တင်ဇော်လွင် – ဗမာကြောင် (BURMESE CAT)
“ဟိုတလောက အင်းလေးမှာရှိတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ကြောင်တွေကို နိုင်ငံခြားသား တွေ လာလာကြည့်နေကြတဲ့ ဓာတ်ပုံတချို့တွေ့လိုက်မိတယ် ဦးလေးရ။ သူတို့ဘာဖြစ်လို့ လာကြည့်ကြတယ်ဆိုတာ ကိုတော့ ရေးမထားဘူး။ အသိတစ်ယောက်ပြောတာကတော့ ကြောင်တွေက လိမ္မာတယ်၊ ဘုန်းကြီးစကား နား ထောင်တယ်။ ကျွမ်းထိုးပြတယ်တဲ့။”
“ဟုတ်လားကွ။ ဟိုတလောကပဲ ဦးလေးရဲ့ မိတ်ဆွေတစ်ယောက်၊ အဲဒီ အင်းလေးမှာပဲ၊ ဟိုတယ်တစ်ခုမှာ တည်းခဲ့တာ။ သူတည်းတဲ့ဟိုတယ်နားမှာ ကြောင်တွေကို သီးသန့်ထားတဲ့ အိမ်တစ်လုံး တွေ့ ခဲ့သတဲ့။ ကြောင် အမျိုးအစားက BURMESE CAT (ဗမာကြောင်) တဲ့ကွ။ အဲဒီမှာ ကြောင်မျိုးစပ်တာတွေလည်း စနစ်တကျလုပ်သတဲ့ကွ။”
“ကျွန်တော်တို့ ဗမာပြည်မှာ အခုတွေ့နေရတဲ့ကြောင်တွေအားလုံးဟာ BURMESE CAT အမျိုးအစား တွေ မဟုတ်လား ဦးလေးရဲ့”
“အဲဒီလိုတော့ မဟုတ်ဘူးကွ။ ကြောင်တွေမှာလည်း သူ့အမျိုးနဲ့သူရှိကြတာကိုး။ တစ်မျိုးနဲ့ တစ်မျိုး ဘယ်တူကြမလဲ။ ကြောင်တင်မဟုတ်ပါဘူးကွာ။ ဘယ်တိရစ္ဆာန်မဆို တစ်မျိုးတည်း ဘယ်ဟုတ်ပါ့မလဲ။ ကြောင်မှာလည်း အမွေးအတို၊ အရှည်၊ အမြီးအတိုအရှည်၊ အရောင်အမျိုးမျိုးရှိကြမှာပေါ့။ BURMESE CAT ဆိုတာကလည်း အမျိုးအစားတစ်မျိုးပေါ့”
“တခြားကြောင်တွေနဲ့ ဘာတွေ ထူးခြားသလဲ ဦးလေး”
“ဟေ့-ငါ့တူ။ ဦးလေးမှာ ကြောင်မွေးမထားဘူးနော်။ ကြောင် အကြောင်းသိပ်သိတာမဟုတ်ဘူး။ ဦးလေး ဖက်ထားတာတွေထဲက မင်းကိုပြောပြရမှာ။ တို့ဗမာကြောင် (BURMESE CAT) တွေဟာ အမွေးကတိုပြီး၊ ကတ္တီပါလို၊ ပိုးသားလို နူးညံ့သတဲ့ကွ၊ ကိုယ်လုံးကိုယ်ထည်ကလည်း ကျစ်တယ်၊ မာတယ်၊ အကျင့်စရိုက်အနေနဲ့ ပြောရရင်-သခင်ကိုခင်တယ်၊ နေတဲ့အိမ်ကိုခင်တယ်။ သွက်သွက်လက်လက်နဲ့ အငြိမ်မနေဘဲ ကစားလည်း မက်သတဲ့ကွ။ တစိမ်းဧည့်သည်လာရင် ရန်မလိုဘူး၊ ရန်မလုပ်ဘူး၊ ဖော်ဖော်ရွေရွေပဲ၊ အကပ်ခံတယ်၊ ပွတ်သီးပွတ်သပ်လုပ်ပြီး အတော်လည်း စပ်စပ်စုစု နိုင်တယ်လို့ စာအုပ်တွေထဲ ရေးထားတာ ဖတ်ရတာပဲကွ။
