မော်ဆူးသစ် ● ငါတို့သည် ဆင်းရဲခြင်းကိုအဓိဋ္ဌာန်ပြု တောင်သူလယ်သမားများသာ
(မိုးမခ) မတ် ၆၊ ၂၀၁၇
“မြေကြီးက ရွှေသီးရမည်” တဲ့
ရွှေသီးတွေဖြိုင်ဖြိုင်ကျ
နဖူးမှ ခြေမတိုင်၊ အဝီစိတိုင်
တို့ဘဝဟာ ခုထိတော့ ငံကျိကျိပဲ၊ နွမ်းချည့်ချည့်ပဲ။
ဓားမဦးချ ဆိုဆို
ဘိုးဘွားတို့ ခေါင်းချသွားရာမြစ်ကြမ်းပြင်ထဲ
ဆွေစဉ်မျိုးဆက်ခုတ်ထွန်ခဲ့ရာ တောရိုးတလျောက်
ကန်သင်းတည်ရာ တို့အိမ်ယာပဲ၊ တို့သင်္ချိုင်းပဲ။
ကန်သင်းငုတ်က ဆူးပုတ်ခြုံလို
မိုးနံ့လေးနဲ့ဝေလိုက် ခေါင်ညွှန့်ဆိတ်လိုက်
မြေခွန်တော်
အမတော်
ဘိုးဘွားပိုင်
မြေယာတန်းစီဇယား
တန်းတူညီမျှရေး
ဘုံဝါဒ/ဘုံလယ်ယာ
(ပပက) ပြည်သူ့ဆိုင်၊ ကုန်သွယ်လယ်ယာ
မြေနုမြေယာ သီးစားလုပ်ကိုင်ခွင့်
ဈေးကွက်စီးပွားရေးစနစ်
ပွဲရုံ၊ ကုန်သည်ပွဲစား/ကုန်စည်ဒိုင်
ဘယ်စနစ်ကမှ လူများစုနင်းပြားကို မပြဋ္ဌာန်းတဲ့နောက်
ဘယ်လမ်းစဉ်နဲ့လျှောက်လျှောက်
တို့နောက်မှာ အောက်ကျစရာလူမှရှိ။
ပခုံးနှစ်ဖက် အသားမာတက်အောင်ထမ်းထားရ
တိုင်းပြည့်ထမင်းအိုးကြီးဆိုလား
ချိုင်း (ဂျိုင်း) ပြတ်လုလုဆွဲထားရ အာရှရဲ့ဆီအိုကြီးဆိုလား
လာသမျှ အစိုးရမင်းများက ကျောတရာ၊ ရင်တရာ
ပွတ်သပ်နဖူးတည့်တည့်နင်းလို့ ကျွန်တံဆိပ်ခတ်ကြ
“ကျေးဇူးရှင် တောင်သူဦးကြီးများ” ဆိုလား
ဒီမှာ
ဝမ်းဟောင်းလောင်းနဲ့ ကိုယ့်အသားမာကို ခွာစားကြရ
ဒီမှာ
ကိုယ့်လက်ကိုပြတ်အောင်သွေးလို့
စက်မှုလယ်ယာကို ခုတ်ထွန်နေကြ
ဒီမှာ
ဖင်ထဲရွှံ့ဝင်အောင်ရုန်းမှ
တို့ခေါင်းကအညွှန့်အဖူး ကုန်သည်ပွဲစားခူးဖို့ စိုက်ကြ
မိုးသောက်မှနေဝင်မိုးချု ပ်
ပုခက်တွင်းမှ သေတွင်းထဲအထိ
ကိုယ့်လယ်၊ ကိုယ့်စပါး ကိုယ့်နွားနဲ့ကို ခေတ်မီနေရ
တသီးမစားလောက် နှစ်သီးစိုက်
နှစ်သီးနဲ့အကြွေးမပြေရင် သုံးသီးစိုက်
ဆီတွေဆန်တွေ အိမ်ရှေ့ပုံပြီး
ကြွေးမြီဗရပွ အိမ်ရှေ့ပုံပြီး
ကိုယ့်သား/သမီးတို့အိပ်မက် သီးညှပ်စိုက်နေရ။
ကြက်သွန်ကတော့ ရှုံးသွားပြီ
ပြောင်းဈေးကွက်က ပျက်ပြီတဲ့
ဖရဲခင်းကတော့ စားပြီးသောက်ပြီး အသက်ကြီးသွားတာ အမြတ်
ပဲခင်းကြီး ကောင်းချက်က မကျန်
အိတ်စပို့ ပိတ်သွားသတဲ့
ဈေးစောင့်ရအောင်ကလည်း
ငွေတိုးနဲ့အချိန်သည် လူကိုမစောင့်
ဈေးကွက်စီးပွားရေးစနစ်ထဲ
စီးပွားပျက်ကပ်ဆိုတဲ့ ‘ကျီး’ ကလည်း
တို့ခေါင်းပေါ်ကထန်းသီးပဲ ရွေးရွေးနင်းတယ်
ဝဋ်တခုလို လယ်လုပ်ဆပ်နေရ
ပြောင်းဆန် တင်းတရာ တရုတ်မော်တော်ဆိုင်ကယ်တစီး
စပါးတင်းနှစ်ရာ တရုတ်ရေစုပ်စက်တလုံး
တို့တရွာလုံး တမိုးလုံး အုန်းအုန်းကျွက်ကျွက်သိမ်းလိုက်ရတာ
သာအေးထွန်စက်တလုံးဖိုးပဲရသတဲ့
ဒီလိုနဲ့
တို့လယ်ထဲ ကားလမ်းကြီးပေါက်ချလာ
“လမ်းဝဲယာ ဟော်တယ်ကြီးတွေဆောက်မှာတဲ့၊
မြို့သစ်ကြီးတည်မှာတဲ့”
ကိုရင်ထွေးအပြောတော့
တို့တောင်ရိုးတတောလုံး ဈေးဖြတ်ဝယ်သွားတဲ့တရုတ်က
မြန်မာစကားတောင်မတတ်ဘူးဆိုပဲ
ကိုရင်ထွေးကတော့
မြေတွေရောင်းလို့ ကုန်ပြီ
အကြွေးတွေလည်းကြေပြီတဲ့
သူ့သားကိုတောင် “သားကြီးရှင်ဖြစ်” လှူမလို့ဆိုလား
ပိုင်လိုက်တဲ့ ကိုရင်ထွေး
လယ်မလုပ်တော့ပဲ တရုတ်စက်ရုံဂိတ်စောင့်လုပ်နေဆိုပဲ။
ငါ့မှာသာ
ရွာတောရိုးဆီကြည့်လိုက်
တာလမ်းပေါ်ပြေးဆော့နေတဲ့ ကလေးတွေကြည့်လိုက်
တောင်စူးစူးဆီမောင်းသွားတဲ့ ကျောက်ကားတွေကြည့်လိုက်
မိုးမမြင် လေမမြင် ထွန်ရေးငင်နေမိပေါ့။ ။
မော်ဆူးသစ်