လှကျော်ဇော – ကံတူအကျိုးပေးအဖွဲ့အစည်းတရပ် တည်ဆောက်ရေး
(မိုးမခ) ဧပြီ ၁၅၊ ၂၀၁၇
၂၀၁၆-ခုနှစ်-ဟာ ဂလိုဘယ်လာဇေးရှင်းအတွက်ကြမ္မာငင်တဲ့နှစ်လို့ပြောရမလားပဲ။ ဇွန်လ(၂၃) ရက်နေ့က အင်္ဂလန်မှာပြုလုပ်ခဲ့တဲ့-လူထုဆန္ဒခံယူပွဲမှာ ဥရောပသမဂွက ထွက်ဖို့ဘက် က အနိုင်ရလိုက်ပါတယ်။ ၀င်ဘာမှာ ကျင်းပတဲ့ အမေရိကန်သမတရွေးကောက်ပွဲမှာတော့ မမျှော်လင့်ပဲ ဒေါ်နယ်ထရန့် အနိုင်ရလိုက်ပါတယ်။ ဂလိုဘယ်လာဇေးရှင်းရဲ့အားနည်းချက်များရဲ့ ဂယက်ရိုက်ခတ်မှုကိုခံရတဲ့ပြည်သူ လူထုရဲ့ဒေါသကိုဖေါ်ပြလိုက်တာလို့လည်း ပြောနိုင်ပါတယ်။ ဒါ့အပြင် ၂၀၁၇ ခုနှစ်အတွင်းကျင်းပမှာဖြစ်တဲ့ ဥရောပနိုင်ငံကြီးတချို့ (ပြင်သစ်၊ဂျာမဏီ) ရဲ့ရွေးကောက်ပွဲများမှာလည်း – လက်ယာအစွန်းရောက် အင်အားစုများက မကြုံစဖူး အလားအလာကောင်းနေတာ မြင်တွေ့နေရပါတယ်။
ကမ္ဘာပေါ်ရှိနိုင်ငံအားလုံးရဲ့တညီတညွတ်တည်းရှိတဲ့ အိမ်မက်(၀ါ)လိုအင်ဆန္ဒကတော့ – – လူနေမှု ဘ၀မြင့်တက်ရေး – – လူချင်းတူတူ – သူချင်းမျှမျှနေထိုင်ရေး – – တနည်းပြောရရင်-တရားမျှတတဲ့ လူမှုဘ၀ ရရှိရေးပါပဲ။ ဒါပေမဲ့ လက်ရှိဖြစ်ပေါ်နေတဲ့အချင်းအရာများကတော့ စိတ်ပျက်စရာတွေများပါတယ်။ ၀င်ငွေ ကွာခြားမှုတွေ ကြီးသထက်ကြီးလာတာ အသက်အရွယ်ကြီးသူတွေ များလာပြီး အရွယ်ကောင်း လုပ်နိုင်ကိုင်နိုင်သူတွေ နည်းသထက် နည်းလာတာ၊ ရာသီဥတုဖေါက်ပြန်မှုတွေ ပိုဆိုးလာတာ၊ စတာ စတာတွေကြောင့် လူထုအများစုရဲ့ မကျမနပ်ဖြစ်မှုတွေကို တချို့က ဂလိုဘယ်လာဇေးရှင်းအပေါ် ပုံချလိုက်ပါတယ်။ အဲဒီအခြေအနေအောက်မှာ- လူပြိန်းကြိုက်နိုင်ငံရေးသမားများ လူကြိုက်များလာတာဖြစ်ပါတယ်။
ဒီမှာတင်- ကမ္ဘာတလွှား- ဂလိုဘယ်လာဇေးရှင်းလမ်း ဆက်လျှောက်ကြမလား။ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးလမ်းကို လျှောက်ကြမလား ဆိုတဲ့- လမ်းဆုံလမ်းခွကို ရောက်ရှိလာပါတော့တယ်။ အဲဒီအချိန်မှာပဲ- တိုက်တိုက်ဆိုင်ဆိုင်ကျင်းပခဲ့တဲ့ ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗို့စ်က- ကမ္ဘာစီးပွားရေးဖိုရမ်မှာ တရုတ်နိုင်ငံ သမတရှီကျင့်ဖင်က ကျွန်တော်တို့ခေတ်ရဲ့တာဝန်ကို အတူတကွထမ်းဆောင်ပြီး၊ ကမ္ဘာကြီးရဲ့တိုးတက်မှုကိုမြှင့်တင်ကြပါစို့ ဆိုတဲ့ မိန့်ခွန်းတရပ် ပေးခဲ့ပါတယ်။ (၁၇-၁-၂၀၁၇)။
အဲဒီ- ဖိုရမ်ဟာ နှစ်စဉ် ကျင်းပနေကြပါ။ တိုင်းပြည်အသီးသီးက ခေါင်းဆောင်တွေ စီးပွားရေးဆိုင်ရာ ပညာရှင်များ လုပ်ငန်းရှင်များ ထောင်ကျော်တက်ကြတဲ့ပွဲကြီးပါ။ ကမ္ဘာကြီးတခုလုံးနဲ့ချီတဲ့ ပြသာနာများ (စီးပွားရေး၊ ပတ်ဝန်းကျင်လေထုညစ်ညမ်းမှု၊ ရွှေ့ပြောင်းနေထိုင်သူများပြသာနာ)ကို ၀ိုင်းဝန်းဆွေးနွေးကြ၊ ငြင်းခုံကြ၊ အဖြေရှာကြနဲ့ အလွန်ပွဲစည်ပါတယ်။ အဲဒီဆွေးနွေးပွဲတွေကနေ အလွန်အဖိုးတန်တဲ့ ပြသာနာတွေကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းသစ်တွေ နည်းပရိယာယ်သစ်တွေ ပေါ်ထွက်ခဲ့တာတွေလည်း ရှိပါတယ်။
နှစ်စဉ်ဒီပွဲကို တရုတ်ပြည်က ၀န်ကြီးချုပ်ပဲ တက်ပါတယ်။ ဒီနှစ်ကျမှ သမတကိုယ်တိုင် တက်တာပါ။ ဒါ့ကြောင့် တရုတ်ပြည်တွင်းမှာရော -နိုင်ငံတကာမှာရော စိတ်ဝင်တစားစောင့်ကြည့်ကြပါတယ်။
