သူသူမေ (မော်ကျွန်း) ● အဖေနှင့် ကျမကြား ကာလယန္တရား
အဖေသည် ကျမအားလူ့လောကသို့အလည်ခေါ်ခဲ့သည့် လကိုကားမသိပါ။ ကျမထင်သည်မှာ ၁၉၈၇ ခုနှစ် ပိုင်းက ဖြစ်လိမ့်မည်။ ကျမကိုမွေးတော့ အရေးတော်ပုံဖြစ်ပြီးလများဖြစ်သည်ဟုတော့ ပြောသည်။ ယေဘုယျ အားဖြင့်ပြောကြသည် မှာတော့ ၁၉၈၈ ခုနှစ်တွင် မွေးဖွားသူများအားလုံးကို ၈ လေးလုံးလူထုအရေးတော်ပုံနှစ်တွင် မွေးသူများဟု လူကြီးများ သ မုတ်ကြသည့်စကားကို ကျမမှာမူ မမေ့နိုင်စွာ အမွေဆက်ခံ သမုတ်လျက်ရှိပါသည်။ ကျမ၏ ကျောင်းနေဖော်သူငယ်ချင်းများကြားတွင်လည်း ၁၉၈၈ ခုနှစ်မွေးဖွားသူဟု ကြားမိသည်နှင့် မိမိတို့ အရေးအခင်းနှစ်ဖွားအတူတူဖြစ်ကြောင်း အရင်ဆုံး ကျမမှ မှတ်ချက်ပေးတွေးတောပြောဆိုတတ်သူဖြစ်သည်။
အဖေသည် ကျမလူ့လောကသို့ ရောက်ပြီးနောက်ပိုင်းလများတွင် ဖခင်တဦးဖြစ်ကြောင်း သူ၏ကိုယ်အမူအရာ နှုတ်အမူအရာ များနှင့် ပြောမည်ထင်ပါသည်။ အဖေမှာ ကျမအားပွေ့ဖက်နမ်းရှုံကြောင်း၊ ချီပိုးထိန်းကျောင်းကြောင်း၊ အမေနှင့်အတူ တာဝန်ကျရာမြို့ကျောင်းတွင် ပုခက်နှင့်ထိန်းရင်းတဝက်ဖြင့် အလုပ်လုပ်ခဲ့ရကြောင်းများကို တဆင့်စကားဖြင့်ကြားသိခဲ့ရပါ သည်။ ဆက်လက်၍ အဖေသည် လခရသမျှအား အမေသို့တစ်ပြားတစ်ကျပ်မချန် အပ်နှံခဲ့ကြောင်း၊ အသောက်အစား ကင်းကြောင်း၊ အဖေ၏လစာဖြင့် မိသားစု၏ ခန်းကဏ္ဍတဝက်ကို ဖြေရှင်းပြီးစီးရကြောင်းများလည်း အစ်ကိုအစ်မများ၏ အတွေ့အကြုံမှတဆင့် သိရှိခဲ့ရပါသည်။ ကျမအနေနှင့်မှတ်မိရန် ဦးနှောက်အသိဉာဏ် မဖွံ့ဖြိုးသေး၍ဖြစ်ပါမည်။
အဖေသည် ကျမအားမွေးပြီး နောက်နှစ်တွင် မြို့ကျောင်းမှ ကျေးတောရွာကျောင်းသို့ မူလတန်းကျောင်း အုပ်အနေဖြင့် ပြောင်းရွှေ့တာဝန် ထမ်းဆောင်ရပါသည်။ အမေကတော့ မြို့ကျောင်းတွင်သာ တာဝန်ထမ်းဆောင်ရင်း ကျမတို့သားသမီး များနှင့် နေရစ်ခဲ့ပါသည်။ အဖေတို့ တာဝန်ထမ်းဆောင်ရသည့် ခုနှစ်ပိုင်းများက ကျောင်းဆရာ/ဆရာမ ဝန်ထမ်းများအား လခအပြင် အချွန်ဆန်ထုတ်ကဒ်များပေးသဖြင့် အမေနှင့်နှစ်ယောက်စာ ဆန်ကဒ်နှစ်ကဒ်ရလေသည်။ ထို့ပြင် အဖေတာဝန် ထမ်းဆောင်ရာ ကျေးရွာမှ ရွာခံဝန်ထမ်း လင်မယားမှလည်း အဖေ့အားခင်မင်သည်ဖြစ်၍ အဖေ့အားကျွေးမွေးစောင့်ရှောက်ထားသလို သူတို့၏ဆန်ကဒ်များအားလည်း မေတ္တာဖြင့်ပေးကမ်းထားသည်ဖြစ်၍ အမေ့အတွက် လစဉ်ဆန်ကဒ်လေးကဒ်ဖြင့် ကျမမတို့မောင်နှစ်မလေးယောက် စာထမင်းအိုးလေး တော့ အဆင်ပြေချောမွေ့ခဲ့ကြောင်း သိခဲ့ရပါသည်။ သို့သော်အဖေသည် ကျေးရွာတွင် အပေါင်းအဖော်နှင့် သောက်စားတတ်လာသည့် ဝမ်းနည်းစရာအကြောင်းတခုတော့ တိုးလာခဲ့ရုံမှအပ ဖခင် တယောက်၏တာဝန်တော့ လစ်ဟင်းခြင်း အလျဉ်းမရှိခဲ့ပါပေ။
