လင်းသက်ငြိမ် ● လောင်နေတဲ့လူတွေ

လင်းသက်ငြိမ် ● လောင်နေတဲ့လူတွေ
(မိုးမခ) မေ ၁၊ ၂၀၁၇


အမှောင်ကို ဘယ်သူခလုတ်နှိပ်လိုက်တာလဲ
ကိုယ်ထဲကတစ္ဆေတွေ တွားတက်လာ
စိတ်ကြိုက်တွေ့တဲ့ကဗျာက ရှားတာလား
ကဗျာကြိုက်တဲ့စိတ်က ရှားတာလား
ပျော်စရာရှိပျော်ကြ ငိုစရာရှိ ငိုကြ
အိုခြင်းဟာ တရိပ်ရိပ် ဒီရေ
ငါ့နာရီက စက်ကောင်းလို့ မြန်တာကွလို့
ကြောက်စိတ်ကို ရယ်သံနဲ့ အုပ်ပစ်လိုက်တယ်
အသံတွေတိတ်သွားတဲ့အခါ အသံတွေ ပိုမိုကျယ်လောင်လာ
မြို့လမ်းတွေက အခုထိ မကောင်းသေးဘူး
စောင့်ရတော့သစ်ပင်တွေက အကြီးနှေးလိုက်တာ
ဟာသတွေ ထပ်ထပ်တိုးလာတာနဲ့ပဲ ပျော်ကြရတော့မလား
အမျှော်က အများကြီးဆိုတော့
လိပ်စာတွေလည်း အများကြီးနေမှာပေါ့
ကိုယ့်ဘုရား သူ့ဘုရား လောင်းကြေးထပ်ကြ
ဘုရားကိုတော့ ဘယ်သူမှ မမြင်ဖူးကြ
ခေတ်အပြောင်းကို စိတ်အဟောင်းကြီနဲ့ စောင့်ရတာမောတယ်
အိပ်ရာထဲကနေ ကမ္ဘာပတ်နိုင်တဲ့အခြေအနေမှာ
အတွေးအခေါ်ဟာ ဝါးလုံးခေါင်းထဲ ထိုးထိုးဆင်း
အရိပ်တွေရှားတာ မပြောနဲ့
အရပ်ပဲမြင့်ချင်နေကြတာ ထည့်ပြောဦး
စာအုပ်အဟောင်းတွေ ပြန်ဈေးကောင်းတယ်
အရောင်းရဆုံးစာရင်းထဲ အနှစ်ရှာဖို့ ကြိုးစားမလို့လား
မှောင်ပြီးလင်းလာတဲ့ နေ့လည်ကို
ကိုယ့်ဘာသာ အမှောင်ချထားခဲ့တယ်လေ
အလင်းအကြောင်း သေချာမတွေးကြည့်တဲ့
စက္ကန့်အမျှ လောင်ကျွမ်းသူ လူများ
ဟိုတယ်တွေဟာ မင်္ဂလာဦးညတွေဖြစ်ပြီး
မင်္ဂလာဦးညတွေဟာ နောင်တတရားများသာဖြစ်၏ ။

လင်းသက်ငြိမ်