သရော်စာ

ရန်လိုကျွဲ ● မုန့်ဟင်းခါးထဲ အချိုမှုန့်မထည့်တော့ ဘာဖြစ်သွားသလဲ …?

ရန်လိုကျွဲ ● မုန့်ဟင်းခါးထဲ အချိုမှုန့်မထည့်တော့ ဘာဖြစ်သွားသလဲ …?
(မိုးမခ) ဖေဖော်ဝါရီ ၂၅၊ ၂၀၁၇

စီးပွားရေးအတိုင်ပင်ခံ ဆရာကျွဲ ရုံးခန်း အတွင်း နံနက်စာ မုန့်ဟင်းခါးစားရန် ပြင် ဆင်နေစဉ် အကြံအစည်ကောင်းတစ်ခု ရလိုသည်ဟုဆိုသော ဧည့်သည်တစ် ယောက် ရောက်လာသည်။

လာရောက်အကြံတောင်းသူမှာ ခေတ်လူငယ် သတင်း ထောက် လင်းမြတ် ဖြစ်တော့သည်။
”ကျွန်တော် ကိုယ်ပိုင်အလုပ် လုပ်ချင်လို့ဗျို့၊ ဘာလုပ်ရရင် ကောင်းမလဲ ခေါင်းရှုပ်နေတာနဲ့ ဆရာကျွဲဆီကို လာပြီး အပူကပ် ရတာပဲ”

မိန်းကလေးတစ်ယောက်ကို ချစ်စကားဆိုမိရာမှ အလုပ် အကိုင်ပြောင်းရန် ဆုံးဖြတ်ရခြင်း ဖြစ်သည်ဟူ၏။      ဒုက္ခသီရိ၏ လက်ရှိအခြေအနေအရ သတင်းထောက်အလုပ်သည် ရန်သူများ သည့် သဘောသဘာဝ ရှိနေသောကြောင့် အလုပ်အကိုင်ပြောင်း ပြီးမှ ထပ်မံ လက်ခံစကားပြောမည်ဟု မိန်းကလေးက တုံ့ပြန်ထား ၏။ ထိုအလုပ်က ဝင်ငွေကောင်းသည့် ကိုယ်ပိုင်အလုပ်လည်း ဖြစ် ရမည်ဟူ၏။

”ဟာ…တောင်းဆိုချက်တွေ များလှချေလားကွ။ အိမ် ထောင်ပြုမယ့်အဆင့်ဆိုလည်း ထားပါတော့။ အခုဟာက ရည်း စားစကားပြောတဲ့အဆင့်မှာတင် နွားဖားကြိုး အထိုးခံနေရတာ တော့ မနိပ်ပါဘူးကွာ။ သို့သော်လည်း အထီးကျန်ဖြစ်နေတဲ့ မင်း တစ်ယောက် ဘဝပြောင်းဖို့အတွက်တော့ ငါတတ်နိုင်သလောက် အကြံပေးရတော့မှာပေါ့”

သတင်းထောက်လင်းမြတ်လည်း မချိသွားဖြဲ ပြုံးနေ တော့သည်။
”ဝင်ငွေကောင်းတဲ့ ကိုယ်ပိုင်အလုပ်ဆိုရင် ကွမ်းယာဆိုင် လုပ်ငန်းက သင့်တော်တာပေါ့ကွ။ ကွမ်းယာဆိုင်ဆိုတာ ကြီး သထက် ကြီးထွားလာတာပဲ ရှိတယ်၊ အရောင်းပါးလို့ ပိတ်လိုက်ရ တဲ့ဆိုင် ရှိမှာ မဟုတ်ဘူး”