သမတရှီကျင့်ဖင့်က သူ့မိန်းခွန်းမှာ – ဂလိုဘယ်လာဇေရှင်းကို အပြတ်ကာကွယ်ထားပါတယ်။ သူက ဂလိုဘယ်လာဇေရှင်းကို သိပွံနည်းကျစွာ ခွဲခြမ်းစိတ်ဖြာပြပြီး အကျိုးရှိမှုတွေက ဘာတွေဖြစ်တယ်။ နောင်အလားအလာတွေက ဘာတွေဖြစ်တယ်။ အဲဒါတွေကို ဘယ်လိုဖေါ်ဆောင်လို့ရတယ်။ အားနည်းချက်ချို့ယွင်းချက်များက ဘာတွေဖြစ်တယ်။ ဒါတွေကို ဖြေရှင်းဖို့ နည်းလမ်းတွေကိုလည်း စုပေါင်းပြီး တီထွင်ဖန်တီးမှုရှိစွာရှာဖွေဖို့ စတာ စတာတွေ ပါဝင်ပါတယ်။ ဂလိုဘယ်လာဇေးရှင်းနဲ့ ပတ်သက်ပြီး ချီတုံချတုံဖြစ်နေမှုများ အပေါ် အတော်ဘ၀င်ကျသွားနိုင်လောက်တဲ့မိန့်ခွန်းပါပဲ။
သမတရှီအနေနဲ့ အနောက်တိုင်းပညာရှင်အများစုရှေ့မှာပြောရတဲ့မိန့်ခွန်းဖြစ်လေတော့-သူတို့တတွေနဲ့ ရင်းနှီးလှတဲ့ ချားလ်စ်ဒစ်ကင်ရဲ့ပြောကြားချက်များကို ကိုးကားခဲ့ပေမဲ့ သူ့မိန့်ခွန်းရဲ့တကယ့်အနှစ်သာရကတော့ ဥက္ကဌမော်စီတုန်းရဲ့ ပဋိပက္ခကျမ်းမှာ အခြေခံတာပါ။ တရုတ်ကွန်မြူနစ်များမှာ ကံကောင်းတဲ့အချက်တရပ် ရှိပါတယ်။ အလွန်ခက်ခဲနက်နဲလှတဲ့ မာက်စ်ဝါဒကို မော်က တရုတ်မှုပြုပေးထားခြင်းပါပဲ။
မော်က မာက်စ်ဝါဒကို တရုတ်ပြည်ရဲ့ရှည်လျားလှတဲ့ သမိုင်းအဖြစ်အပျက်များက သင်ခန်းစာများနဲ့ရော၊ သူတို့ရဲ့တရုတ်ကွန်မြူနစ်ပါတီ ဆင်နွှဲခဲ့တဲ့တော်လှန်ရေးတလျှောက်က သင်ခန်းစာများ၊ နိဂုံးချုပ်ချက်များကိုရော- ဆက်စပ်ပြခဲ့ပြီး မော်စီတုန်းအတွေးအခေါ်များ ဆိုတဲ့ကျမ်းတွေကို ပြုစုပေးခဲ့တာပါ။ မော်ကိုဆက်ခံခဲ့တဲ့ အဆက်ဆက်သောခေါင်းဆောင်များကလည်း အဲဒီအခြေခံပေါ်မှာရပ်တည်ပြီး ခေတ်စနစ် အချိန်ကာလ အပြောင်းအလဲတွေနဲ့ ကိုက်ညီတဲ့ အတွေးအခေါ်သစ်များ၊ နည်းလမ်းအသစ်များကို တီထွင်ဖန်တီးပြီး မော်အတွေးအခေါ်ဘဏ္ဍာတိုက်ကြီးကို ထပ်မံဖြည့်ဆီးပေးကြပါတယ်။ ဒီအတွေးအခေါ် လမ်းညွှန်မှုတွေအောက်မှာ အလွန်ဆင်းရဲ ခေတ်နောက်ကျလှတဲ့ (အနောက်တိုင်းသမိုင်းပညာရှင်တချို့ရဲ့ အာရှတိုက်ရဲ့လူမမာကြီးလို့ လှောင်ပြောင်အခေါ်ခံရဘူးတဲ့) တရုတ်ပြည်ကြီးကို စီးပွားရေးအရ ကမ္ဘာဒုတိယအင်အားကြီးနိုင်ငံတရပ် အဖြစ် ရပ်တည်လာနိုင်ခဲ့ပါတယ်။
တရုတ်ပြည်ရဲ့အအောင်မြင်ဆုံးအလုပ်ကတော့ သူတို့နိုင်ငံတွင်းက ဆင်းရဲမွဲတေမှုအမျိုးမျိုးကို အချိန်တိုအတွင်း (မျိုးဆက် ၁ဆက် ၂ဆက်အတွင်း) သက်သာပျောက်ကင်းအောင် လုပ်နိုင်မှုပါပဲ။ ဒါတွေကြောင့် တရုတ်ပြည်ဟာ ဆင်းရဲတွင်းက မလွတ်မြောက်နိုင်သေးတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများ၊ ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံများရဲ့ အားကျဖွယ် လေ့လာဖွယ်နိုင်ငံတနိုင်ငံ ဖြစ်လာပါတော့တယ်။ ဒါ့အပြင် ၂၀၀၇ – ၂၀၀၈ ကစလို့ ကျရောက်ခဲ့တဲ့ ကမ္ဘာစီးပွားရေးကပ်ဘေးကြီးကြောင့် လူနေမှုအဆင့်အတန်းများ သိသိသာသာကျဆင်းသွားရတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံများ (ဥပမာ – ဥရောပနိုင်ငံများ)အဖို့လည်း လှမ်းစူးစမ်းချင်စဖွယ် ဖြစ်လာနေပါတယ်။
ဒီလိုအချိန်အခါမှာ တရုတ်သမတ က ဒီလိုမျိုး တကမ္ဘာလုံးချီတဲ့သေနင်္ဂဗျူဟာမိန့်ခွန်း ပေးတာပါ။
ရှီရဲ့မိန့်ခွန်းထဲက အချက်များကို ကြည့်ရအောင်ပါ။
မိန့်ခွန်းကို ချားလ်စ်ဒစ်ကင်ရဲ့စကားနဲ့ အစချီထားပါတယ်။
ဒီအချိန်ဟာ ကမ္ဘာကြီးအတွက် အကောင်းဆုံးအချိန်လည်းဖြစ်တယ်၊ အဆိုးဆုံးအချိန်လည်းဖြစ်တယ် … တဲ့။ စက်မှုတော်လှန်ရေးကြီးအပြီး ကမ္ဘာအပေါ် ချားလ်စ်ဒစ်ကင်ရဲ့အမြင်ပါ။
