ကဗျာ

စိုးခိုင်ညိန်း ● အစက်ကလေး တစက်

စိုးခိုင်ညိန်း ● အစက်ကလေး တစက်
(မိုးမခ) မတ် ၁၉၊ ၂၀၁၇


အရင်ဆုံး အိပ်မပျော်ညတွေရောက်လာတော့
ကျွန်တော်က လမ်းခရီးအကွာအဝေးကို တွက်ဆနေချိန်ဖြစ်ပါတယ်
သေချာတာက ကျွန်တော်က အခြားကမ္ဘာက ဂြိုဟ်သားမဟုတ်ပါဘူး
ထူးဆန်းအံ့သြနေတဲ့ မျက်လုံးတွေအတွက်
ထိကညှိုးပင်လေးတွေက တာဝန်ယူသွားပါလိမ့်မယ်
ပန်းရောင်စုံတွေ ပွင့်လန်းနေတဲ့ ကမ္ဘာမှာ
အလှတရားကို မမြင်နိုင်ခဲ့တာ နှစ်ပေါင်းသုံးဆယ်
အခု မွှေးရနံ့ကို ရှူရှိုက်မိရာမှ ရေသောက်မြစ်အထိ မြင်တတ်ခဲ့ပါပြီ
တရွက်ပဲရရ တခက်ပဲရရ ရှင်သန်မှုကို စိမ်းလန်းချင်မိတာပါ
ဇာတ်လမ်းက ကြည့်သူမရှိလည်း အချိန်တန်ရင် သိမ်းသွားမှာပဲ
ငိုကြွေးခြင်းနဲ့ စခဲ့လိုက်ပြီမို့ ရယ်မောခြင်းနဲ့ ဆုံးချင်မိတာပေါ့
လေထုထဲ ပေါ့ပေါ့ပါးပါးပဲ လွင့်နေတာပါ
နေရောင်ခြည်နဲ့ ကြည့်ရင် မြင်နိုင်ပါတယ်
အဲဒီအတွက် ဘာအန္တရာယ်မှ မရှိပါဘူး။ ။

စိုးခိုင်ညိန်း
ဒီဇင်ဘာ ၂၂၊ ၂၀၁၆


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts