ။ ထစ်ခနဲရှိရင်(ဗကပ)ကို လက်ညှိုးထိုးချင်တာ စစ်အုပ်စုရဲ့သန္ဓေပါအကျင့်စရိုက် မဟုတ်လား။ (ဗကပ)မရှိတော့ဘူးလို့လည်းနှုတ်လွန်ထားမိလေတော့ (လက်ဝဲလက္ခဏာ) လို့ သိမ်းကျုံးပြီး လက်ညှိုးထိုးလိုက် ရဟန်တူ ပါတယ်။
တကယ်တော့ စစ်အုပ်စုသန္ဓေမှာ ဖျောက်ဖျက်မရတဲ့ (ဗကပ) ကြောက်ရောဂါ၊ (ကျောင်းသားသမဂ္ဂ) ကြောက်ရောဂါ၊ လမ်းမပေါ်က (လူထုအရေးတော်ပုံ) ကြောက်ရောဂါ၊ (လက်နက်ကိုင်တော်လှန်ရေး) ကြောက်ရောဂါ ဆိုတဲ့ ကြောက်စရာရောဂါကြီး ၄ ခု စွဲကပ်နေတာဖြစ်ပါတယ်။ ဒီရောဂါတွေကို အခုတော့ ဗိုလ်သန်းဋ္ဌေးပါးစပ်နေ ပဲ့တင်ထပ်နေတာဖြစ်ပါတယ်။
နောက်ဆုံးတစ်ခုဖြစ်တဲ့ သင်္ကန်းဝတ်များက (မဘသ) ပြောနေတဲ့ “အမျိုးသားရေး” ကို ကြည့်ကြပါစို့။
ဒီချုပ်ခေါင်းဆောင်၊ ဒီချုပ်ပါတီတို့ကို ၂၀၀၈ အခြေခံဥပဒေထဲမှာ ထူးခတ်၊ ကျုံးသွင်းပြီးတဲ့အခါမှာ ပြည်သူလူထုထဲမှာ ဘာသာ ရေး၊ လူမျိုးရေးမှိုင်းတိုက်ပြီး သွေးခွဲတဲ့လုပ်ရပ်တွေဟာ “၂၀၀၈ အခြေခံဥပဒေ” အတည်ပြုပြီးနောက်၊ ကြံ့ဖွံ့ပါတီအစိုးရပေါ်လာပြီးတဲ့ နောက်မှာ စီးရီးလိုက်အသုံးတော်ခံလာပါတော့တယ်။
ဒါကြောင့် “လူမျိုးရေး၊ဘာသာရေး ခုတုံးလုပ်၊ ဗန်းပြအကြမ်းဖက်မှုတွေ” ဟာ “၂၀၀၈ အခြေခံ ဥပဒေ”၊ “ကြံ့ဖွံ့ပါတီ” တို့နဲ့အတူ စစ်အုပ်စုက မွေးထုတ်လိုက်တဲ့ သုံးမြွှာပူးညီအစ်ကိုတွေလို့ ပြောရမှာပါ။
ထူးခြားတာက အဲဒီလို လူသတ်မီးရှို့လုယက် အကြမ်းဖက်တဲ့ ရာဇဝတ်မှုခင်းတွေကို စစ်အုပ်စု၊ ကြံ့ဖွံ့ပါတီအစိုးရ၊ နဲ့ရဲတပ်ဖွဲ့က “ရင်ဝယ်သား” လိုသဘောထားတဲ့ အချက်ပဲ။ ထိရောက်တဲ့အပြစ်ပေးအရေးယူမှု မရှိသလောက်ပဲလို့ ပြောလို့ရတယ်။
ဒီချုပ်ပါတီအစိုးရလက်ထက်မှာတော့ ပိုပြီးအတင့်ရဲလာတယ်။ ဒီချုပ်အစိုးရရဲ့ မေတ္တာနဲ့အုပ်စိုးမယ်ဆိုတာကို သင်္ကန်းဝတ်တွေ နဲ့ နောက်လိုက်နောက်ပါတွေက သွေးတိုးစမ်းပုံပေါ်ပါတယ်။ အဲဒီ ဒီသင်္ကန်းဝတ်တွေ “အမျိုးသားရေး”လုပ်တော့မှပဲ လက္ခဏာချက် ၂ ချက်နဲ့ စည်း ၂ စည်းဟာ အထင်အရှား ပွင့်ကျ ကွဲပြားသွားပါတော့တယ်။
ပထမတစ်ချက်က ဘုန်းကြီးလောကမှာ “သင်္ကန်းအရေခြုံတွေထားသူတွေ”နဲ့“ဗုဒ္ဓတရားတော်နဲ့ဝိနည်းသိက္ခာကို အစဉ်တစိုက် လေးစားရိုသေတဲ့ရဟန်တော်များ” ဆိုတဲ့ လက္ခဏာနဲ့စည်းဟာ ပြဒါးတလမ်းသံတလမ်း ကွဲပြားသွားပါတယ်။
