ကျော်ကျော် (မြရည်စမ်း) ● မိသားစု နိုင်ငံငယ်လေးတခု
စူးစူးရှရှအော်မြည်လိုက်သော ဝက်များ၏အသံနှင့်အတူ အိတ်ဇောပိုက်ဖြုတ်ထားသောကားမှာ ဆူညံသောစက်သံပေးပြီး ထွက်သွားပေပြီ။ ဆိုင်ရှေ့ဗာဒံပင်မှ ရွက်နုကိုင်းဖျားတချို့ကို ကားခေါင်မိုးနှင့် တိုက်ဖြတ်သွားသည်။ ဖုန်များအလုံးလိုက် ကား နောက်ပြေးလိုက်သွားကြသည်။ ထိုအခိုက် လည်ကတုံးအင်္ကျီဖြူနှင့် တိုက်ပုံမည်းပိုက်ထားကြသော လူတစု ဆိုင်ထဲ ဝင်လာကြပြန်သည်။
”ဖြစ်ချင်တာရယ်၊ ဖြစ်နေတာရယ်၊ ဖြစ်သင့်တာရယ်” ဟူသောစကားကို လူအများပါးစပ်ဖျားမှ မကြာခဏ ကြားခဲ့ရဖူးပါ သည်။ ဆန္ဒနှင့်ဘဝ တထပ်တည်းမကျသူများ၊ တနည်းပြောရလျှင် တခုခုကို အားမလို အားမရဖြစ်နေကြသူများ၏ လက် သုံးစကား ဖြစ်မည်ထင်ပါ၏။
ကျနော်မှာလည်း ”လုပ်ချင်တာရယ်၊ လုပ်နေရတာရယ်” ဟူသော အကြောင်းအရာနှစ်မျိုးနှင့် မကြာခဏ ရင်ဆိုင်ခဲ့ရဖူးပါ သည်။ လုပ်သင့်တာကို တွေးဆမိသော်လည်း ဝေခွဲမရဖြစ်ခြင်းများနှင့် လုံးလည်လိုက်ရင်း စိတ်မပျော်၊ အိပ်မပျော်သော နေ့နှင့်ညများစွာကို ဖြတ်သန်းခဲ့ရဖူးသည်။ ထိုအချိန်ကာလများ အဘယ်မျှပင်ပန်းကြောင်းကို ခံစားဖူးသူတို့ ကိုယ်တိုင်သာ နားလည်စာနိုင်ကြမည် ထင်ပါ၏။
လုပ်ချင်သောအရာကို ပျပျလေးမြင်လာချိန်တွင်တော့ ကျနော့်သက်ပြင်းချခြင်းများ အကြိမ်ရေ နည်းသွားကြပြီး၊ ပြက်ပြက် ထင်ထင် မြင်သိချိန်တွင်တော့သက်ပြင်းဆိုတာ ဘာမှန်းပင်မသိတော့ချေ။ သို့ပါသော်လည်း လုပ်ချင်သောအရာနှင့် လုပ်နေ ရသောအရာ၏ ကြားကာလသည် အထက်မှာဆိုခဲ့ဖူးသလို ပင်ပန်း၏။ စိတ်ထောင်းသောကြောင့် ကိုယ်မှာလည်း နွမ်းဖတ် ဖတ်။ ခေါင်း တဗျင်းဗျင်းနှင့်ကုတ်ကာ အမြဲလို မျက်မှောင်ကြုတ်နေရသော ကာလအပိုင်းအခြားတခုပင်။
ကျနော်မည်သို့ ခံစားရ၍ မည်သို့ တွေးနေသည်ဟု အပြင်လူသူစိမ်းတရံဆံများက သိကြမည်မဟုတ်။ သူတို့မြင်မည်မှာ မျက်နှာပေါက်ဆိုးဆိုးနှင့် အော်ဟစ်ငေါက်ငမ်းကာ အကြောင်းအရာသေးသေးလေးကအစ အဆမတန် ပေါက်ကွဲတတ်သော လူတယောက်အဖြစ်သာ။ ထိုကိစ္စသည် အတော်ပင် ဆိုးရွားလှပါ၏။ လူတိုင်းကို လက်တို့လက်ဆွဲ၍ ရှင်းပြချင်မိသော်လည်း မတတ်သာပါ။ ကိုယ်အထုပ်ကို ဖြည်ပြ၍ မဖြစ်။ သူတို့အမြင်နှင့် ကျနော့်အမြင်၊သူတို့ခံစားမှုနှင့် ကျနော့်ခံစားမှု ဘယ်လိုမှ တသားတည်းမကနိုင်။ ထို့ကြောင့် သူတို့လက်ကိုဆွဲပြီး တိုးတိတ်စကားဆိုရမည့်အစား ကိုယ့်လျှာကိုသာ ဆောင့်ဆွဲပြီး ဘ ရိတ်အုပ်ထားလိုက်ရပေါင်း မနည်းတော့။
လုပ်ချင်မိသောအရာနှင့်လုပ်နေရသောအရာ၏ အကျိုးအပြစ်ကို ချိန်ဆရသေးသည်။ လုပ်ချင်မိသောအရာသည် လက်ရှိအနေအထားနှင့် တန်းတူဖြစ်နေလျှင် မထောင်းသာလှသော်လည်း၊ မတော်တဆ ဆိုးရွားခဲ့ပါက ခါးသီးလှသော နေ့ရက်များစွာ ကို ပိုမိုပင်ပန်းစွာ ဖြတ်သန်းရတော့မည်။ ထို့ကြောင့်လည်း ဖြစ်နိုင်ချေ၊ ဖြစ်တန်စွမ်းများကို ဉာဏ်မီသလောက်စဉ်းစားနေရ သည်။ ဘဝအသိ၊ စာအသိဖြင့် ယခင့်ယခင်က အခြေအနေများကို ပြန်လည်သုံးသပ်နေရသည်။ အထူးသဖြင့်လုပ်ချင်တာတွေ လုပ်ခဲ့မိခြင်းကြောင့် ခက်ခဲပင်ပန်းခဲ့သော အတိတ်ကာလ တစိတ်တဒေသကို ပြန်စဉ်းစားမိသည်။
ထိုစဉ်က ကျနော် ကိတ်မုန့်ုဖုတ်ရောင်းနေသည်။ ကိတ်မုန့်ဖုတ်ရောင်းရာတွင် ကျနော့်ကိတ်ခြောက်သည် နာမည်ပေါက်သွားသည်။ အဝယ်လိုက်လာသည်။ မှာသမျှ မပို့ပေးနိုင်ပဲ ဝယ်လိုအားကိုလိုက်ပြီး ထုတ်လုပ်ပေးနိုင်သည့်စွမ်းအား ကျနော်မှာမရှိ။ ထိုစဉ်က ကျနော့်အသက်အရွယ် အတော်ငယ်သေးသည်။ ငယ်ရွယ်မှန်းကို ထိုစဉ်တုန်းကတော့ သတိမထားမိပါ။ အခုနေခါ ပြန်စဉ်းစားကြည့်မှ ငယ်ရွယ်သေးမှန်း သိခြင်းပင်။ စီးပွားရေး အကွက်မမြင်။ စီမံခန့်ခွဲမှုပညာက နတ္ထိ။ စားသုံးသူအပေါ်ထားသည့် စေတနာကလွဲလျှင် ကျန်သည့်အတွေးအခေါ် ဘာမျှမရှိ။ တခုကိုတော့ သေသေချာချာ မှတ်မိနေသည်။ ဈေး ကွက်မှ တောင်းဆိုလာသည့်အတိုင်း ပို့မပေးနိုင်သောအခါ ကျနော် စိတ်ညစ်ခဲ့ဖူးသည်။ ဈေးရောင်းမကောင်း၍ စိတ်ညစ်သည့်အကြောင်း လူတွေပြောကြသည်။ တကယ်တန်းတော့ ဈေးတအားရောင်းကောင်းလွန်းလျှင်လည်း စိတ်ညစ်ရတတ်ပါသည်။
