စန်းသူ့မောင် – အဉ္ဇလီ
(မိုးမခ) မတ် ၈၊ ၂၀၁၇
ဘဘ …
ဓမ္မဇောတိရိပ်သာလေးဟာ အေးချမ်းငြိမ်သက်နေလေရဲ့။ ကျေးငှက်လေးတွေအော်သံ တစ်ခါတစ်ရံ ကြားနေရတာကလွဲလို့ပေါ့။ ဒီရိပ်သာမှာ တရားရိပ်ခိုနေတဲ့ ယောဂီတွေဟာလဲ အေးချမ်းစွာ တရားရှာနေကြတယ်လေ။ ဒီယောဂီတွေထဲမှာ ကျွန်မလဲပါနေတယ်ဘဘ။ အိပ်ဆောင်ကနေ ဓမ္မာရုံကိုသွားတိုင်း ဘဘနဲ့ဖွားဖွားတို့ပါဝင်လှူဒါန်းထားတဲ့ စင်္ကြန်အမိုးလေးအောက်ကနေပြီး လျှောက် လျှောက်သွားရတာမို့ ဒီစင်္ကြန်လေးရဲ့ အရိပ်ခိုရတိုင်း ဘဘနဲ့ဖွားဖွားတို့ရဲ့ ရင်ငွေ့ကိုခိုနေရသလို ကျွန်မခံစားနေမိပါတယ်ဘဘ။
သက်ကြီးရွယ်ကြီးတစ်ယောက် အိမ်ဦးခန်းမှာရှိနေရင် အိမ်လည်းကျက်သရေရှိတယ်လို့ ပြောကြတယ်။ ကျွန်မတို့အတွက်လည်း ဘဘနဲ့ဖွားဖွားတို့ သက်ရှိထင်ရှားရှိနေကြတာဟာ အာရုံပြုစရာနေရာလေး ရှိနေတာမို့ ကျက်သရေရှိနေခဲ့ပါတယ်ဘဘ။
ဘဘနဲ့ဖွားဖွားတို့ဟာ ကျွန်မတို့အတွက် မေတ္တာစေတနာနဲ့ ပညာတွေပေးဝေနိုင်ခဲ့တယ်။ ပေးဝေခဲ့တယ်။ အဲဒါကလွဲလို့ ဘာအခွင့်အရေးမှ စီစဉ်ပေးနိုင်တာမဟုတ်ပါဘူး။ ဒါပေမဲ့ ကျောင်းသင်္ခန်းလေးနဲ့တူတဲ့ ဘဘတို့အိမ်ကလေးဟာ တပည့်တွေနဲ့ အမြဲစိုပြည်နေခဲ့တာပဲ။ ဒီအာဝါသလေးကို ရောက်သူတိုင်း စိတ်ချမ်းသာမှု အေးချမ်မှုတွေ ရသွားတာပဲလေ။
ကျမက စိတ်ဆတ်တယ် ဒေါသကြီးတယ် သည်းခံစိတ်နည်းတယ်- စသည်ဖြင့်ပေါ့၊ သူတော်ကောင်းတရား မကိန်းချင်တဲ့ ကျွန်မအတွက် ဘဘဟာ စံပြုစရာပုဂ္ဂိုလ်တစ်ဦး ဖြစ်နေခဲ့ပါတယ်ဘဘ။ ၁၉၇၅ ခုနှစ်လောက်ကစပြီး ဘဘတို့ရဲ့ အင်္ဂလိပ်စာသင်တန်းကို ကျွန်မ စတက်ဖြစ်ခဲ့ပါတယ်။ဘဘတို့ရဲ့အင်္ဂလိပ်စာသင်တန်းကို တက်ရတာဟာ အင်္ဂလိပ်ဘာသာရပ် လေ့လာဖြစ်တဲ့အပြင် စိတ်တည်ငြိမ်အေးချမ်းမှုကိုပါ ရစေခဲ့တယ်လို့ ကျွန်မယူဆနေမိပါတယ် ဘဘ။
စတွေ့တဲ့အချိန်ကစပြီး ဘ၀ချုပ်ငြိမ်းသွားတဲ့အချိန်အထိ ဘဘမှာဒေါသ လောဘရောင်သန်းတဲ့ ဖြစ်ရပ်အမူအကျင့်တွေ တစ်ခါမှ ကျွန်မ မတွေ့ခဲ့ဘူးလေတော့ သူတော်ကောင်းတရား ခေါင်းပါးလှတဲ့ ကျွန်မအတွက် ဘဘရဲ့စိတ်နေသဘောထားဟာ အတုယူစရာ ဖြစ်နေခဲ့တာသဘာဝကျပါတယ်နော်။
“သမီးရယ် ဘဘကတော့လေ ဖြစ်လာသမျှအားလုံးဟာ ကောင်းဖို့ချည်းပဲလို့မှတ်တယ်။” လို့ဘဘ ပြောခဲ့ဘူးတယ်နော်။ တကယ်တော့လည်း အဲဒီလိုနေမှပဲ ဘ၀ဟာနေသာတယ်ဆိုတာ ကျွန်မ တဖြည်းဖြည်း သိနားလည်လာရပါတယ် ဘဘ။
ဘဘတို့ရဲ့ တပည့်ဟောင်းတစ်ချို့ဟာ ခုဆို လူကြီးပိုင်းတွေဖြစ်ကုန်ကြပြီ။ ဒီတပည့်တွေဟာ ဘ၀ကိုယ်စီ လျှောက်လှမ်းရင်း ရုန်းကန်နေကြရတာနဲ့ မဆုံဖြစ်ကြပေဘူး။ ဒါပေမဲ့ တစ်နှစ်တစ်ခါတော့ ဘဘတို့အိမ်မှာ ဆုံဖြစ်ကြတယ်လေ။ နှစ်စဉ် ဖေဖေါ်ဝါရီလမှာ ကျင်းပလေ့ရှိတဲ့ ထမနဲပွဲမှာ တပည့်တွေ မိတ်ဆွေတွေစုံကြပြီဆိုတော့ ဘဘနဲ့ဖွားဖွားတို့အတွက် ချမ်းမြေ့ဖွယ်ပွဲလေးပဲပေါ့။
ဒီပွဲနီးပြီဆိုရင် တပည့်တွေသိကြပါတယ်။ လာမှာပါ။ ဒါပေမဲ့ဖုန်းနဲ့လှမ်းဖိတ်ရ၊ စာနဲ့လှမ်းဖိတ်ရ၊ အနေဝေးပြီး အလာကျဲတဲ့ ကျွန်မလိုလူမျိုးလဲ မကျန်စေရဘူး။ တကူးတကကို ဘဘက ဖိတ်ဖြစ်အောင်ဖိတ်တယ်နော်။ ဘဘရယ် ကျွန်မဖုန်းဆက်ကြည့်မှာပါ၊ လာမှာပါလို့ ကိုယ့်ရဲ့ တာဝန်မကျေမှုကို မချင့်မရဲသိမ်းပြီး ပြောရတယ်။ မဖြစ်ဖြစ်အောင်လည်း ကျွန်မ အရောက်လာခဲ့ပါတယ် ဘဘ။ တပည့်စုံမိတ်ဆွေစုံနဲ့တွေ့ပြီး ချမ်းမြေ့ပျော်ရွှင်နေတဲ့ ဘဘနဲ့ဖွားဖွားတို့နဲ့အတူ ကျွန်မတို့လည်း ကြည်နူးကြရပါတယ်ဘဘ။
ကျွန်မတို့အုပ်စုဆိုလည်းကြည့်လေ။ ကျန်တဲ့သူတွေက ဘဘတို့အိမ်ကို မကြာခဏ ရောက်ကြတယ်။ ဘဘနဲ့ဖွားဖွားတို့ရဲ့ ကျန်းမာရေးကိုလည်း ၀ိုင်းဝန်းပြုစုစောင့်ရှောက်ကြတယ်။ ဒီအထဲမှာ အလာအကျဲဆုံးနဲ့ တာဝန်မကျေဆုံးကတော့ ကျွန်မပဲလေ။ တာဝန်ကလည်း အဝေးရောက်လိုက် ခပ်လှမ်းလှမ်းရောက်လိုက်နဲ့ဆိုတော့ ကျွန်မကဘဘတို့နဲ့ အနေဝေးသလိုဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မစိတ်လှိုင်းထလာတိုင်း လှမ်း လှမ်းအာရုံပြုရ အတုယူရတာကတော့ဘဘပါပဲ ဘဘ။