“ဒီနေ့-ကျွန်တော်တို့တတွေဟာ ပဋိပက္ခလောကကြီးမှာ နေထိုင်နေကြရပါတယ်။ တဘက်မှာတော့-ရုပ်ဝတ္တုတွေ တဖြည်းဖြည်း ပေါကြွယ်လာနေတာ၊ သိပ္ပံနဲ့နည်းပညာ အတတ်ပညာတွေ တိုးတက်လာနေတာ စတာတွေနဲ့အတူ လူသားတွေရဲ့ယဉ်ကျေးမှု (human-civilization) ဟာ ဘယ်တုန်းကနဲ့မှ မတူအောင် ဖွံ့ဖြိုးတိုးတက်နေပါတယ်။ ဒါပေမဲ့ တဘက်မှာလည်း ဒေသအလိုက် စစ်ပွဲတွေ မကြာခနဖြစ်ပေါ်နေပြီး တကမ္ဘာလုံးချီ စိန်ခေါ်မှုတွေဖြစ်တဲ့ အကြမ်းဖက်ဝါဒနဲ့ စစ်ပြေးဒုက္ခသည်များအရေးတွေအပြင် ဆင်းရဲမွဲတေမှု၊ အလုပ်လက်မဲ့ဖြစ်မှု၊ ၀င်ငွေကွာခြားမှု စတာတွေဟာ ကမ္ဘာကြီးကို မတည်မငြိမ်ဖြစ်စေနေပါတယ်။ ဘာတွေဖြစ်ကုန်ပြီလဲ။ တချို့က စီးပွားရေးအရ ဂလိုဘယ်လာဇေးရှင်းဖြစ်လာမှုအပေါ် အပြစ်ပုံချကြပါတယ်။ ပြသာနာများရဲ့အရင်းအမြစ်များကို ကြည့်ရအောင်ပါ။ ဥပမာအားဖြင့် – အရှေ့အလယ်ပိုင်းနဲ့ အာဖရိကမြောက်ပိုင်းက ဒုက္ခသည်များပြသာနာဟာ ဒေသတွင်းစစ်ပွဲများ၊ မတည်မငြိမ်ဖြစ်မှုများမှာ အခြေခံပါတယ်။ ဖြေရှင်းနည်းတွေလည်း ရှိပါတယ်။ ငြိမ်းချမ်းရေးရရှိအောင် အပြန်အလှန်ဆွေးနွေးပြီး ဒေသတွင်းတည်ငြိမ်ရေး တည်ဆောက်ရေးပါပဲ။ ထို့အတူ ကမ္ဘာဘဏ္ဍာရေးအကြပ်အတည်း ဆိုတာဟာလည်း ဘဏ္ဍာအရင်းအရင်းအနှီးများရဲ့ မတော်လောဘကြောင့်ဖြစ်ပြီး ဘဏ္ဍာရေးဆိုင်ရာနည်းစနစ်များ (financial regulations)ရဲ့ ကျဆုံးမှုကိုဖေါ်ပြလိုက်တာပါ။” .. တဲ့။
စီးပွားရေးဂလိုဘယ်လာဇေးရှင်းနဲ့ပတ်သက်ပြီးတော့လည်း ဒီလိုခွဲခြမ်းစိတ်ဖြာပြခဲ့ပါတယ်။
“သမိုင်းအမြင်အရ၊ စီပွားရေးဂလိုဘယ်လာဇေးရှင်း (economic globalization) ဟာ အဆက်မပြတ်ဖွံ့ဖြိုးလာနေတဲ့ လူမှုကုန်ထုတ်လုပ်မှု (social productivity)ရဲ့ ရလာဒ်ဖြစ်ပြီး သိပွံပညာနဲ့ နည်းပညာဆိုင်ရာ တိုးတက်မှုများရဲ့ သဘာဝကျစွာဖြစ်ထွန်းလာမှုများ ဖြစ်ပါတယ်။ ဒါဟာ လူပုဂ္ဂိုလ်တဦးတယောက် သို့မဟုတ် နိုင်ငံတနိုင့်ငံက ဖန်တီးလိုက်တာ မဟုတ်ပါဘူး။ ဒီစီးပွားရေးဂလိုဘယ်လာဇေးရှင်းဟာ ကမ္ဘာဖွံ့ဖြိုးတိုးတက်ရေးကို အင်အားအရှိန်မြှင့်ပေးလိုက်ပြီး၊ ကုန်ပစ္စည်းများနဲ့ ငွေကြေးအရင်းများရဲ့အရွှေ့အပြောင်း၊ လှုပ်ရှားမှုများကို၎င်း၊ သိပ္ပံပညာ၊ နည်းပညာနဲ့ ယဉ်ကျေးမှုများရဲ့ တိုးတက်မှုများကို၎င်း၊ ပြည်သူများအကြား အပြန်အလှန်ဆက်သွယ်မှုများကို၎င်း လွယ်ကူ ချောမောပြေပြစ်စေခဲ့ပါတယ်။
ဒါပေမဲ့ ဒီဖြစ်ရပ်များဟာ အသွား(၂)ဘက် ရှိပါတယ်။ အခုလို ကမ္ဘာစီးပွားရေးအကျဘက် ရောက်လာချိန်မှာ ဒီအားနည်းချက်များဟာ ပိုထင်ရှားလာပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြန်လည်ဖြန့်ဝေမှုအကြား၊ ငွေကြေးအရင်းအနှီးနဲ့ လုပ်အားအကြား၊ အစွမ်းအစရှိမှုနဲ့ တရားမျှတမှုအကြား၊ ဆက်ဆံရေးများဟာ တင်းမာလာနေပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံများမှာရော၊ ဖွံ့ဖြိုးဆဲနိုင်ငံများမှာရော၊ ဒီဒဏ်ကို ခံနေရပါတယ်။ ဒါကြောင့် ဒီလို ဂလိုဘယ်လာဇေးရှင်းကို ဆန့်ကျင်တဲ့အသံတွေ ထွက်လာတာပါ။ ဒီအားနည်းချက်များကို ဖြေရှင်းရပါလိမ့်မယ်။