ထိုအချိန်တွင် ပြည်ပသို့ထွက်ခွာပြီး အလုပ်လုပ်ကြသူအချို့ အခြေအနေကောင်းကြသည်။ ဖြစ်ချင်တော့ အစ်မဝမ်းကွဲ တယောက်က ပြည်ပမှာ အလုပ်လုပ်နေချိန်။ ကျနော်ကလည်း မတည်ရင်းနှီးငွေ နည်းပါးသောကြောင့် လုပ်ငန်းခက်ခဲနေသည်ဟု အထင်ရောက်နေချိန်နှင့် သွားပြီးတိုက်ဆိုင်နေလေသည်။ တရက်သား သူ့ဆီမှဖုန်းလာသောအခါ ကျနော် သူ့ထံလာခဲ့ချင်သည်ဟု ပြောလိုက်မိသည်။ သူကလည်း ခေါ်မည်ဟု ပြောပါသည်။ ထိုကိစ္စကို ရွာလယ်ကချောင်းလို ဖြတ်လွယ်ကူမည်ဟု ထင်မိခဲ့ပါသည်။ ကျန်နေခဲ့မည့် မိသားစုအရေးကို မတွေးဆပဲ ကျနော် လောဘတက်ခဲ့သည်။
ရန်ကုန်ခြေမချဖူးသော တောသားကျနော့်အဖို့ တိုင်းရေးပြည်ရေးကို နက်ရှိုင်းစွာ မတွေးတတ်။ သတင်းစာလည်းမဖတ်၊ ရေဒီယိုလည်း နားမထောင်။ ခေတ်က ယခုလို သတင်းခေတ်မဟုတ်သေး။ စစ်တုရင်ကစားခြင်းကို စိတ်မဝင်စားခဲ့သော ကျနော့်မှန်းချက်သည် နှမ်းထွက်နှင့် မကိုက်ခဲ့။ ဓာတ်ပုံဆရာ သေနတ်မှန်သေဆုံး၍ ပြန်မလာနိုင်သောကြောင့် စိတ်တိုဒေါသ ထွက်နေသောနိုင်ငံကိုမှ ချဉ်ခြင်းတပ်မိခြင်းသည်လည်း ကျနော့်အမှား။ လေထဲမှ ကတိစကား၊ လေထဲမှာ ပျောက်ကွယ် သွား တတ်မှန်းလည်း ခပ်တုံးတုံးကျနော်က ဝေဝါးနေဆဲ။ နောက်တနှစ် နာဂစ်နှင့်အတူ မျှော်လင့်ချက်များ စုတ်ပြတ်သတ်သွားရသည်။
လဲကျခြင်းမှပြန်ထပြီး မိသားစုဘဝရပ်တည်ရေးအတွက် လက်ဖက်ရည်ဆိုင်ကလေး ဖွင့်ဖြစ်ခဲ့သည်။ ဇာတိမြေကို စွန့်ခွာ၍ တနယ်တကျေးမှာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ကျနော့်မိသားစုမှာ များများတော့မဟုတ်။ ကျနော်ရယ် ကျနော့်ဇနီးနှင့် သမီးရယ် စုစုပေါင်း သုံးယောက်သာ။ လက်ဖက်ရည်ဆိုင်လေးက အောင်မြင်ခဲ့ပါသည်။ ရောင်းကောင်းခဲ့ပါသည်။ သမီးကျောင်းရက်ရှည် ပိတ်၍ ပြန်လာချိန်များတွင် ‘ပရိုတွန်ရယ်၊ နြူထရွန်ရယ်၊ အီလက်ထရွန်ရယ်၊ ဒီနေ့အိမ်မှာ လူစုံတယ် …ဟု ကျနော်စိတ် လက်ပျော်ပါးစွာ ပြောတတ်သည်။ ကျနော့်မိသားစုလေးကိုလည်း (Nucleus family) လေးတခုအဖြစ် ဘာသာမြင်မိသည်။
သို့သော် လက်ဖက်ရည်ဆိုင်ဆိုသည်မှာ လူအမျိုးအစားပေါင်းစုံကို ရောင်းချရသောဆိုင်ဖြစ်သည်။ ကျနော့်မှာ ဟိုလူ့ မရောင်း ဘူး၊ ဒီလူတော့ဖြင့်ရောင်းမယ်ဟူ၍ ရွေးချယ်ပိုင်ခွင့်မရှိပါ။ သူတို့ဘာသာရွေးချယ်ပြီး လာရောက်သောက်သုံးကြခြင်း ဖြစ်ပါ ၏။