”ဒီခေတ်မှာ ကွမ်းယာဆို တာ ဘယ်သူ့ကိုမှ ကောင်းကျိုး မပေးတဲ့အရာ ဖြစ်နေပြီ။ မရောင်း သင့်ဘူး။ ပြီးတော့ သူနဲ့ ကျွန် တော် လင်မယားဖြစ်သွားရင် သူ့ကိုဆိုင် ထိုင်ခိုင်းမှာ။ ကွမ်းယာဆိုင်ကို လာ သူ အများစုက ယောက်ျားတွေ ခင်ဗျ။ ကျွန်တော် စိတ်မချပါဘူး ဆရာကျွဲရာ”

သတင်းထောက် လင်းမြတ် မှာ ရှေ့ရေးကို မျှော်တွေးတတ် သူတည်း။
”ဘီယာဆိုင်ဖွင့်လည်း မဖြစ်သေးဘူး၊ ဘီယာဆိုင်ကို လည်း ကွမ်းယာ ပရိသတ်တွေပဲ လာမှာ။ အင်း…ဒါဆိုလည်း မုန့် ဟင်းခါးဆိုင်ဖွင့်လေကွာ”

”ဆရာကျွဲရဲ့ မုန့်ဟင်းခါး အိုင်ဒီ ယာက ကောင်းပါတယ်။ ကောင်းပေမယ့် ကျွန်တော် ငါးဆယ်ရာခိုင်နှုန်းပဲ လက်ခံ နိုင်တယ်”

သူပြောပုံက ငြင်းပယ်သည်လည်း မဟုတ်၊ သဘောတူ သည်လည်း မဟုတ်။ လွန်စွာပင် သံတမန်ဆန်လှ၏။ ဤသူငယ် သည် ဆရာကျွဲ ငယ်စဉ်က ဖတ်ခဲ့ဖူးသည့် ပုံဝတ္ထုများထဲမှ စကား အရာတွင် ကျွမ်းကျင်လိမ္မာသူဟူသော လူစားမျိုး ဖြစ်နိုင်သည်။

”မုန့်ဟင်းခါးဆိုင်ဖွင့်ရင် အမျိုးသမီးရော အမျိုးသားပါ လာစားကြမှာ။ ဒါကိုတော့ သဘောကျတယ်၊ သဘောမကျ တဲ့အကြောင်းရင်းကတော့ ဒုက္ခသီရိမှာ မုန့်ဟင်းခါးဆိုင် သိပ်များ နေတဲ့အချက်ပဲ ဆရာကျွဲရေ။ ကျွန်တော့်ဆိုင် ဘယ်လို အရောင်း သွက်နိုင်ပါ့မလဲ”

ပြိုင်ဘက်များနှင့် မတူကွဲပြားစွာ ရောင်းချနိုင်လျှင် အရောင်းသွက်နိုင်မည်ဟု သူ့ကို ရှည်ရှည်ဝေးဝေး ရှင်းပြရလေ တော့သည်။

● အချိုမှုန့်ခေါ် ဟင်းချိုမှုန့်၏ သမိုင်းကြောင်း
ဒုက္ခသီရိသည် ယခင်က အချိုမှုန့် အသုံးမပြုသောနိုင်ငံဖြစ် သည်။ အသား၊ ငါးတို့ကို ဟင်းသီးဟင်းရွက်နှင့် ရောချက်လေ့ရှိ သည်။ ဆီကိုလည်း သုံးလေ့သိပ်မရှိကြပေ။ အချိုမှုန့်ရှောင်၊ ဆီ ရှောင်ကြသဖြင့် ကျန်းမာရေး ကောင်းကြသည်။ ဒုက္ခသီရိသို့ လာ ရောက်လေ့လာဖူးသည့် ဝန်ကြီးပဒေသရာဇာဆိုသူက ထို အချက်ကို သဘောကျပြီး ကဗျာတစ်ပုဒ်ပင် ဖွဲ့ခဲ့ဖူးသည်။ အသား၊ ငါးတို့ကို ကင်ပြီး ဟင်းရွက်ပြုတ်ထဲ ထည့်ချက် ကြောင်းကို သူ၏ ကဗျာတွင် ‘ဟင်းအိုးဆူလျှင် အကင်ခတ် ပြီး အိုးကင်းနှင့် လှော်ရေနှင့် ကြော်’ဟု စပ်ဆိုခဲ့ဖူးသည်။