သဘာဝတရားအရပြောရရင် ဘယ်အရာမှ ခြောက်ပစ်ကင်း သဲလဲစင်တာမရှိပါဘူး။ အကောင်းအဆိုး ဘက်စုံအောင်ကြည့်ရမှာပါ။ အကောင်းတွေကို ပိုမိုပြည့်စုံအောင် အထူးသဖြင့် အများစုကြီး ခံစားသိမြင် လာအောင် တဘက်ကကြိုးစားရမှာဖြစ်သလို အဆိုးတွေကိုလည်း ရော့နဲသွားအောင်၊ သက်သာအောင်လုပ်ရမှာပါ။ ဒါ့ကြောင့် ဂလိုဘယ်လာဇေးရှင်းက ဖြစ်ပေါ်လာနေတဲ့ပြသာနာအသစ်များကို ၀ိုင်းဝန်း ဖြေရှင်းကြရမှာဖြစ်ပြီး ဂလိုဘယ်လာဇေးရှင်းရဲ့အကျိုးကျေးဇူးတွေကို နိုင်ငံအားလုံး လူမျိုးအားလုံး ခံစားနိုင်ရအောင် မျှဝေပေးရပါလိမ့်မယ်။” ဆိုပြီး အတော်ပြည့်စုံစွာ ရှင်းပြသွားပါတယ်။
ဒါ့အပြင် တရုတ်ပြည်ရဲ့အတွေ့အကြုံများကိုလည်း အခုလို ထည့်ပြောပါသေးတယ်။
“တရုတ်ပြည်အနေနဲ့လည်း တကြိမ်တခါက ဂလိုဘယ်လာဇေးရှင်းနဲ့ပတ်သက်ပြီး ချီတုံချတုံဖြစ်ခဲ့ဘူးပါတယ်။ ကမ္ဘာကုန်သွယ်ရေးအဖွဲ့အစည်း (W.T.O) ထဲ ၀င်ရေး မ၀င်ရေးပါ။ ကမ္ဘာစီးပွားရေးနဲ့ စုစည်းပေါင်းစပ်မှုဟာ သမိုင်းရေစီးကြောင်းဖြစ်တယ်။ တရုတ်ပြည်အနေနဲ့ မိမိစီးပွားရေးကို ဖွံ့ဖြိုးတိုးတက်လာနိုင်ဖို့အတွက် ကမ္ဘာဈေးကွက်ဆိုတဲ့ သမုဒ္ဒရာရေပြင်ကျယ်ကြီးထဲမှာ ကူးခတ်တတ်ရမယ်။ လေဒဏ်မိုးဒဏ်ကို ကြောက်နေလို့မဖြစ်ဘူး … ဆိုတဲ့ နိဂုံးချုပ်ချက်အောက်မှာ မှန်ကန်တဲ့သေနင်္ဂဗျူဟာလမ်းကို ရွေးချယ်ခဲ့ပါတယ်။ ရေဒဏ်မိုးဒဏ် အမျိုးမျိုးခံခဲ့ရပေမဲ့ ကျွန်တော်တို့ ရေကူးတတ်သွားခဲ့ပါတယ်။ အခုအခါမှာတော့ သမုဒ္ဒရာထဲက ရေတွေကို မြစ်တွေ ချောင်းတွေထဲပြန်စီးခိုင်းလို့ မဖြစ်တော့သလိုဘဲ ငွေကြေးအရင်းအနှီးတွေ၊ နည်းပညာတွေ၊ ကုန်ထုတ်ပစ္စည်းတွေ၊ စက်မှုလုပ်ငန်းတွေ၊ ပြည်သူလူထုတွေရဲ့ရေစီးကြောင်းကြီးတွေကို တားဆီးပိတ်ပင်လို့ မရနိုင်တော့ပါဘူး။” … တဲ့။
“လူသားတွေရဲ့သမိုင်းက ပြသာနာတွေဟာ ကြောက်စရာမဟုတ်ဘူးလို့ သင်ကြားပေးထားပါတယ်။ ရှိနေတဲ့ပြသာနာတွေကို အသိအမှတ်မပြုတာ၊ ဖြေရှင်းရမဲ့လမ်းတွေကို မသိတာတွေကသာ စိတ်ပူစရာပါ။ အခုလို စီးပွားရေးဂလိုဘယ်လာဇေးရှင်းအနေနဲ့ အခွင့်ကောင်းတွေရော စိန်ခေါ်မှုတွေရော ပေါ်ပေါက်လာနေချိန်မှာ မှန်ကန်တဲ့လမ်းကတော့ အခွင့်ကောင်းဟူသမျှ ဆုပ်ကိုင်ပြီး၊ စိန်ခေါ်မှုတွေကို အတူတကွရင်ဆိုင်ကာ သင့်တော် တည့်မတ်တဲ့လမ်းကြောင်းကို ရှာဖွေကြဖို့ပါပဲ။” … တဲ့။
ဒါ့အပြင် အဲဒီလမ်းကြောင်းကို ဘယ်လိုရှာဖွေသင့်တယ် ဆိုတာလည်း ဆက်ပြောပါတယ်။
“စီးပွားရေးဂလိုဘယ်လာဇေးရှင်းကို ပိုမိုအင်အားတောင့်တင်းစေရမယ်။ အားလုံး ပါဝင်လာစေရမယ်။ ပိုပြီး ရေရှည်တည်တန့်အောင် လုပ်ရပါမယ်။ ဒါတွေကို လက်ဦးမှုရှိရှိ လုပ်ဆောင်ရမှာပါ ။နိုင်ငံတိုင်းအနေနဲ့
မိမိနိုင်ငံရဲ့လက်ရှိအခြေအနေများက အစချီပြီး ဒီဂလိုဘယ်လာဇေးရှင်းဖြစ်စဉ်နဲ့ပေါင်းစပ်နိုင်တဲ့ ဖွံ့ဖြိုးတိုး တက်ရေးလမ်းကြောင်းကို ရှာဖွေရပါလိမ့်မယ်။ ဒါမှသာ ဒီလုပ်ငန်းများရဲ့အားသာချက်များကို ထွန်းကားစေ နိုင်မှာဖြစ်ပြီးနိုင်ငံတိုင်း၊ လူမှုအဖွဲ့အစည်းတိုင်း၊ လူမျိုးတိုင်း ဒီဂလိုဘယ်လာဇေးရှင်းရဲ့အကျိုးအမြတ်တွေ ကို ခွဲဝေရရှိ ခံစားနိုင်မှာဖြစ်ပါတယ်။
ဒီအချိန်မှာ အရေးအကြီးဆုံးတာဝန်ကတော့ လက်ရှိကမ္ဘာစီးပွားရေးကြီးကို အခက်အခဲအကြပ်အတည်းက လွတ်အောင်လုပ်ရေးပါပဲ။ အခြေခံအကြောင်းရင်း (၃) ရပ် ရှိနေပါတယ်။
၁။ ကမ္ဘာစီးပွားရေးကို တွန်းဆော်တဲ့ အင်အားမရှိဖြစ်နေပါတယ်။ အင်အားအသစ်များကို ဖန်တီးရပါလိမ့်မယ်။ ဆေးမြီးတိုများနဲ့မဖြစ်နိုင်ဘဲ၊ အဆောက်အအုံပြုပြင်ပြောင်းလဲမှုများ လိုအပ်နေပါတယ်။ နည်းပညာသစ်တွေလည်း အဆက်မပြတ် တီထွင်နေဖို့လိုပါတယ်။
၂။ ကမ္ဘာစီးပွားရေးဖွံ့ဖြိုးမှုအသစ်များနဲ့ လက်ရှိကမ္ဘာစီးပွားရေးအုပ်ချုပ်မှုစနစ် မကိုက်ညီတော့ပါဘူး။ အလျှင်အမြန်ဖွံ့ဖြိုးလာတဲ့နိုင်ငံများနဲ့ ဖွံြု့ဖိုးဆဲနိုင်ငံများဟာ ကမ္ဘာစီးပွားရေးတိုးတက်မှုရဲ့ ၈၀ ရာခိုင်
နှုံး ပါဝင်နေပါတယ်။ ဒါ့ကြောင့် ရှိရင်းစွဲစနစ်များနဲ့ မကိုက်ညီတော့ပါဘူး။ ပိုမိုပြည့်စုံတဲ့ ပိုမိုကိုယ်စားပြုနိုင်တဲ့ စနစ်များ လိုအပ်လာပါတယ်။ အသစ်ဖြစ်ပေါ်လာတဲ့ပြသာနာများ၊ အန္တရာယ်များကို ဖြေရှင်းနိုင်မဲ့ ကမ္ဘာ့ ဘဏ္ဍာရေးစနစ်သစ်တရပ်လည်း လိုအပ်လာပါပြီ။
၃။ ကမ္ဘာစီးပွားရေးဖွံ့ဖြိုးမှု မညီမညာဖြစ်မှုကို ဖြေရှင်းရပါမယ်။ ကမ္ဘာလူဦးရေရဲ့ (၁) ရာခိုင်နှုံးရှိတဲ့ အချမ်းသာဆုံးလူတွေရဲ့ပိုင်ဆိုင်မှုဟာ ကျန်(၉၉)ရာခိုင်နှုံးရှိတဲ့ လူတွေထက် များပါတယ်။ ကမ္ဘာပေါ်ရှိ လူပေါင်းသန်း (၇၀၀) ကျော်ဟာ ဆင်းရဲတွင်း နက်နေတုန်းပါ။ နေစရာ၊ စားးစရာ အလုပ်အကိုင် ကင်းမဲ့နေဆဲပါ။ ဒါတွေ မဖြေရှင်းနိုင်ရင်တော့ မတည်မငြိမ်ဖြစ်မှု ပေါ်လာပါလိမ့်မယ်။
ဒါတွေအားလုံးက ကမ္ဘာစီးပွားရေးတိုးတက်မှု၊ အုပ်ချုပ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုပုံစံ စတာတွေမှာ ပြသာနာတွေရှိနေတယ် ဆိုတာဖေါ်ပြနေပြီး ဒါတွေကို မုချဖြေရှင်းရပါလိမ့်မယ်။” လို့ပြောဆိုပြီး ဖြေရှင်းနည်း
တွေကိုလည်း သူ့နိုင်ငံအတွေ့အကြုံပေါ်မူတည်ပြီး အသေးစိတ်ပြောသွားပါတယ်။
အကြမ်းဖျင်းကတော့ –
၁။ စွမ်းအားထက်မြက်တဲ့ တီထွင်ဖနိတီးမှုကို တွန်းဆော်တဲ့ ဖွံ့ဖြိုးမှုပုံစံသစ်ကို ရှာဖွေလုပ်ဆောင်ရမယ်။ အခုဖြစ်ပေါ်နေတဲ့ စတုတ္ထအကြိမ် စက်မှုတော်လှန်ရေးနဲ့အညီ ရင်ဘောင်တန်းနိုင်တဲ့ ဖွံ့ဖြိုးမှုဆိုင်ရာအဘိ
ဓမ္မာအသစ်ကို ရှာဖွေပြီး လိုအပ်တဲ့ပြုပြင်ပြောင်းလဲရေးများကို လုပ်ရပါလိမ့်မယ်။
၂။ ပွင့်လင်းမြင်သာတဲ့ အကျိုးတူရရှိနိုင်တဲ့ ပူးပေါင်းဆောင်ရွက်မှု ပုံစံပေါ်ပေါက်ရေးအတွက် ခြေလှမ်းညီညီဆက်စပ်ပြီး ကောင်းမွန်တဲ့ဆက်သွယ်ရေးများရှိတဲ့ လုပ်နည်းများ ကျင့်သုံးရမယ်။ ဒီနေ့လူသားတွေဟာ တလှေထဲစီး တခရီးထဲသွားနေကြတဲ့ အလွန်ပူးကပ်စွာချည်နှောင်ထားတဲ့ အဖွဲ့အစည်းတရပ်ဖြစ်နေပါပြီ။ တနိုင်ငံနဲ့တနိုင်ငံအကြား အကျိုးစီးပွားတွေ အပြန်အလှန်သွယ်ယှက် နေပါတယ်။ ကိုယ့်နိုင်ငံဖွံ့ဖြိုးတိုးတက်ခွင့် အပြည့်အ၀ရှိပေမဲ့ တခြားနိုင်ငံကိုထိခိုက်စေမယ့်အလုပ်တော့ မလုပ်သင့်ပဲ၊ အပြန်အလှန်အကျိုးရှိရေးကို အားထုတ်လုပ်ဆောင်ရမှာပါ။ ဈေးကွက်တွေဖွင့်ထားတဲ့-တကမ္ဘာလုံးချီတဲ့ စီးပွားရေးစနစ်တရပ်အတွက် အားလုံးဝိုင်း ကြိုးစားရပါမယ်။ မုန်တိုင်းကိုကြောက်ပြီး ကမ်းကမခွာရင်တော့ တဘက်ကမ်းကို ဘယ်တော့မှ မရောက်နိုင်ပါဘူး။
ကမ္ဘာကြီးတခုလုံး အဆက်အစပ်ရရှိဘို့ (connectivity) ၀ိုင်းကြိုးစားနိုင်မှသာ နိုင်ငံတိုင်းက ကမ္ဘာဖွံ့ဖြိုး တိုးတက်မှုကရလာတဲ့ အကျိုးကို မျှဝေနိုင်မှာဖြစ်ပါတယ်။ လွတ်လပ်တဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ
ပို တိုးတက်အောင် လုပ်ရမှာဖြစ်ပြီး၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေး (protection) ကို ဆန့်ကျင်ရမှာပါ။ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဆိုတာ အမှောင်ခန်းတွင်း ကိုယ့်ကိုကိုယ် ပိတ်လှောင်ထားတာနဲ့တူပါတယ်။ လေကောင်းလေသန့်တို့၊ အလင်းရောင်တို့ မ၀င်နိုင်တော့ပါဘူး။ ကုန်သွယ်ရေးစစ်ပွဲမှာ နိုင်သူ မရှိပါဘူး။
၃။ အချိန်ကာလရေစီးကြောင်းနဲ့ ကိုက်ညီတဲ့ တရားမျှတမှုရှိတဲ့ တန်းတူညီမျှမှုရှိတဲ့ အုပ်ချုပ်မှုပုံစံတရပ်ကို ရှာဖွေဖေါ်ထုတ်ရပါလိမ့်မယ်။ အမြင်ကျယ်သူများဟာ အသေးအဖွဲတွေမှာ နှစ်မြှုတ်မနေဘဲ၊ အဖွဲ့အစည်း အ ဆောက်အအုံ ထိမ်းသိမ်းအုပ်ချုပ်ရေး (governance of institutions)ကိုသာ အလေးထားကြပါတယ်။ ကမ္ဘာစီးပွားရေးစနစ် ဘဏ္ဍာရေးစနစ်တွေဟာ လက်ရှိအချိန်ကာလနဲ့ မကိုက်ညီတော့လို့ ပြုပြင်
ပြောင်းလဲရေးလုပ်ဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းက တောင်းဆိုလာနေကြပါတယ်။ နိုင်ငံတိုင်း ညီမျှတဲ့အခွင့်အရေးများ ကိုယ်စားပြုမှုများ အကျိုးအမြတ်များ ရသင့်ပါတယ်။ နိုင်ငံတိုင်း ပါဝင်ခွင့် ပြောရေးဆိုခွင့်ရှိတဲ့စနစ် (Multilateralism) ကို ကျင့်သုံးရပါလိမ့်မယ်။
၎။ ချိန်ခွင်ညှာညီမျှတဲ့ တရားမျှတတဲ့ အားလုံးပါဝင်တဲ့(inclusive) ဖွံ့ဖြိုးတိုးတက်ရေးပုံစံကို ရှာကြရပါမယ်။ ဖွံ့ဖြိုးတိုးတက်ရေးဆိုတာ လူအများအတွက်ဖြစ်ရပါမယ်။ လူတွေဟာ တူညီတဲ့အခွင့်အရေးတွေ ရရှိပြီး ဖွံ့ဖြိုးတိုးတက်မှုရဲ့အကျိုးတွေကို မျှဝေရရှိမှသာ ဒိီလိုမျိုးပုံစံကို တရားမျှတတဲ့အခြေခံခိုင်မာတဲ့ (sound) တိုးတက်မှုလို့ ဆိုနိုင်မှာပါ။ ကုလသမဂွက ချမှတ်ထားတဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ၂၀၃၀ စီမံကိန်းဟာ ကမ္ဘာတလွှား မျှတတဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်တာဖြစ်လို့ နိုင်ငံများအနေနဲ့ မုချ အကောင်အထည်ဖေါ်ရပါလိမ့်မယ်။” … တဲ့။
ဒါ့အပြင် တရုတ်ပြည်ရဲ့ဖွံ့ဖြိုးတိုးတက်ရေးပုံစံ ဘာကြောင့်အောင်မြင်ရတယ် ဆိုတာကိုလည်း ထည့်ပြောသွားပါသေးတယ်။
“တရုတ်ပြည်သူတွေဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင်မှုအောက်မှာ တရုတ်ပြည်ရဲ့လက်တွေ့ဘ၀နဲ့ ကိုက်ညီတဲ့ဖွံ့ဖြိုးတိုးတက်ရေးပုံစံသစ် (တံခါးဖွင့်ရေးနဲ့ ပြုပြင်ပြောင်းလဲရေး) ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီလမ်းကို ရှာဖွေရာမှာ တရုတ်ရဲ့ ယဉ်ကျေးမှုသမိုင်းကြောင်းနဲ့ တခြားနိုင်ငံများ (အရှေ့တိုင်းရော၊ အနောက်တိုင်းရော) အတွေ့အကြုံများဆိုတဲ့ အခြေခံ (၂) ချက်က နေ စပါတယ်။
တရုတ်တွေဟာ အခြေအနေ အချိန်အခါ အပြောင်းအလဲတွေကို ဘယ်တော့မှ မျက်ခြေမပြတ်သလို သူများလျှောက်ထားတဲ့လမ်းအတိုင်းလည်း မျက်စိပိတ်လိုက်ခဲ့တာ မဟုတ်ပါဘူး။ လမ်းအားလုံးဟာ ရောမ
ကို ရောက်ပါတယ်။ ဘယ်နိုင်ငံမှ ကိုယ့်လမ်းသာ အကောင်းဆုံးဖြစ်တယ်လို့ ဆိုပြီး ကျန်နိုင်ငံတွေလည်း ဒီလမ်းလိုက်ရမယ်လို့ ပြောလို့မဖြစ်ပါဘူး။
တရုတ်ပြည်ရဲ့ဖွံ့ဖြိုးတိုးတက်ရေးပုံစံဟာ ပြည်သူလူထုအကျိုးစီးပွားပေါ်မှာ အခြေခံပါတယ်။ ဒီခရီးအတွင်း အလွန်ခက်ခဲတဲ့ အဆောက်အအုံဆိုင်ရာပြသာနာများကို ဖြေရှင်းရပြီး ကုန်ထုတ်လုပ်မှုဆိုင်ရာနဲ့
ပတ်သက်ပြီး တုတ်နှောင်ထားချက်တွေကိုလည်း ဖျက်သိမ်းပေးခဲ့ရပါတယ်။ ဒီလိုနည်းနဲ့ တရုတ်ပြည်သူ သန်း (၇၀၀) ကို ဆင်းရဲတွင်းက လွတ်စေခဲ့ပါတယ်။ ကိုယ့်အားကိုယ်ကိုးပြီး အလွန်ကြီးမားတဲ့ဇွဲနဲ့ အပြင်း
