မောင် သော် တာ – “၇၅ ပြား”
(မိုးမခ) မတ် ၉၊ ၂၀၁၇
အမေရိကန်ဒေါ်လာတွေရွှေဈေးအတက်အကျတွေ ခဏဘေးချိတ်ပါ
တဘဝလုံး မီးသွေးထည့်ဖုတ်ပြီးရောင်းရင်လည်း ၇၅ ပြားပဲရမယ်
ယုံတာမယုံတာကိုလည်းဘေးချိတ်ပါ
မောင့်ကိုရောင်းပြီးမုန့်ဝယ်စားချင်ရင်လည်း ၇၅ ပြားတော့တန်ပါတယ်
မယ်လမင်းပါဝင်တဲ့ အသက်ငွေ့တွေကိုလည်းဘေးချိတ်လိုက်
အဆိပ်သင့်မှန်းသိလျှက်နဲ့ စားတော်တည်ရတဲ့မင်းတပါးလို ပါးစပ်ထဲ ၇၅ ပြားငုံပြီး သေသွားမယ်။
ကူးတို့ခအကြောင်းသေလူတွေပြန်ပြောပြတာနားထောင်ဖူးသလား
တမလွန်’ဆိုတာ ဒီဘက်ကဘဝတွေနဲ့ ချောင်းတခုခြားနေဆဲပဲလေ
မယုံချင်ရင်လည်း ဘေးချိတ်ပေါ့
ငွေ၇၅ပြားမှာအကြွစေ့လေးတွေပဲရှိတယ်
အဲဒီအကြွေစေ့လေးတွေဆိုတာ
တနေ့တနေ့ အလုပ်တခုခုတော့ရှိမှဖြစ်မယ်
ဖုန်းဘေလ် ၁၀၀၀ ဖိုးဖြည့်ရမယ်
ကားကြပ်ကြပ်ထဲတိုးစီးရမယ်
မိုးကြီးချုပ်မှအိမ်ပြန်ရောက်မယ်
ကိုယ့်အစိုးရနဲ့ကိုယ်ပဲလေဆိုပြီး မဲတစ်မဲတော့ထည့်မယ်
ပျော်ပျော်ရွှင်ရွှင် status တွေတင်မယ်
ကိုယ့်အစိုးရခေတ်ကိုရောက်ပြီဆိုတော့ အားလုံးဟာ တစိတ်တဝမ်းညီညာမယ်
လစာငွေသိန်း ၅၀ ရတဲ့သူနဲ့ မီးသွေးဖုတ်သမား ၇၅ ပြားရတာနဲ့ကွာခြားမှုမရှိစေရ
ဘယ်လောက်လှပသာယာလိုက်သလဲကွယ်
မီးသွေးဖုတ်သမားလေးပျော်ရွှင်ကျေနပ်သွားတယ်
ဆိုက်ကားဆရာလေးတယောက်လည်း အသံချဲ့စက်ကြီးဆိုက်ကားပေါ်တင်ပြီး
မဲဆွယ်ထွက်သွားတယ် ပျော်ပျော်ရွှင်ရွှင်ပဲ
ဆိုက်ကားခ ၇၅ ပြားဆိုတာ သူ့ရဲ့ချွေးနည်းစာလေ
ချွေးတွေမနည်းဘူး
သူ့အင်္ကျီကျောပြင်မှာချွေးတွနဲ့
သူ့ခေါင်းထဲမှာလည်း ချွေးတွေနဲ့သူစဉ်းစားခန်းဝင်နေတယ်
၇၅ ပြားဆိုတာ လူ့ချွေးနည်းစာအစစ်ပဲ
မသမာတဲ့နည်းနဲ့ရှာစားတဲ့ ၂၅ ပြားကိုရွံမုန်းတယ်
မေးကြည့်မိတယ်
မီးသွေးဖုတ်သမားလေး နင်ကဘာလဲ
၇၅ ပြား
ဗျို့ ဆိုက်ကားဆရာခင်များရော
၇၅ ပြား
ကျောင်းဆရာ ပြော
၇၅ ပြား
ကဲဗျာ အားလုံးအားလုံး
၇၅ ပြား။
မောင် သော် တာ