လောကဓာတ်ခန်း သာဂိ – Office Application in the Cloud (12)
(Cloud Computing Basics with Google App and Facebook)
(မိုးမခ) မတ် ၇၊ ၂၀၁၇
Google Docs မိတ်ဆက်
တလျောက်လုံး သင်ခဲ့တာကို ပြန်ကြည့်ရင် အီးမေး၊ ပြက္ခဒိန်နဲ့ ဖိုင်တွေကို သင်တန်းသားတွေ ဘယ်လို အသုံးချသလဲ၊ စီမံခန့်ခွဲသလဲ၊ မိတ်ဆွေတွေနဲ့ မျှဝေပြီး သုံးစွဲသလဲဆိုတာကို သင်ပြသွားတာ ဖြစ်ပါတယ်။ မိမိရဲ့ ဆော့ဝဲအက်ပလီကေးရှင်းတွေဆိုတာကလည်း ကွန်ပြူတာ ဒက်စ်တော့ပေါ်မှာထက် မိမိသုံးနေတဲ့ ကွန်ပြူတာ ၀က်ဘရောက်ဇာထဲမှာ ရှိနေတာကိုလည်း သိနေရပါမယ်။ သည်တော့ စာသင်သားဟာ ဘယ်ကွန်ပြူတာမှာ ထိုင်ထိုင် မိမိဂျီမေးအကောင့်နဲ့ ဂူးဂဲကို ၀င်လိုက်တာနဲ့ မိမိအလုပ်တွေ ဖိုင်တွေဟာ ဘရောက်ဇာပေါ်မှာ လိုက်ပါလာတာ ပါရှိနေတာကို သတိပြုမိရပါမယ်။ ဖိုင်တွေ အီးမေးတွေ အပွိုင့်မင့်တွေ အိမ်မှာ အခြားကွန်ပြူတာမှာ ကျန်ရစ်ခဲ့တာမျိုးတွေ မဖြစ်တော့ပါဘူး။
အခုကတော့ ဒရိုက်ကို သွားပြီးတော့ ဘယ်ဘက်ဒေါင့်ကနေ New – Google Docs ကို ဆွဲချပြီး ဖိုင်အသစ် လုပ်ဖို့ ပဲ ဖြစ်ပါတယ်။
မိမိရဲ့ ဖိုင်အသစ်ဟာ ဘရောက်ဇာရဲ့ new tab မှာ ပေါ်လာပါမယ်။ သတိပြုဖို့ကတော့ မိမိဖိုင်နာမည်ကို ‘Untitled document’ ဆိုပြီး ဖိုင်နာမည်အဖြစ် ပေါ်နေတာကိုလည်း တွေ့ရပါမယ်။
ဆိုတော့ အဲသည်ဖိုင်နာမည်ကို ကလစ်လုပ်ပြီးတော့ မိမိအလိုရှိရာ ဖိုင်အမည် ပေးထားလို့ ရပါတယ်။
အဲသည်ဖိုင်ဟာ ပေးထားတဲ့ အမည်အသစ်နဲ့ ဒရိုက်ဝင်းဒိုးမှာ ချက်ခြင်း ပေါ်နေတာ update လုပ်ပြီးသား ဖြစ်သွားတာကို တွေ့ရပါမယ်။ ပြောချင်တာက ဒရိုက်ပေါ်မှာ ဖိုင်တွေ အသစ်ဖန်တီးလိုက်တာနဲ့ ဆေ့ဗ်လုပ်စရာ မလိုဘဲ တခါတည်း သိမ်းထားပေးတယ်၊ Auto save လုပ်ပေးထားတယ် ဆိုတာ ဖြစ်ပါတယ်။
All changes saved ဆိုပြီး မိမိဖိုင်မှာ အလုပ်လုပ်နေစဉ် ပျက်မသွား ပျောက်မသွားအောင် ဂူးဂဲက သိမ်းဆည်း ပေးထားတာ ဖြစ်ပါတယ်။
ဖိုင်တွေကို သိမ်းခြင်း၊ upload လုပ်ခြင်း၊ ဖိုင်အမျိုးအစား file type ပြောင်းခြင်း