‘ငုံ့လျက်ကိုယ်စီသာ ဆုပ်ကာလွေးတော့သည်၊ ပြီး လျှင် ရေမရှာ ခွေးသာကျွေး တော့သည်’ဟူသော ကဗျာ၏ အဆုံးသတ်ပုံကို ကြည့်ခြင်း အားဖြင့် အချိုမှုန့် မထည့်သော ဟင်းလျာမည်မျှ အရသာရှိ ကြောင်း အကဲဖြတ်နိုင်သည်။

ယနေ့ခေတ်တွင်မူ ဒုက္ခသီရိ တွင် မြို့ပြသို့ ရွှေ့ပြောင်းသွား လာမှု အားကြီးလာသဖြင့် အစားအသောက် ပုံစံ ပြောင်းလာသည်။ ဝင်ငွေချို့တဲ့သဖြင့် အသားမဝယ်နိုင် ကြတော့ချေ။

ဒုက္ခသီရိရှိ စိမ့်ကြီးမြိုင်ကြီးတို့ မှာ သူပုန်များ၊ အစိုးရအရာရှိများ လက်ညှိုးထိုး ရောင်းစားသော ကြောင့် သစ်ပင်ကုန် ရေခန်းဖြစ်လာ သည်။ တောပြုန်း၊ တောင်ပြုန်းသော ကြောင့် အသား၊ ငါး ရှားပါးလာ သည်။ တောသူတောင်သားတို့ တောကောင် ရှာရခက်လာသည်။ မြို့သူမြို့သားတို့လည်း အသား၊ ငါး နေ့စဉ် ဝယ် စားရန်လည်း ဝင်ငွေနည်းခြင်းကြောင့် အခက်အခဲ ဖြစ်လာသည်။

အသား၊ ငါးနေရာတွင် အစားထိုးလာကြသည်က အချိုမှုန့် ဖြစ်တော့သည်။ အသား၊ ငါး မခတ်နိုင်သောကြောင့် အချိုမှုန့်ကို လွယ်လွယ်ခတ်ကြရာမှ အချိုမှုန့်တွင်ကျယ်လာ၊ အချိုမှုန့်စွဲလမ်း မှုပြဿနာ တက်လာလေတော့သည်။ ဒေသတချို့ရှိ အသုပ်ဆိုင် များတွင် အချိုမှုန့်ကို စားပွဲပေါ် သီးသန့်တင်ထားရသည်။ ဆိုင်ရှင် ထည့်ပေးသည့် အချိုမှုန့်ပမာဏကို အားမရပါက ကိုယ်တိုင်ကိုယ် ကျ စိတ်ကြိုက်ထည့်နိုင်ရန် ထိုသို့ သီးသန့်ထားရှိရသည်။

အသားဟင်းတွင်လည်း အချိုမှုန့်ထည့်မှ ဟင်းဘဝရောက် သည်ဟု ယူဆသူများလာသည်။ ချဉ်ပေါင်ရွက်ဟင်းရည်လည်း အချိုမှုန့်ထည့်ကြသဖြင့် ချိုပေါင်ရွက်ဟင်းရည် ဖြစ်နေသည်။ ဆိုင်တွင် ရောင်းသော မုန့်လင်မယားမှ ထမနဲအဆုံး၊ အာလူး ကြော်မှအစ မုန့်ဟင်းခါးအဆုံး အချိုမှုန့်ကို မဖြစ်မနေ ထည့်လာ ကြသည်။

ဤသည်တို့မှာ သတင်းထောက်လင်းမြတ်ကို သမိုင်း ကြောင်း ရှင်းပြခြင်းပင်။ သတင်းထောက်လင်းမြတ်က ဒုက္ခသီရိ ၏ အချိုမှုန့်နောက်ခံသမိုင်းကို နားထောင်အပြီး အူကြောင် ကြောင် ဖြစ်သွားသည်။