ဒုတိယအချက်ကသင်္ကန်းအရေခြုံတွေပြောနေတဲ့ “အမျိုးသားရေး” ဆိုတာ စစ်အုပ်စုနဲ့ကြံ့ဖွံ့ရဲ့“အမျိုးသားရေး”နဲ့ တဆင်ထဲ၊ တသွေးထဲ၊ တကွက်ထဲဖြစ်ပြီး၊ သူတို့သတ်မှတ်ချပေးတဲ့လိုင်းအတိုင်း သင်္ကန်းအရေခြုံ ထားသူတွေက လူမျိုးရေး၊ဘာသာရေး ခုတုံးလုပ် ဗန်းပြပြီး အကြမ်းဖက်သောင်းကျန်းနေကြခြင်းဖြစ်တယ် ဆိုတဲ့အချက်ပါပဲ။
တကယ်တော့ “စည်းကမ်းပြည့်ဝသောဒီမိုကရေစီဘောင်” ထဲမှာ ဘာသာရေး၊ လူမျိုးရေးခုတုံးလုပ်၊ ဗန်းပြပြီး ပြည်သူအချင်း ချင်းသွေးခွဲရန်တိုက်ပေးတာဟာ မိုက်မဲပြီး အင်မတန်ယုတ်မာလွန်းတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ မီးနဲ့ ကစားတာဖြစ်ပါတယ်။ ပြည်သူ တွေရဲ့ လည်ချောင်းသွေးနဲ့ ခြေဆေးတမ်း ကစားခြင်းမျိုးသာဖြစ်ပါတယ်။ ဒီလို လူမျိုးရေး၊ ဘာသာရေး ခုတုံးလုပ်ဗန်းပြပြီး ပဋိပက္ခမီးတောက် တွေကို မပြတ်မွှေးထားခြင်းအားဖြင့် လက်ရှိစစ်အုပ်စုအနေနဲ့ “တပ်မတော်မရှိလို့ မဖြစ်ဘူး” ဆိုတဲ့ လုပ်ကြံဇာတ်ကွက်ကို ချပြနိုင်မှာ၊ အချိန်မရွေးခင်းနေနိုင်မှာမဟုတ်ပါလား။
ဒီအချက်ဟာ စစ်အုပ်စုက အာဘောင်အာရင်းသန်သန်နဲ့ပြောနေတဲ့ “တပ်မတော်ရဲ့အမျိုးသားရေးလိုအပ်ချက်နဲ့၊ အမျိုးသား နိုင်ငံရေးအခန်းကဏ္ဍမှာ တပ်မတော် မရှိလို့ မဖြစ်ဘူး”ဆိုတဲ့ အချက်တို့ရဲ့ စံကျတဲ့ တပေါင်းတစည်းတည်းရှိမှုပါပဲ။
နောက်ဆုံးမှာတော့ ဒီအုပ်စု ၃ စု ပြောနေလုပ်နေတဲ့ “အမျိုးသားရေး ဘယ်လဲ ဘာလဲ” ဆိုတာကို ကွင်းခပ်ပြသလို အရှင်း လင်းဆုံး ဖော်ပြလိုက်တဲ့ဖြစ်ရပ်တော့ ရှေ့နေကြီး ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့ဖြစ်ရပ်ပဲဖြစ်ပါတယ်။
ဒါကြောင့် သူတို့ပြောနေတဲ့ “အမျိုးသားရေးနဲ့အမျိုးသားနိုင်ငံရေး”ထဲမှာ ဘယ်လိုလှုပ်ရှားမှုတွေ ပါဝင်နေသလဲဆိုတာ စူးစမ်း ကြည့်လိုက်တော့ “၂၀၀၈ အခြေခံဥပဒေ”ပါတယ်၊ “သီပေါမင်းအုတ်ဂူကို သွားကန်တော့” တာပါတယ်။ သီတဂူဆရာတော်ရဲ့ “၄ ချောင်း ထောက်ဒေသနာ” ပါတယ်။ သင်္ကန်းဝတ် ဝီရသူရဲ့ “တိတ်ပိတ်တရား” ပါတယ်။ “အောင်ဝင်းဇော်၊ အောင်ဝင်းခိုင်၊ ဇေယျာဖြိုး” တို့လို (DSA) ကျောင်းဆင်းဟောင်း စစ်ဗိုလ်ဟောင်းတွေရဲ့“အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှု”ပါတယ်။ “ကောလဟလမျိုးစုံ” ဖန်တီးထုတ်လွှင့် နေမှုတွေဟာ ဇာတ်တိုက်ထားသလို၊ အကွက်ချစီစဉ်ထားသလို အုံနဲ့ကျင်းနဲ့ ပါဝင်နေတာကိုတွေ့ရှိရပါတယ်။
အဲဒီလို “အမျိုးသားရေးလှုပ်ရှားမှုတွေ” ကို “မေတ္တာနဲ့သာအုပ်စိုးမယ်” ဆိုတဲ့ ဒီချုပ်ပါတီအစိုးရက ပီပီပြင်ပြင်ရင်ဆိုင်နိုင်ပါ့ မလားဆိုတာကိုတော့ စိတ်ရင်းမှန်နဲ့ စိုးရိမ်မိတာအမှန်ပါ။