ပြီးတော့ ဘဘရဲ့လုပ်ရပ်တစ်ချို့ဟာ ကျွန်မရဲ့စိတ်နေစိတ်ထားကို လောကနဲ့ ပိုပြေပြေပြစ်ပြစ်ဖြစ်လာစေခဲ့ပါတယ်ဘဘ။ ကြုံတုန်းပြောပြပါရစေနော်။
ဘဘရဲ့ အင်္ဂလိပ်စာညနေသင်တန်းမှာ ဘဘစိတ်ကြိုက်တွေ့တဲ့ မြန်မာဝတ္တုတိုလေးတွေကို ဖတ်ပြလေ့ရှိတယ်။ ကျောင်းတက်ရက် တောက်လျှောက်ပျက်နေတဲ့ ကျွန်မဟာတစ်ညနေမှာ ကျောင်းတက်ဖြစ်ခဲ့တယ်။ စာသင်ချိန်လည်းစရော ဘဘက ဒီသင်တန်းမှာ ကြုံရင်ကြုံသလို သင့်နိုးရာရာ မြန်မာဝတ္တုတိုလေးတွေ ဖတ်ပြလေ့ရှိတယ်၊ ဒါကြောင့် ဒီညနေလည်း မြန်မာဝတ္တုတိုတပုဒ်ကို ဖတ်ပြမှာမို့ နားထောင်ကြဖို့စပြောလိုက်တယ်။ ဘဘဘေးက စားပွဲပေါ်မှာက အဲဒီလထုတ် “သဘင်မဂ္ဂဇင်း” ရှိနေတယ်။
ပြီးတော့ကျွန်မကိုလှမ်းပြီး-
“ကဲ သမီးရေ ဘဘကိုတစ်ခုကူညီပါ သမီးရယ်၊ ဒီဝတ္ထုတိုလေးကိုဖတ်ပြပါဦး”လို့ ပြောတယ်။
အဲဒီလသဘင်မဂ္ဂဇင်းမှာ ကျွန်မရဲ့ဝတ္ထုတိုလည်းပါတယ်။ ဒါပေမဲ့ ဘယ်ဝတ္ထုကိုဘဘ ဖတ်ခိုင်းမလဲဆိုတာ ကျွန်မ မသိဘူးပေါ့။ ဘဘက-
“သားတို့သမီးတို့ရေ ဒီလသဘင်မဂ္ဂဇင်းမှာပါတဲ့ “ရုံးလား” ဆိုတဲ့ ၀တ္ထုလေးကို အခုဖတ်ပြမယ်။ ဘဘတို့နားထောင်ကြည့်ရအောင်” လို့ပြောလိုက်မှ ကျွန်မ၀တ္ထုကို ဖတ်ပြရတော့မယ်ဆိုတာ သိလိုက်ရပါတယ် ဘဘ။
ကျွန်မ၀တ္ထုကိုလည်းဖတ်ပြပြီးရော-
“ Thank you သမီး ၊ Thank you ↔
လို့ဘဘကကျွန်မကိုပြောတယ်။ ပြီးမှ “ရုံးလား” ဆိုတဲ့ဝတ္ထုခေါင်းစဉ်ကို ရှင်းခိုင်းတယ်။ တစ်ကယ်ဆို အဲဒီညနေ ကျွန်မရောက်ပြီဆိုတာနဲ့- “သမီးရေ လာဦး၊ ရော့ – ဒီမဂ္ဂဇင်းထဲကသမီးဝတ္ထုလေး ဒီညနေ ဖတ်ပြရအောင်ဟေ့” လို့ပြောလည်းပြီးပါတယ်။ ဒါကိုဒီလိုမပြောဘဲ ကျွန်မကိုကူညီဖို့ပြော၊ ကျေးဇူးတင်ကြောင်း ပြောနဲ့ဆိုတော့ ရေးသူကာယကံရှင် ကျွန်မကဘဘကို ဘာပြောရတော့မှာလဲ ဘဘရယ်။ ကျွန်မနှုတ်နဲ့ဘဘကို ဘာမှမပြောဖြစ်ခဲ့ပေမယ့် ရင်ထဲမှာပြောနေမိတာ အများကြီးပါပဲ။ ဒီဖြစ်ရပ်ဟာ ကျွန်မရဲ့စိတ်နေစိတ်ထားကို အနည်းနဲ့အများ နူးညံ့ရင့်ကျက်သွားစေခဲ့တာတော့ သေချာပါတယ် ဘဘ။
နောက်ပြီး ပေးဝေသူနဲ့ခံယူသူနှစ်ဘက်မှာ ဘဘတို့က ပေးဝေသူတွေပါ။ စေတနာနဲ့ပေးဝေနေတယ်ဆိုတာ တပည့်တွေသိနားလည်ကြပါတယ်။ အစားကောင်းလေးတွေ စားရရင်သတိရသလို စာကောင်းပေကောင်း ပေးဝေရင် တိုက်တိုက်တွန်းတွန်း ပေးဝေတဲ့အဖြစ်ကလည်း ကျွန်မအတွက်မမေ့နိုင်စရာပါပဲ ဘဘ။
“သမီးရေ အခု ဂျူးလိယက်ဆီဇာ သင်နြေ့ပီ တက်ဖြစ်အောင်တက်စမ်း သမီး”
ဘဘရော ဖွားဖွားပါ ပြောပေ တိုက်တွန်းပေမယ့် တာဝန်ရေစီးကြောင်းမှာ မျောနေတဲ့ ကျွန်မတစ်ယောက် ဘဘတို့ပေးဝေသလောက် ခံယူဖို့မဖြစ်နိုင်ခဲ့ဘူး ဘဘရယ်။ နှမြောတသစွာနဲ့ ကျွန်မရောင့်ရဲခဲ့ရပါတယ်။
ပြီးတော့ ဘဘဟာ ဘယ်သူ့ကိုမဆို ပေးဆပ်နိုင်သမျှ ပေးဆပ်ပြီး ဘယ်သူ့ဆီကမှ ဘာမှမမျှော်လင့်ဘူး၊ ဘဘကြောင့် ဘယ်သူ့ကိုမှဝန်တာမလေးစေချင်ဘူးဆိုတာ ကျွန်မတို့ သိထားနားလည်ထားကြပါတယ် ဘဘ။ ဘဘရဲ့မိသားစုကလည်း ဘဘဘ၀ မချုပ်မီကတည်းက ဆန္ဒပြုထားခဲ့တဲ့အတိုင်း ဘဘရဲ့နောက်ဆုံးခရီးကို စီစဉ်ဆောင်ရွက်ပေးခဲ့တယ်လေ။
ဘဘတစ်ယောက် လေဖြတ်လို့ဆေးရုံတင်လိုက်ရတယ်ဆိုတာ သိသိချင်း ကျွန်မဘဘကို ဆေးရုံမှာ လာတွေ့ခဲ့ပါတယ်ဘဘ။ အဲဒီနေ့ကအင်္ဂါနေ့ (၃၀-၇-၉၆)။ ဘဘကိုယ်ငွေ့နွေးနွေးလေးပူနေတယ်။ အဖျား၁၀၀-၁၀၁ ဒီဂရီလောက်ရှိတယ်။ သတိမလစ်ဘူး။ မဖြူကခေါ်ကြည့်တော့ မျက်လုံးလေး ဖွင့်လို့ရသလောက် ဖွင့်ကြည့်တယ်။ ဘဘ တရားမှတ်နေမယ်လို့ ကျွန်မယူဆမိလို့ ဘဘဘေးမှာ ကျွန်မရောက်နေတာကို ဘဘကို ကျွန်မအသံမပြုခဲ့ဘူး။ အဲဒီတွေ့ဆုံခြင်းဟာ ဘဘကိုကျွန်မ နောက်ဆုံးတွေ့မြင်လိုက်ရခြင်းဆိုတာ ကျွန်မမသိခဲ့ဘူး။ ဘဘတစ်ယောက် ပြန်ပြီး ကျန်းမာရေးကောင်းလာမှာပါလို့ ကျွန်မမျှော်လင့်ခဲ့မိတယ်။ ကျမလေ အဖြစ်ကိုသာမျှော်လင့်ပြီး အပျက်အချုပ်ကို မတွေးမိခဲ့ဘူး ဘဘရယ်။
“မဖြူ တို့မနက်ဖြန် ဖေါင်ကြီးပြန်ရမယ်။ သောကြာနေ့အစောဆုံး စနေနေ့နောက်အကျဆုံး ပြန်လာခဲ့မယ်” လို့ပြောခဲ့မိသေးတယ်။ စနေနေ့မနက် အိမ်ပြန်ရောက်တယ်ဆိုရင်ပဲ “မမြညွန့် ဖုံးဆက်တယ် ဘဘဆုံးပြီတဲ့”
ဒါကြောင့်ကျမ ဘဘတို့အိမ်ကိုပဲလာခဲ့ရတယ် ဘဘ။ ၁-၈-၉၆ မှာဘဘ ကွယ်လွန်တယ်ဆိုတာ ၊၂- ၈-၉၆ မှာသင်္ဂြိုလ်ပြီးသွားပြီဆိုတာ သိလိုက်ရပါတယ်ဘဘ။
ဘဘရေ- သံသရာခရီးရဲ့သည်တစ်ကွေ့မှာ ကျွန်မတို့ဆုံခဲ့ကြရပြီ။ သွားနှင့်သူကသွားနှင့်ပြီ။ ကျွန်မတို့ရဲ့ လားရာဂတိဟာတစ်ဦးနဲ့တစ်ဦး ဘယ်တူပါ့မလဲနော်။ သီလ၊ သမာဓ၊ိ ပညာချင်းတူကြတာမှမဟုတ်တာ။
ဘဘရဲ့လားရာဂတိကို ကျွန်မတို့မသိနိုင်ပေမယ့် စိတ်မပူမိကြဘူးဘဘ။ သုဂတိဘုံကိုပဲ မျက်မှောက် ပြုဖြစ်လိမ့်မယ်လို့ ယုံကြည်နေမိပါတယ် ဘဘ။
ဘဘဟာ ဘယ်သူ့ကိုမှ အတုံ့အလှည့်မထားဘူးဆိုတာ ကျွန်မတို့သိနားလည်ကြပါတယ် ဘဘ။ ဒါပေမယ့် သံသရာရဲ့သည်တစ်ကွေ့ ဆုံကြခိုက်လေးမှာ ကျွန်မတို့ကံသုံးပါးနဲ့ ပြစ်မှားမိခဲ့တာများရှိရင် ခွင့်လွှတ်ပါလို့ တောင်းပန်ရင်း ဘ၀ဆိုတာ ဆင်းရဲခြင်းအမှန်မို့ ဆင်းရဲခြင်းကင်းရာကို ဘဘ မျက်မှောက်ပြုနိုင်ပါစေလို့ ဆုတောင်းဦးခိုက် ကန်တော့လိုက်ပါတယ် ဘဘ။
ကျွန်မတို့တစ်တွေ စုပေါင်းပြီးဝတ္ထုဒါနအလှူကို ဘဘအတွက်ရည်စူးလို့ ဓမ္မဇောတိရိပ်သာမှာ လှုဒါန်းဖြစ်ပါတယ် ဘဘ။ ရောက်ရာဘုံဘ၀ကနေပြီး သာဓုခေါ်ပါတော့ဘဘရယ်။
ဘဘရေ- အမျှ -အမျှ – အမျှ
ဘဘ-ဦးခင်မောင်လတ်–သို့ဦးခိုက်ပန်း
စာပြီးနှစ် -၁၉၉၇ခုနှစ်။
စန်းသူ့မောင်