အုပ်ခံစာသင်ကျောင်းဆောင် ရှားပါးသည့်အဖေတို့ခေတ်တွင် အဖေသည်ထိုရွာအတွက် တာဝန်ထမ်းဆောင်စဉ် အုပ်စာ သင်ကျောင်း တဆောင်ရရှိရေးကြိုးပမ်းဖြစ်ခဲ့ပါသည်။အဖေ့၏စွမ်းဆောင်မှုဖြင့် စာသင်ကျောင်းဆောက်လုပ်ပြီးစီးကြောင်းကိုတော့ အဖေ၏ကျောင်းဖွင့်ပွဲ ဖဲကြိုးဖြတ်နေသည့်မှတ်တမ်းဓာတ်ပုံလေးအပြင် အမေ၏ပြောစကားများမှတဆင့်လည်း ငယ်စဉ်ကပင်ရင်းရင်းနှီးနှီးသိရှိနေခဲ့ပါသေးသည်။ ကျမ ရေးတေးတေးတော့ဖြင့် မှတ်မိသည်လားမသိ။ ကျမသုံးနှစ်သမီး အရွယ်ခန့်က အဖေတာဝန်ကျရာရွာသို့ အမေနှင့်ကျမတို့ အလည်သွားရောက်ကြပါသည်။ ကျမမှာ ထိုစဉ်က ဝဝတုတ်တုတ် ကလေးဖြစ်ရာ ထိုရွာတွင် ဓာတ်ပုံပင် ရိုက်ဖြစ်ခဲ့ပါသေးသည်။ ဓာတ်ပုံရှိနေ၍ပင် မှတ်မိသည်ထင်နေသလောဟုတော့ ကိုယ့် ကိုယ်ကို မသိပါ။
ကျမမှာ ငယ်စဉ်က အဖေနှင့်အမေတွင် အမေ့အားသာ၍ ကပ်ပါသည်။ အဖေကိုဆိုလျှင် ခပ်ခွာခွာ ရှောင်ဖယ်ဖယ် နေလေ့ရှိ သည်ကို အဖေရိပ်မိပါသည်။ ထို့အတွက် ဝမ်းနည်းဒေါသဖြစ်ကြောင်းလည်း အမေမှတဆင့် သိခဲ့ရပါသည်။ အဖေသည် ငရုတ်သီးဆားထောင်း အလွန်ကြိုက်သူဖြစ်ရာ ဤနေရာတွင်တော့ အဖေနှင့်ချွတ်စွတ်တူလှအောင် ကျမသည်လည်း ငရုတ်သီးဆားထောင်အား ကြိုက်လှပါသည်။ အဖေသည် ကိုယ်စားချင်သည်ကို ကိုယ်တိုင်ထလုပ်၍ စားတတ်သူတဦး လည်းဖြစ်သဖြင့် အဖေ၏ ဝေယျာဝစ္စအတွက်မူ အမေ့အနေဖြင့် ထမင်းပွဲပင် သေချာမပြင်ခဲ့ရပါ။ အဖေ့အတွက် မနက်ခင်း ရေနွေးတအိုးနှင့်ပင် အမေ့တာဝန်ပြီးဆုံးသွားပါသည်။ ဤသည်မှာတော့ အမေခဏခဏထုတ်ဖော်ကြွား၍သိခဲ့ရသည့် အမေ ၏ဟာကွက်ကလေးတခုရယ်ပါ။ အဖေမှာ အရက်သောက်တတ်သော်လည်း မူးလျှင် ရမ်းကားခြင်းမရှိဘဲ အိပ်နေတတ် သူဖြစ်ပါသည်။ အဖေ၏အသိစိတ်တွင် အရက်ကိုမသောက်လိုသောကြောင့် အရက်ဖြတ်မည်ဟုပြောသော်ငြား ထိုအရာကို မလွန်ဆန်နိုင်စွာနှင့် ဆက်လက်သောက်နေရပါသေး၏။