ကျနော့်လက်ဖက်ရည်ဆိုင်လေးသို့ ပေါ့ပေါ့ပါးပါးနိုင်သော လူများသာ လာစေလိုပါသည်။ ပေါ့ပေါ့ပါးပါးဆို၍ မပေါ့မပါး ကိုယ် ဝန်ဆောင်အမျိုးသမီးများကို ဆိုလိုခြင်းမဟုတ်ပါ။ အရာရှိကြီးများနှင့် ခေတ်ပျက်သူဌေးများကို မလာစေလို။ သူတို့လာလျှင် ကျနော့်မှာ ဝန်တခုထမ်းထားရသလို မပြန်မချင်း စိတ်ဆင်းရဲနေတတ်သည်။ လူငယ်ဆန်သော လူငယ်များကိုတော့ လှိုက် လှဲစွာ ကြိုဆိုမိသည်။ လက်ပွန်းတတီးလည်း စကားပြောဖြစ်ပါသည်။ လူငယ်ဆန်သော လူငယ်ဟု သုံးနှုန်းလိုက်သည်မှာ တချို့လူငယ်များသည် လူကြီးဆန်စွာပြုမူတတ်သောကြောင့် ဖြစ်ပါသည်။ လူကြီးဆန်သော လူငယ်များကိုတော့ ကျနော် ခပ်ခွာခွာလေးနေပြီး ဆရာလုပ်သလိုစကားမျိုး မပြောမိအောင် ဆင်ခြင်ရသည်။ ကိစ္စမရှိ။ ပါဝါမပါသော မျက်မှန်လေးများ ကိုယ်စီတပ်ပြီး ဖုန်းကိုယ်စီနှင့် အလုပ်များနေကြတာကလွဲပြီး ဆိုင်ရှင်ကို သူတို့စိတ်ဒုက္ခမပေးကြ။
အထူးသဖြင့် တရားသူကြီးများ၊ ဥပဒေအရာရှိများ ဆိုင်သို့မလာစေချင်ပါ။ သူတို့လာလျှင် ကျနော့်မျက်နှာကျောတင်းတင်းထားပြီး ပျူငှာမှုကို တတ်နိုင်သမျှ ဖုံးဖိလိုက်ရသည်။ ဆိုင်တွင်ချထားသော စားပွဲ ၁၄ လုံးသည် လူတန်းစားမခွဲခြားပဲ တန်း တူညီမျှ ထိုင်ရန်သာဖြစ်သည်။ လက်ဖက်ရည် တခွက်ဖိုးပေးလျင် တခွက်သောက်ရမည် ဖြစ်သည်။ မျက်နှာကြီးရာ ဟင်း ဖတ်ပါပြီး မည်သူ့ကိုမျှ ပန်းကန်ပြားထဲထိ လျှံကျအောင် ကျနော်ထည့်မပေးနိုင်။
သူတို့နှင့်အတူ ပါလာသော တပည့်တပန်းများ၏ ကပ်ဖားယပ်ဖားနိုင်လှသော အပြုအမူများသည် ကျနော့်စိတ်ကို ဆွသည်။ တကယ်တော့လည်း ထိုအဖြစ်မျိုးသည် နေရာတကာတွင် ရှိနေသေးမည်ဟု ကျနော်ထင်မိပါသည်။ လက်ဖက်ရည်ဆိုင်ဆို သည်မှာ တော်တန်ရုံဥပက္ခောပြု၊ မျက်နှာလွဲထားနိုင်ရုံနှင့်ပင် တော်ကာမကျ။ ဆိုင်ရှင်ဖြစ်သူမှာ မျက်နှာနှစ်မျိုးထားနိုင်မှ တော်ရုံကျသည်။ ကျနော့်မှာ တရားခွင်အကြောင်းမသိသလို၊ သူတို့သည်လည်း လက်ဖက်ရည်ဆိုင်အကြောင်း သေချာစွာ သိမည်မထင်။ ရင်ဘတ်ခြင်းမတူညီလေသောကြောင့် သူတို့ကလည်း ကျနော့်ကို ကိုယ်ချင်းစာနားလည်နိုင်မည်မဟုတ်။