ဖြစ်တတ်တာကတော့ မိမိဖိုင်တွေဟာ ကွန်ပြူတာပေါ်မှာ အရင် သိမ်းဆည်း အလုပ်လုပ်ထားနှင့်ပြီးသား ဖိုင်တွေ ဖြစ်နေတတ်ပါတယ်။ ဖိုင်အသစ်တွေ ဟုတ်ချင်မှ ဟုတ်ပါမယ်။ ဒီရှိပြီးသားဖိုင်တွေကို ဒရိုက်ပေါ်မှာ upload လုပ်ပြီး သိမ်းထားပြီးမှ edit လုပ်တာတွေ လုပ်လို့ ရပါတယ်။
ဖိုင် အပ်လုပ်ဒ် ဆိုတာကို ရွေးပါ။
မိမိကွန်ပြူတာ ဒက်စတော့ပေါ်က အလိုရှိရာ ဖိုင်ကို ရွေးပြီး အပ်လုပ်ဒ် လုပ်ပါ။
မိမိဖိုင်ကို ဒရိုက်ဝင်းဒိုးမှာ ပေါ်လာတာကို တွေ့ရပါလိမ့်မယ်။
ဖိုင်တခုချင်းစီသာမက ဖိုလ်ဒါ တခုလုံးကိုလည်း အပ်လုပ်ဒ် လုပ်လို့ရတယ် ဆိုတာကိုပါ သင်ကြားပေးပါ။
Folder upload ကို ရွေးချယ်ပါ။
ဖိုလ်ဒါ တခုလုံးကို ဒရိုက်မှာ သိမ်းဆည်းနိုင်တာကို တွေ့ရပါလိမ့်မယ်။
File type / File Format များ ပြောင်းလဲ သိမ်းဆည်းခြင်း
ဖိုင်တိုက်တွေ ဖိုင်ဖော်မက်တွေအကြောင်း သင်တန်းဆရာက ရှင်းပြရပါမယ်။ ပုံနှိပ်အီးဘုတ်တွေကို PDF နဲ့ သိမ်းဆည်းထားပြီး စာစီစာရိုက်ဖိုင်တွေကိုတော့ မိုက်ခရိုဆော့က docx , doc ဖိုင် ဖော်မက်နဲ့ သိမ်းဆည်း ထားပါတယ်။ သည်ဖိုင်တွေကို ဂူးဂဲဖိုင်အဖြစ် အသွင်ပြောင်း ဆေ့ဗ်လုပ်ပြီး edit လုပ်နိုင်ပါတယ်။
ဥပမာ – resume.docx ဆိုတဲ့ မိုက်ခရိုဆော့ဒေါ့ကူးမင်း ဖိုင်ကို ဒရိုက်ပေါ် ကူးတင်ပါ။ ပြီးတော့ မောက်စ် ၂ ချက်နှိပ်နဲ့ ဖွင့်ဖတ်ပါ။
သူက မိုက်ခရိုဆော့ဖော်မက်ကို preview (ဖွင့်ကြည့်ရုံသက်သက်) ပြပါလိမ့်မယ်။ ဒါကို အပေါ်က ပြထားသလို “open with google docs” ဆိုပြီးတော့ ဖိုင်ဖော်မက်ကို ပြောင်းယူလိုက်ပါ။
ဒရိုက်ပေါ်မှာ တခါတည်း အက်ဒစ် (edit )လုပ်နိုင် တည်းဖြတ် ပြင်ဆင်နိုင်တဲ့ ဖိုင်ဖြစ်သွားပါလိမ့်မယ်။
ပြီးရင် ဒရိုက်ဝင်းဒိုးကို ပြန်သွားပါ။ resume ဖိုင်ကို ၂ ပုံစံနဲ့ သိမ်းထားပြီးသား ဆိုတာ တွေ့ရပါမယ်။ ပထမ မူရင်းက “w” icon လေးနဲ့ ၀ဒ်ဖိုင်ပါ။ ဒုတိယဖိုင်ကတော့ google docs ဖိုင်ပါ။
သည်သင်ခန်းစာကနေ စာသင်သားတွေကို docs ဖိုင်တွေ ရိုက်ခိုင်းတာ သိမ်းဆည်ခိုင်းတာတွေကို လေ့ကျင့်ခိုင်းလို့ ရပါပြီ။
(ဆက်လက်ဖော်ပြပါမည်)