အထန်ကြိုးစာခဲ့ရတာပါ။ အလွယ်တကူ ရလာတာ မဟုတ်ပါဘူး။
တရုတ်ပြည်ဟာ စီးပွားရေးဂလိုဘယ်လာဇေးရှင်းကြောင့် အကျိုးအမြတ်တွေ ရရှိခဲ့ရုံမျှမက ဒီအတွက်လည်း အထောက်အကူတွေလည်းပြုခဲ့ပါတယ်။” … လို့ဆိုပြီး၊ ၁၉၅၀ခုနှစ် – ၂၀၁၆ ခုနှစ်အထိအတွင်း တရုတ်ပြည်ရဲ့နိုင်ငံတကာအကူအညီများအကြောင်း ကိန်းဂဏန်းများနဲ့တကွ အသေးစိတ်ပြောသွားပါတယ်။
တရုတ်ကရှေ့လျောက်ကျင့်သုံးမယ့်လမ်းကြောင်းတွေကိုလည်းအကျဉ်းချုပ် ပြောပြသွားပါသေးတယ်။
ပြည်တွင်း ဖွုံ့ဖြိုးတိုးတက်ရေးပေါ်လစီများကို တီထွင်ဖန်တီးမှုရှိစွာ ဟန်ချက်ညီစွာ သဘာဝပပက်ဝန်းကျင်ကို မထိခိုက်စေဘဲ (green) ပွင့်လင်းတဲ့ မျှဝေခံစားနိုင်တဲ့လမ်းများအတိုင်း လျှောက်လှမ်းပြီး ပြည်သူတွေရဲ့ နေထိုင်မှုကို မြှုင့်တင်သွားရေး လုပ်သွားမယ်။ တယောက်မှ မကျန်စေရဘူး။ မူဝါဒများအတွင်း ခေတ်နောက်ကျနေတဲ့မူများ (ဥပမာ – ရင်းနှိးမြ့ပ်နှံမှုဆိုင်ရာ ဥပဒေများ) ကိုလည်း ပြုပြင်ပြောင်းလဲမှုတွေလုပ်မယ်။ နိုင်ငံတကာနဲ့ ပတ်သက်တဲ့မူဝါဒများမှာလည်း အတူတကွ ဘုံ တိုးတက်မှုအတွက် ဈေးကွက်များ ပိုမိုပွင့်လာရေးအတွက် သူတို့ရဲ့လုပ်ဆောင်ချက်တွေကို ထည့်သွင်းပြောသွားပါတယ်။
အာရှပစိဖိတ်ဒေသနိုင်ငံများအတွင်း လွတ်လပ်တဲ့ကုန်သွယ်ရေးဒေသ (F.T.A of Asia Pacific) တည်ဆောက်ရေး၊ အာစီယံနိုင်ငံများနဲ့ အာရှနိုင်ငံများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများ တက်တက်ကြွကြွလုပ်ဆောင်ပြီး တကမ္ဘာလုံးဆိုင်ရာ လွတ်လပ်တဲ့ကုန်သွယ်ရေးစနစ် ကွန်ယက်တခုပေါ်လာရေးကို ကြိုးစားနေကြောင်းတွေပါ ပါတယ်။
ကမ္ဘာဘဏ္ဍာရေးဆိုင်ရာ နည်းစနစ်များ ခေတ်နဲ့အညီ ဖြစ်လာရေးအတွက် ကမ္ဘာဘဏ္ဍာရေးဆိုင်ရာ အခြေခံအဆောက်အအုံတွေဖြစ်တဲ့ ကမ္ဘာဘဏ် World Bank အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအ
ဖွဲ့ (I.M.F) စတာတွေမှာ ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ အခွင့်အရေးများပိုမိုရရှိလာရေး၊ အဲဒီအဖွဲ့အစည်းများကို အထောက်အကူပြုနိုင်မဲ့ (supplement) တခြားအဖွဲ့တွေ (ဥပမာ- အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ်A.I.I.B) ကို တရုတ်ပြည်အနေနဲ့ ဦးဆောင် မတည်၊ ဖွဲ့စည်း လုပ်ဆောင်နေပုံတွေကိုလည်းရှင်းလင်းသွားပါတယ်။
ဒါ့အပြင် ဂလိုဘယ်လာဇေးရှင်းကရရှိလာတဲ့ အကျိုးအမြတ်များကို တကမ္ဘာလုံးက ခွဲဝေခံစားနိုင်ဖို့ အတွက်အရင်းခံလိုအပ်မှုဖြစ်တဲ့ အဆက်အစပ်ဖြစ်မှု(connectivity)အတွက် (သမတရှီကျင့်ဖင်ရဲ့တီ
ထွင်မှု brainchild လည်းဖြစ်တဲ့) ပိုးလမ်းမ (၂) သွယ်ဖေါက်ရေးစီမံကိန်း (one belt one road) ကိုလည်း ပြောဆို ရှင်းလင်းသွားပါတယ်။
နိဂုံးချုပ်အဖြစ်ပြောသွားတာကတော့
“ကမ္ဘာသမိုင်းကလူသားတွေရဲ့ ယဉ်ကျေးမှုတိုးတက်ရေးဟာ ဘယ်တုံးကမှမဖြောင့်ဖြူးဘူး လို့ သင်ကြားထားပါတယ်။ လူသားတွေဟာ အခက်အခဲတွေကို ကျော်နင်းဖြေရှင်းပြီး တိုးတက်ရေးကို လုပ်ခဲ့ကြရပါတယ်။ ဘယ်အခက်အခဲဖြစ်ဖြစ် ဘယ်လောက်ပဲကြီးမားပါစေ လူသားတွေရဲ့ရှေ့ခရီး
လမ်းကြောင်းကို မတားဆီးနိုင်ပါဘူး။ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကိုယ့်ကိုကိုယ်အပြစ်တင်တာ၊ သူတပါးကိုအပြစ်ဖို့တာ၊ ကိုယ့်ကိုကိုယ်ယုံကြည်မှုပျက်ပြားတာ၊ ကိုယ့်တာဝန်ကရှောင်ပြေးတာ မလုပ်သင့်ပါဘူး။ ကျွန်တော်တို့အားလုံးလက်တွဲပြီး စိန်ခေါ်မှုတွေကို ရင်ဆိုင်ရပါလိမ့်မယ်။ သမိုင်းကို ရဲရင့်သူများ-သတ္တိရှိသူများကဖန်တီးတာပါ။ တောက်ပြောင်တဲ့အနာဂါတ်ကြီးအတွက် ကျွန်တော်တို့တတွေ ယုံကြည်ချက်ရှိရှိနဲ့လက်တွဲချီတက်ကြပါစို့ … တဲ့။
ဒါတွေကတော့ တရုတ်သမတရှီကျင့်ဖင်ရဲ့ ဂလိုဘယ်လာဇေးရှင်းကို ကာကွယ်ပြောဆိုခဲ့မိန့်ခွန်း အကျဉ်းချုပ်ဖြစ်ပါတယ်။
တကယ်တော့ တရုတ်ပြည်ဟာ စီးပွားရေးအရအင်အားကြီးလာလို့ ကမ္ဘာပေါ်မှာ စီးပွားရေးဆိုင်ရာကိစ္စရပ်များမှာ ပြောရေးဆိုခွင့် ရှိလာနေတာပါ။ ဒါပေမဲ့ တရုတ်ပြည်ရဲ့ခြေလှမ်းများကိုကြည့်ရတာ ဒီဂလိုဘယ်လာဇေးရှင်းမူတွေကို စီးပွားရေးကဏ္ဍ၊ ဘဏ္ဍာရေးကဏ္ဍများတွင်သာ ရပ်မထားဘဲ တကမ္ဘာလုံးဆိုင်ရာ စီမံကိန်းများအထိ ချဲ့ထွင်ဖို့ကြိုးစားလာနေပုံပါပဲ။ ဥပမာ ကုလသမဂွရဲ့ဦးဆောင်မှုနဲ့ကမ္ဘာ အုပ်ချုပ်မှုစနစ်(global governance)ပေါ်ပေါက်ရေးအတွက် ကြိုးပန်းမှုတွေ၊ ကုလသမဂွက ချမှတ်တဲံ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာစီမံကိန်းများအောင်မြင်ရေးအတွက် လုပ်ဆောင်ချက်တွေကိုကြည့်ပါ။
အထက်ပါမိန့်ခွန်းပြောအပြီး နောက်တရက်မှာ (ဂျီနီဗာမှာရှိတဲ့ ကုလသမဂွရုံးမှာ) သမတရှီကျင့်ဖင် ပြောတဲ့မိန့်ခွန်းခေါင်းစဉ်က လူသားသမိုင်းအတွက် ကံတူအကျိုးပေးအဖွဲ့အစည်းတရပ်ကို ကျွန်တော်တို့ အတူတကွတည်ဆောက်ကြပါစို့ … တဲ့။
မှတ်ချက်။ အဲဒီသဘောမျိုး ပြည်တွင်းမှာပြုလုပ်တဲ့ နိုင်ငံတကာအစည်းအဝေးကြီးတွေမှာလည်း စကားလုံးအမျိုးမျိုး သုံးပြီးပြောဘူးပါတယ်။ ဥပမာ အနာဂါတ်ကို မျှဝေပိုင်ဆိုင်ထားတဲ့ (shared future) အဖွဲ့အစည်းတို့၊ ကံကြမ္မာတူတဲ့ (shared destiny) အဖွဲ့အစည်းစသဖြင့် သုံးတာတွေ့ရ ပါတယ်။ အယင် သမတဟူချင်ထောင် ကတော့ သမမျှတမှုရှိတဲ့ လူ့အဖွဲ့အစည်း(harmonous society) လို့ သုံးတတ်ပါတယ်။
(၂၀၀၃-၂၀၁၃) ၀န်ကြီးချုပ်-၀င်ကျားပေါင်ကတော့ ဆောင်းပါးတစောင်မှာ ဒီလိုရေးထားဘူးပါတယ်။
သိပ္ပံပညာ၊ ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေး၊ လွတ်လပ်ခွင့်၊ လူအခွင့်အရေး ဆိုတာတွေဟာ အရင်းရှင်စနစ် တခုတည်းရဲ့ ခံယူချက်(concept)များ မဟုတ်ပါဘူး။ လူသားတွေရဲ့ အလွန်ရှည်လျားလှတဲ့သမိုင်းစဉ် တလျှောက်ကြိုးပန်းရှာဖွေလာခဲ့ကြတဲ့ တူညီတဲ့ယုံကြည်ချက်များ ၊ တန်ဖိုးထားချက်များ(common values) များဖြစ်ပါတယ်။ ဒါတွေဟာ လူယဉ်ကျေးမှုသမိုင်းရဲ့ အသီးအပွင့်များလည်းဖြစ်ပါတယ်။ တခုပဲရှိပါတယ်။ မတူတဲ့နိုင်ငံတွေက မတူတဲ့သမိုင်းအဆင့်တွေမှာ မတူတဲ့နည်းလမ်းများ မတူတဲ့ပုံစံများနဲ့ အောင်မြင် ရရှိခဲ့တာသာဖြစ်ပါတယ် … တဲ့။
ဒါတွေကတော့ တရုတ်ပြည်ရဲ့ အဆက်ဆက်သောခေါင်းဆောင်များရဲ့ ခေတ်စနစ်နဲ့အညီ တွေးခေါ် မျော်မြင်ချက် အသစ်အဆန်းများဖြစ်ပါတယ်။
ထည့်သွင်းစဉ်းစားရန်ပါ။
လှကျော်ဇော၊ မတ် ၂၁၊ ၂၀၁၇။
ကိုးကား –
၁။ Beijing Review.12-1-2017.-Restoring faith in Globalization.
၂။ Xi Jinping speech in Davos (17-1-2017)(www.google.com)
၃။ Wen Jiapao-“One-China policy”-Feb;2007(www.google.com)