ကျိုက်ကျိုက်ဆူနေသေးသော ရေနွေးကို အသစ်တောင်းလိုတောင်း၊ ပြောင်လက်နေသေးသော အခါးသောက်ပန်းကန်ကို အသစ်မရှိဘူးလား မေးလို မေးတတ်ကြသေးသည်။ ထိုသို့သော အထက်ဖားအောက်ဖိ အမူအကျင့်များကို မြင်တွေ့နေရ သည်မှာ နေ့စဉ်နှင့်အမျှ ကြာလာသည့်တိုင် မျက်စိမှာယဉ်မသွား။ မောင်းထုတ်ရမှာလည်း ခက်ခဲ။ ထိုထိုသော ဖြစ်ရပ်များ သည် ညအချိန်အနားယူသည်အထိ စိတ်မှာ အမြစ်တွယ် နှောင့်ယှက်နေတတ်သည်။ အလွယ်တကူမေ့ဖျောက်မရနိုင်သော စိတ်ကိုပင် စိတ်ဆိုးမိ၏။
ခေတ်ကာလ၏ အမွေအနှစ်ဖြစ်သော နေ့စား လရှင်း အလှူခံပုဂ္ဂိုလ်များ ကော်မရှင်စားအလှူခံများကိုလည်း တနေ့လျှင် တဆယ့်ငါးယောက်ထက်မနည်း ရင်ဆိုင်ရသေးသည်။ ဒီမိုကရေစီ၏ အမွေအနှစ်ဖြစ်သည့် စည်ပင်ကော်မီတီမှ လူကြီးမင်း များကိုလည်း လမ်းနံဘေး ဈေးရောင်းချသူ ကျနော့်မှာ ကြောက်ရသေးသည်။ လော်စပီကာဥပဒေ မည်သို့ မည်ပုံ အသက် ဝင်၏ မဝင်၏ မသိသော်လည်း ဆိုင်ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ထားကြရန် ညဥ့်လူခြေတိတ်ချိန် လော်စပီကာနှင့် လှည့် အော်လျှင်တော့ မနက်စောစောထပြီး သစ်ရွက်ကြွေများကို လှဲကျင်းရပါတော့သည်။ စည်ပင်ကော်မီတီမှ ရေပေးဝေမှုရပ်ဆိုင်း ထားသော်လည်း မီးသတ်တပ်ဖွဲ့မှ မီးဘေးကာကွယ်ရေးပစ္စည်းများ စစ်ဆေးမည်ဟု လော်နှင့်အော်ပြန်သောအခါ ရပ်ကွက် အဖျားမှာရှိသော ဘုရားကျောင်းသွားပြီး ရေသယ်ရေဖြည့် လုပ်ထားရပါသည်။
ထိုကဲ့သို့ မောပန်းရသည့်ကြားထဲ လူတစုစာအတွက် စားပွဲဝိုင်းဆက်ခိုင်းသည့် လူတန်းစားများရောက်လာသောအခါ ဒေါသ ထွက်ရတော့သည်။ ကျနော့်စားပွဲဝိုင်းလေး ၁၄ လုံး အနေအထားပျက်ရတော့သည်။ စားပွဲဝိုင်းတိုင်းတွင် လက်ဖက်ရည်ဆိုင် တဆိုင်၏ ရှိသင့်ရှိအပ်သော ပစ္စည်းများရှိနေသော်လည်း သူတို့မှာ အားမရတတ်၊ အားမနာတတ်။ လိုချင်တပ်မက်စိတ်နှင့် အရာရာကို အညွန့်ခူး စားသုံးမည်ဟုသာ ဘဝတလျှောက်လုံးတွေးထားမည့် လူစားများ။ ထိုသို့သော လူစားများ ကျနော့် ဆိုင်လေးသို့ နောက်တခေါက်ထပ်မလာတော့ရန် ပြတ်သားရပါသည်။ သည်းခံစိတ်နည်းသည်ဟု ထင်လိုက ထင်နိုင်ပါသည်။ ကျနော့်မှာ ထိုလူစားမျိုးနှင့် ထပ်မံ မဆက်ဆံလိုတော့။