“ကျွန်တော်တို့ ဗမာလူမျိုးတွေလိုပဲ၊ ခင်မင်ဖော်ရွေပြီး ရန်မလိုတတ်ဘူးလို့ ဆိုနိုင်တာပေါ့နော် ဦးလေး”
“အင်း-အဲဒီလိုဆိုရင်လည်း မမှားဘူးပေါ့ကွာ”
“ပြီးတော့ရော ဦးလေး”
ကမ္ဘာပေါ်မှာ စုစုပေါင်း ကြောင်အမျိုးပေါင်း ၁၀၀ (တစ်ရာ) လောက် ရှိတဲ့အထဲမှာ တို့ဗမာကြောင် (Burmese CAT) တွေက သခင်ကို သိပ်ကပ်လွန်း၊သိပ်ခင်လွန်းသတဲ့။”
“ဟင်-အဲဒါ မကောင်းဘုးလား ဦးလေးရ။ ခင်ချင်လို့ အိမ်မှာ မွေးထားတာပဲဥစ္စာ။”
“ဟာ- တော်ရုံတန်ရုံခင်ရုံ မဟုတ်ဘဲ တခြားကြောင်အမျိုးတွေနဲ့ယှဉ်ရင် လွန်လွန်ကဲကဲ ဖြစ်နေလို့ ဖြစ်မှာပေါ့ကွ။ နောက်ထူးခြားချက်တစ်ခုက အရောင်ပဲ။ ကြောင်ကြောင်ကျားကျား၊ ကွက်တိကွက်ကျား၊ အစင်းအကျား၊ အကွက်တွေမဟုတ်ဘဲ တို့ဗမာကြောင်တွေက အရောင်ပြောင် (SOUD COLOR) တွေပဲတဲ့။”
“ဘာဖြစ်လို့ BURMESE CAT လို့ အမည်ပေးကြတာလဲဦးလေး”
“အဲဒါကျတော့ကွာ။ သူတို့ရဲ့ မှတ်တမ်းတွေအရ ဗမာပြည်က ယူသွားတဲ့ကြောင်နဲ့ မျိုးဖောက်၊ မျိုးစပ်ပြီး ရလာတဲ့ အမျိုးအစားအသစ်မို့ BURMESE CAT လို့ အမည်ပေးလိုက်တာတဲ့။ ၁၉၃၀ လောက်ကစပြီး ရလာတာဆိုတော့ ခုဆိုရင် နှစ်ပေါင်း ၉၀ နီးပါးတောင်ရှိပြီ။ မူလအရောင်က အညိုရင့်ရောင်ဖြစ်ပေမယ့် အခုတော့ အရောင်စုံရှိနေပြီပေါ့ကွာ။ ဒါပေမဲ့ ခုနက ဦးပြောခဲ့တဲ့ ထူးခြားချက်ကိုတော့ မမေ့နဲ့နော်၊ အရောင်အား လုံးဟာ ဗြောင်တွေချည်းပဲ။ ခေါင်း၊ ကိုယ်၊ အမြီးမှာ အရောင်နုတာ၊ ရင့်တာ၊ ဖျော့တာသာကွာချင်ကွာမယ်၊ အားလုံးဟာ ဗြောင်တွေ (SOLID COLOR) ချည်းပဲကွ။”
“ဒါဆို ခွဲခြားရ လွယ်တာပေါ့နော်။”