ကျမကျောင်းနေအရွယ် အသက် ၅ နှစ်သို့ရောက်သည့်အခါတွင်တော့ အမေ၏ကျောင်းမှာဝေးသဖြင့်နီးစပ်ရာမြို့ထဲကျောင်းတွင် ကျမကို အပ်ပါသည်။ အဖေကတော့ တောကျောင်းအုပ်ဘဝဖြင့်ပင် တောနှင့်မြို့ကူးကာသန်းကာ နေရပါသည်။ ကျွန်မမှာ ငယ်စဉ်ကကျောင်းတက် ရမည်ကို အလွန်ကြောက်တတ်သူဖြစ်လေသည်။ ကျောင်းစတက်သည့် ပထမလတွင်ပင် ကျောင်းမှပြန်ပြေးလာသည့်အတွက် ကျမ၏ အစ်ကိုနှင့် ဆရာမမှလိုက်၍ ဖမ်းယူရပါသည်။ ကျမငယ်စဉ်ကအပြေးသန်ပုံရ၍ လိုက်မမိကြပါ။ မမီနိုင်သည့်အဆုံးတွင်တော့ အစ်ကိုဖြစ်သူမှ အိမ်ရောက်လျှင် အဖေနှင့်တွေ့မည်ဟု အဝေးမှလှမ်း၍ ခြောက်ပါသည်။ ထိုစဉ် ကျွန်မသိသည်မှာ အိမ်ပြန်ချင်သည်ပဲ ဖြစ်သည်။အစ်ကိုပြောသလိုပင် အိမ်သို့ ရောက်သည်နှင့် အဖေနှင့်တွေ့ပါသည်။ ကျမအသံကြားသည်နှင့် အိပ်နေရာမှထလာပြီး ပြတင်းပေါက် တွင် ညှပ်ထားသည့်ဝါးခြမ်းပြားဖြင့် မနားတမ်းရိုက်ပါတော့သည်။ နှုတ်မှလည်း နင် မအေကို ဒုက္ခ မပေးနဲ့ဟု တတွတ်တွတ် ပြောဆိုပါသည်။ ဤသည်မှာ အဖေနှင့်ကျမကြား နောက်ဆုံးစကားဖြစ်သလို အဖေနှင့်မိသားစုကြား နောက်ဆုံးစကားဖြစ်ခဲ့မည်ဟုကျမ တို့မထင်မိကြပါ။ အဖေသည် ကျမအား ရိုက်နှက်ဆုံးမပြီး အခန်းတွင်းသို့ဝင်၍ တညနေလုံးနှင့် တညလုံးအိပ်ရာဝင်သွားပြီးနောက် တဘဝလုံး မနိုးသောအိပ်ခြင်းနှင့် ဆက်လက်အိပ်သွားပါတော့သည်။
ထိုစဉ်နံနက်က အမေသည် သူ၏တာဝန်အတိုင်း ပုံမှန်မနက်ခင်းရေနွေးအိုးတလုံးးတည်ပြီး အဖေ့ကိုနှိုးလေရာမှ အသက်မရှိ တော့ကြောင်း သိကြရပါသည်။ အဖေ၏ ကျမအပေါ်မှာကြားစကားသည် မောင်နှမများထဲတွင် ကျမတယောက်ကိုသာ မှာကြားရန်လိုအပ်သူဖြစ်ကြောင်း ကြိုသိနေသည့်အလား။ အဖေ့အမြင်တွင် ကျမတို့မိသားစု၌ ကျမသည်သာ ဒုက္ခ အပေးဆုံးဖြစ်နေမည်ဟု ထင်ပုံရပါသည်။
အဖေသည် ကျမအတွက် နောက်ဆုံးစကားအပြင် နောက်ဆုံးဆုလာဘ်တခုကိုလည်း ပေးသွားပါသေးသည်။ ယခုနှစ်အခြေခံပညာကျောင်းများအတွက် နေ့စားလပေး ဆရာ/ဆရာမများခေါ်ယူသည့်အခါ အမှတ်ပေးစနစ်တွင် မိဘများမှာ ပညာရေး ဝန်ထမ်းများဖြစ်လျှင် ရမှတ်ဆယ်မှတ်ပေါင်း ပေးရပါသည်။ အဖေမရှီတော့သည်မှာ နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာပြီးသည့်တိုင်အောင် ကျမ၏ ထမင်းစားလက်မှတ်အတွက် အထောက်အကူအဖြစ် နောက်ဆုံးဆုလာဘ်ပေးစွမ်းသွားနေပုံမျိုးနှယ်တူလှပါသည်။ အဖေပေးသည့် ဆုလာဘ်သည် ကျမအသက်ထက်ဆုံးတိုင် အဓိပ္ပာယ် များပြည့်နှက်နေလိမ့်ဦးပေမည်။
တကယ်တော့အဖေနှင့် ကျမကြား ခြားနားခဲ့လေပြီဖြစ်သော ကာလယန္တရားသည် တိုလေဟန်ရှိသော်လည်း ရှည်လျား တာ ရှည်ခဲ့လေသည်။ ကျမသည် ငယ်ငယ်နှင့် ဖခင်ဆုံးပါးခဲ့၍ ဖခင်မေတ္တာမရလိုက်ပါဟု အဘယ်သို့ ငြင်းနိုင်ပါအံ့မည်နည်း။