ကျနော့်လိုပင် ဇနီးဖြစ်သူမှာလည်း သူ့ဒုက္ခနှင့်သူ ရှိနေသေးသည်။ လက်ဖက်ရည်ဆိုင်လေးမှာ ကားလမ်းမကြီးဘေးတွင် ရှိသဖြင့် ကြက် ဝက် ရောင်းချ အသက်မွေးစီးပွားလုပ်ကိုင်သူများ ရောက်လာတတ်သေးသည်။
သူတို့လာကြပြီဆိုလျှင် ဆိုင်ကယ်နောက်မြီးမှာ ဇောက်ထိုးဆွဲထားသော ကြက်အရှင်များပါလာတတ်သလို၊ ကားပေါ်မှာ ကြပ်ညှပ်နေအောင် တင်ထားသော ဝက်အရှင်များလည်း ပါလာတတ်သေးသည်။ ထိုတိရစ္ဆာန်လေးများက ပွက်လောရိုက် အောင် အော်ဟစ်နေကြသော်လည်း သူတို့မှာ လက်ဖက်ရည်သောက်မပျက်ကြ။ ဝက်ကားမှ တချို့လူများဆိုလျှင် အော်မြည် နေသောဝက်ကို နီးစပ်ရာသစ်ကိုင်းချိုးပြီး ထိုးတတ်ကြသေးသည်။
ထိုသို့သောနေ့ရက်များတွင် ဇနီးသည်၏မျက်နှာမသာယာတော့။ နိုင်ငံတွင်း သက်ရှင်ကြီးပြင်းရသော တိရစ္ဆာန်များမဆို ထားနှင့် လူများပင်လျှင် ကြီးနိုင်ငယ်ညှဉ်းဘဝ ရောက်နေကြသေးသည်ကို သူမသိမဟုတ်။ သိသည်။ တိရစ္ဆာန်များ၏ အခွင့် အရေးမဆိုထားနှင့် လူသားများ၏ လူ့အခွင့်အရေးပင်လျှင် မပြည့်ဝနိုင်သေးသည်ကို သူမသိမဟုတ်။ သိ၏။ ကျနော်ကလည်း သူ့ကို နှစ်သိမ့်မနေချင်တော့ပါ။ သူ့အမြင် သူ့အတွေးကို ကျနော် အရောင်မဆိုးရက်။ လူသည် အများသောအားဖြင့် တိရ စ္ဆာန်ထက် အသိဉာဏ်ပိုရှိသည်။ ခြေလက်နှစ်စုံကို လိုအပ်သလိုအသုံးချနိုင်သည်။ တွေးတောဆင်ခြင်နိုင်သည်။ စာဖတ် စာရေးနိုင်သည်။ နားနှင့်မျက်စိကို ကောင်းမွန်စွာအသုံးချနိုင်သေးသည်။ ထို့ကြောင့် လူ့အခွင့်အရေးရရန်အတွက် တိုက်ပွဲ ဝင်လိုက ဝင်နိုင်သည်။ တိရစ္ဆာန်ကလေးများ၊ အထူးသဖြင့် အိမ်မွေးတိရစ္ဆာန်ကလေးများမှာ ဤသို့ မဟုတ်ကြ။ သူတို့ အခွင့် အရေးအတွက် လူက ပင်တောင်းဆိုပေးရမည်။ ပြဌာန်းပေးရမည် ဟု သူယုံကြည်ထားသည်။ ယုံကြည်သည့်အတိုင်းလည်း သူ ပြုမူတတ်သည်။ ထိုသို့သော လူများလာလျှင် ဈေးရောင်းမပေးတော့ချေ။ ထိုအရာသည်ပင် သူချစ်ခင်သနားသော တိရ စ္ဆာန်များဘက်မှ ရပ်တည်ခြင်းတခုဟု သဘောထားပြီး ကျနော်မကန့်ကွက်ခဲ့ပါ။
သူ၊ ကျနော်နှင့်သမီးသည် ကမ္ဘာငယ်လေးတခု၌ နေထိုင်ကြသည်ဟု သတ်မှတ်လိုပါက သတ်မှတ်နိုင်မည် ထင်ပါ၏။ ကမ္ဘာ ငယ်လေးဟုဆိုပါလျှင် ကြီးလွန်းသည် ဆိုငြားအံ့၊ နိုင်ငံငယ်လေးတခုအဖြစ် ပမာပြုလိုပါသည်။ ကျနော်တို့ မိသားစုနိုင်ငံငယ် လေးအတွက် အလိုအပ်ဆုံးသောအရာ ပျောက်နေခဲ့သည်မှာ ကာလအတန်ကြာပါပြီ။