“အင်း… အဲဒီလိုပဲ မှတ်ထားရတော့မှာပေါ့ကွာ၊ ဦးလေးက ကြောင်မမွေးတော့ မပြောပြတတ်ဘူး။ မင်း သေသေချာချာသိချင်ရင်တော့ အင်းလေးက အဲဒီ “ကြောင်ဂေဟာ” ကို သွာေးလ့လာသင့်တာပေါ့။ ဦးလေးက တော့ တံဆိပ်ခေါင်းနဲ့ ပတ်သက်ပြီး စုထားတာတွေကိုပဲ ပြရမှာပဲ။ ကဲ-ဟောဒီမှာကြည့်ကွ။ ကမ္ဘာအရပ်ရပ်က ထုတ်ဝေထားတဲ့ တို့ဗမာကြောင်တံဆိပ်ခေါင်းတွေ။ အာဖရိက တိုက်နိုင်ငံတွေက စပြီးပြမယ်။”
“ဟာ မနည်းပါလား ဦးလေးရ။ BURMESE CAT က ဒီလောက်တောင် နာမည်ကြီးသလား။”
“နောက် ဟောဒီမှာလည်း အများကြီးပါပဲကွာ။ ဒီထက်ပိုကြည့်ချင်၊ ပိုသိချင်ရင်တော့ On-Line အင်တာနက်ပေါ်မှာသာ တက်ကြည့်ပေတာ့။ ကြောင်တွေက အမှတ်တရတံဆိပ်ခေါင်းစထုတ်တဲ့နိုင်ငံက ပိုလန်နိုင်ငံတဲ့ကွ။ ၁၉၆၄ နှစ်မှာမှ” ။
“ဗမာကြောင်အကြောင်းရေးထားတဲ့ စာအုပ်တွေ၊ ပြက္ခဒိန်တွေ၊ အမှတ်တရပစ္စည်းတွေကလည်း မနည်းဘူးကွ။ ရွှေဒင်္ဂါးပြား – ငွေဒင်္ဂါးပြားတွေ တောင်ပါသေး။”
“ဟာ အများကြီးပါလား၊ ဒါဆို ကျွန်တော်တို့ကလည်း ထုတ်သင့်တာပေါ့နော်ဦးလေး”
“အေးပေါ့ကွ။ ထုတ်သင့်တာပေါ့။ ဒါမှလည်း မင်းတို့ပြောပြောနေတဲ့ ကမ္ဘာကြီးနဲ့ ရင်ဘောင်တန်း လိုက်ရမယ်ဆိုတာ အဓိပ္ပာယ်ရှိတော့မပေါ့။ ခုတော့ မဟုတ်ပေါင်ကွာ။ မင်းတို့ဟာက တလွဲဆံပင်ကောင်းပြီး တို့ဗမာယဉ်ကျေးမှုမှာ ဘယ်တုန်းကမှ မရှိခဲ့တဲ့ VALENTINE DAY ကို (ချစ်သူများနေ့) ဆိုပြီး မယောင်ရာ ဆနွင်းလူးနေလိုက်ကြတာ၊ ချဲ့နေလိုက်ကြတာ။ အဲဒါ ရင်ဘောင်တန်းတယ်လို့ မခေါ်နိုင်ဘူးကွ။
“ဟာ ဦးလေးကလည်း မဆီမဆိုင်”
“အေးပါကွာ မင်းပြောမှာ ဦးလေး သိပါတယ်။ ခေတ်ရေစီးကြောင်းလို့ ပြောလည်းခံရမှာပါပဲ။ ထားပါတော့ ဒါဆိုရင် “မြန်မာကို ကမ္ဘာကသိအောင်လုပ်ရမယ်”ဆိုတာကြီးကတော့ ပြောပါဦးကွ။ တခြားတိုင်းပြည်တွေက ဗမာပြည်က ကြောင်ကို သေသေချာချာမွေး၊ သေသေချာချာမျိုးစပ်ပြီး တံဆိပ်ခေါင်း တွေ၊ ပြက္ခဒိန်တွေ၊ စာအုပ်တွေ ထုတ်ဝေနေကြပါလျက်နဲ့ တို့တစ်တွေ၊ မင်းတို့တစ်တွေက ဒီအတိုင်း ငုပ်တုတ်ကြီး (ဘာမှမလုပ်) ထိုင်နေကြတာ ရှက်စရာမကောင်းဘုးလားကွ။ စဉ်းစားကြည့်စမ်း။
