AUng Htet |
သျှင်မျိုးငယ် – ခြောက်သွေ့နေသောမြစ်
(မိုးမခ) မေ ၅၊ ၂၀၁၇
နံရံပေါ်ကနေ ကိုယ့်အရေပြားကို ကိုယ်တိုင်ဆွဲခွာခဲ့ရတယ်
ဟောင်းနွမ်းနေတဲ့နိမိတ်ပုံတွေကို ဆေးကြောဖို့
သွေးလွှတ်ကြောတခုခုကိုတော့ ဖောက်ချရမှာပဲလေ
မကျွတ်မလွတ်သေးတဲ့အစွဲအလမ်းတွေဟာ
သိပ်ကို ကြောက်မက်ဖွယ်ရာငြိတွယ်နေခဲ့လေရဲ့
ပြေးထွက်သွားမယ်ဆိုလည်း
သေရာပါအမာရွတ်ကို ပွတ်သပ်လို့ တွေးနေမိမှာပါပဲ
ကိုယ့်မျက်နှာဖုံးကို ကိုယ်တိုင်ပြန်တပ်ဖို့
code နံပါတ်ကို မမှတ်မိတဲ့အခါ
ကိုယ့်မျက်နှာကိုယ်တိုင် မျက်နှာဖုံးဖြစ်လာခဲ့ရတယ်
ပြန်လည်ပြင်ဆင်လို့မရတော့တဲ့ မိုက်မဲမှုထဲမှာ
ကိုယ့်ဒဏ်ရာ ကိုယ်သလို့
ကိုယ်ယုံကြည်ရာ ကိုယ်မိုက်မဲခဲ့တာလည်း ပါတယ်
နွမ်းသွားတဲ့ပန်းတွေအကြောင်း
ခမ်းသွားတဲ့စမ်းတွေအကြောင်း
တမ်းတမ်းတတရှိနေခဲ့ဖူးတယ်
အချိန်တွေကို စိတ်နာလို့ တိုင်ကပ်နာရီကို ရိုက်ခွဲလိုက်တယ်
ရပ်တန့်သွားတဲ့နာရီလက်တံတွေဟာ
မြစ်ရေစီးကြောင်းတွေကို ခြောက်သွေ့စေခဲ့တယ်
စီးဆင်းခြင်းမှာ အသွေးအသားကို ခြစ်ထုတ်ခဲ့တယ်
အော်ဟစ်နေခဲ့တာပါပဲ
အသံဟာ နားရွက်တွေဆီ ရောက်မလာဘူး
အမြင်ဟာ မျက်လုံးတွဆီ ရောက်မလာဘူး
ထိုင်နေခဲ့တယ်
ငေးမောနေခဲ့တယ်
မြစ်ရေစီးသံကို လေပြေထဲမှာ နားစွင့်တယ်
ခမ်းခြောက်နေတဲ့မျက်ဝန်းတွေနဲ့ ငိုကြွေးလိုက်တယ်
မျက်ရည်ဟာ အငွေ့ပျံသွားလေရဲ့။ ။
သျှင်မျိုးငယ်