မနက်မိုးလင်းသည်မှမိုးချုပ်ချိန်အထိ ဆိုင်သို့လာသမျှသော ဧည့်ကောင်း ဧည့်ဆိုးများကို အလုပ်အကျွေးပြုရသည်။ ထိုအ တွက် ငွေကြေးဟူ၍ဆိုဆို အမြတ်ဟူ၍ပြောပြော တန်ဖိုးတခု သတ်မှတ်ထားသည့် စက္ကူများကို လက်ခံရရှိပါသည်။ ထိုအရာ များဖြင့် မော်တော်ကားဝယ်စီးနိုင်သည်။ စိန်ရွှေရတနာများ ဝယ်ယူနိုင်သည်။ မော်ကြွားနိုင်သည်။ မာန်တက်နိုင်သည်။ ကောင်းကျိုးဖန်တီးနိုင်သလို ဆိုးကျိုးကိုလည်း ဝယ်ယူနိုင်မှန်း သိပါသည်။ ကျနော့်တို့ မိသားစုနိုင်ငံလေးအတွက် ပျော်ရွှင်မှု ကိုတော့ဖြင့် ဝယ်မယူနိုင်သည်မှာ သေချာလှပါသည်။
ငွေစကြေးစများ ရေတွက်ရင်း သက်ပြင်းမောချခဲ့ရသော နှစ်ကာလများ အတော်ကြာခဲ့ပါပြီ။ မိသားစုနိုင်ငံငယ်လေးအတွက် အလိုအပ်ဆုံးသောအရာသည် မိသားစုဘဝပီပီသသဖြင့် ပျော်ရွှင်နိုင်ရေးဟုလည်း သုံးယောက်စလုံး နားလည်ထားကြသည်။ ငွေကြေးသည် ကျနော်တို့မိသားစုကို လှည့်စားနိုင်တော့အံ့မထင်။
နိုင်ငံတော်ကြီးတခုတွင် မှီတင်းနေထိုင်ကြသော ပြည်သူများ၏ ပျော်ရွှင်သာယာရေးအတွက် နိုင်ငံတော်ကိုတာဝန်ခံထားသော သူအပေါ်တွင် မူတည်သည်ဟု ကျနော်နားလည်ထားပါသည်။
ကျနော့်မိသားစုနိုင်ငံငယ်လေး ပျော်ရွှင်သာယာရေးသည်လည်း မိသားစုကိုပဲ့ကိုင်နေသော ကျနော့်အပေါ်တွင် မူတည်နေ ပေမည်။ ဇနီးနှင့်သမီးက ငွေကြေးဓနထက် မိသားစုဘဝကို မက်မောကြသည်။ ကျနော်လုပ်ချင်တာနှင့် လုပ်သင့်တာကို မျှ တအောင် စဉ်းစားရတော့မည်။ လောဘမပါသည့်အတွက် ကျနော့်ဆုံးဖြတ်ချက်များ အရုပ်ဆိုးစွာ မှားယွင်းနိုင်မည်မထင်။ ကျနော်လုပ်ချင်သောအရာသည် လုပ်သင့်သောအရာသာဖြစ်ခဲ့ပါက မိသားစုဘဝ ရေရှည်သာယာပျော်ရွှင်မှုရရှိနိုင်မည်ထင်ပါသည်။
နေဝင်ဖျိုးဖျ၊ ညနေရီတရောအချိန် စိတ်အေးလက်အေးစားသောက်ရမည့် မိသားစုထမင်းဝိုင်းလေးကို တမ်းတပါ၏။ မျှော် လင့်ပါ၏။
ရွက်နုများမှ တဖြည်းဖြည်းရင့်ကျက်လာကြပြီဖြစ်သော ဗာဒံရွက်စိမ်းများကို ငေးကြည့်နေမိသည်။ ။
ကျော်ကျော် (မြရည်စမ်း)
မတ် ၁၉၊ ၂၀၁၇
ည ၁၀ နာရီ၊ ကောလင်းမြို့။