“အခုခေတ်က BURMA ကို MYANMAR လို့ မည်သစ်ပြောင်းထားတော့ BURMESE CATကိုကော နာမည်ပြောင်းဖို့ လိုမလား ဦးလေး”
“အေး အတိုဆုံးဖြေရရင်တော့ ငါ့တူရေ လိုလည်းမလိုဘူး၊ ပြောင်းလို့လည်း မရဘူးကွ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီမည်တွေက Technical Teams (ဘာသာရပ်ဝေါဟာရ) တွေကွ။ အကြောင်းအရာနယ်ပယ်တစ်ခု၊ ဘာသာရပ်တစ်ခုအတွက်၊ အစဉ်အလာနဲ့ ခိုင်ခိုင်မာမာ ခေါ်ဆိုသုံးစွဲရမယ့် အမည်တွေကွ။ အဲဒါတွေကို အရူးထပြီး လျှောက်ပြောင်းလို့ မရဘူး။ ဥပမာကွာ ကမ္ဘာ့ကျောက်မျက်ရတနာလောကမှာ နာမည်အလွန်ကြီးတဲ့ BURMESE RUBY (မြန်မာ့ပတ္တမြား)။ BURMESE SAPPHIRE (မြန်မာ့နီလာ) စတဲ့ အမည်တွေဟာ အထင်ကရ ဝေါဟာရစကားလုံးတွေကွ။ သူ့အတိုင်းပဲ ထားရမယ်။ မပြောင်းပစ်ရဘူး။ နောက် – တိရစ္ဆာန်တွေနယ်ပယ်က ဆိုရင် BURMESE PYTHONဆိုတဲ့ ဗမာစပါးကြီးမြွေဆိုတာကလည်း ထိုနည်းတူစွာပဲ။ တစ်ကမ္ဘာလုံးက တိရစ္ဆာန်ဥယျာဉ်တွေမှာ အဲဒီအကောင်ကို အဲဒီအမည်ထိုးပြီး ပြသထားရတာ။ အဲဒါကို သွားမပြောင်းရဘူး။
“ဟုတ်ကဲ့ နားလည်ပါပြီဦးလေး”
“နောက်ပြီး ရှိသေးတယ်။ ဒုတိယကမ္ဘာစစ်တုန်းက BURMA ROAD ဆိုတာ မင်းကြားဖူးမှာပေါ့”
“ဟုတ်ကဲ့ ဦးလေး၊ ကြားဖူးပါတယ်”
“အေး တစ်ကမ္ဘာလုံးက သမိုင်းစာအုပ်တွေမှာ BURMA ROAD လို့ပဲ ရေးထားတာ၊ ဖော်ပြထားတာကို ပြောင်းလို့မရဘူးကွ။ MYANMAR ROAD လို့ သွားပြောင်းလို့မရဘူး။ ကဲပါကွာ ကြောင်အကြောင်းပြောရင်းနဲ့ ဘေးကို ရောက်ကုန်ပြီ။”
“ဦးလေး ပြောပြလို့ ကျွန်တော်ဆက်ပြီး သိချင်လေ့လာချင်ပါသေးတယ်။ အင်းလေးက ကြောင်ဂေဟာ ကို မသွားနိုင်သေးတော့ ကြောင်တွေ အများကြီးမွေးထားတဲ့ လမ်းထိပ်က ကြောင်ချစ်သူ ဒေါ်မြမူဆီကိုပဲ သွားပြီး မေးရတော့မှာပဲ။”
“ဘယ်သူ့ဆီကဖြစ်ဖြစ်ပါကွာ၊ ကိုယ့်တိုင်းပြည်က ကြောင်အကြောင်းကို ကိုယ်က သိထားရင် ပိုကောင်း တာပေါ့။”
တင်ဇော်လွင်