”ဆရာကျွဲရဲ့ အချိုမှုန့်ရာဇဝင်အကြောင်း ကျွန်တော် သိ ပြီးသား။ နားထောင်လို့လည်း ကောင်းပါတယ်။ ဒီအချိုမှုန့်နဲ့ ကျွန်တော်တို့ စောစောက ပြောနေတဲ့ မုန့်ဟင်းခါးအကြောင်းက ဘယ်လို ပတ်သက်နေသလဲ”

”ပြိုင်ဘက်တွေနဲ့ မတူကွဲပြားမယ်ဆိုရင် မင်းရဲ့ မုန့်ဟင်း ခါးဆိုင် အရောင်းသွက်နိုင်မယ်လို့ ငါပြောထားတယ်လေကွာ။ မင်းရဲ့ မုန့်ဟင်းခါးဆိုင်မှာ အချိုမှုန့် မသုံးနဲ့။ ငါးနဲ့ ငံပြာရည်ကိုသာ သုံးပေတော့။ ဒါဆိုရင် စားသုံးသူတွေက မင်းရဲ့ မုန့်ဟင်းခါးကို တဖြည်းဖြည်း စွဲလမ်းလာကြမှာပါ”

သတင်းထောက်လင်းမြတ် ပိုမို စိတ်ဝင်စားလာသည်။ မုန့် ဟင်းခါးဆိုင်တိုင်းလိုလိုက ဈေးကြီးသည့်ငါးကို ပါလေရာသာ ထည့်သည်။ အချိုမှုန့်ကိုမူ ရက်ရက်စက်စက် ထည့်ကြသည် ဆို သည့် အားလုံးသိသည့် လျှို့ဝှက်ချက်ကို သူသဘောပေါက်ပြီး ဖြစ်သည်။

”အချိုမှုန့်ယဉ်ကျေးမှုကို တော်လှန်သူ၊ အချိုမှုန့် ရှောင် ကြဉ်သူတွေ ရှိတယ်ကွ။ မုန့်ဟင်းခါးစားပြီးချိန် လျှာပေါ်မှာ အချို မှုန့်အရသာ စွဲပြီး ကျန်မနေဘူးဆိုရင် မင်းရဲ့ မုန့်ဟင်းခါးကို သူတို့ သဘောကျမှာပဲ။ လူသတင်း လူချင်းဆောင်ဆိုသလို မင်းရဲ့ဆိုင် က ဖောက်သည်တွေ များလာမှာပဲ”

ဆိုင်ကို အများစိတ်ဝင်စားမှုရှိအောင် ပြင်ဆင်ရန်လည်း အကြံကောင်းများ ပေးလိုက်သည်။ ရန်လိုကျွဲ၏ အယူအဆများ၊ အကြံကောင်းများကို သတင်းထောက်လင်းမြတ် လက်ခံသည်။ ကျေးဇူးတင်စကားပြောပြီး ပြန်သွားသည်။

တစ်လခန့် ကြာသော်
သတင်းထောက်လင်းမြတ် မုန့်ဟင်းခါးဆိုင် ဖွင့်လေပြီ။ အန္တရာယ်ရှိသည့်အမှုန့်ကို ဟင်းရည်တွင် ထည့်သွင်းခြင်း မပြု သည့်အတွက်လည်း သူ့ကိုယ်သူ ဂုဏ်ယူ၍မဆုံးပေ။

ဆိုင်ဖွင့်သည့်နေ့တွင် အခြေအနေသိရန်အတွက် ရန်လိုကျွဲ လည်း သူ့ဆိုင်သို့ သွားရောက် လေ့လာ၏။ ဆိုင်တွင် လူပြည့်လျက် ရှိသည်။ ခုံလွတ်၊ စားပွဲလွတ် မရှိ။ အမျိုးသမီး၊ အမျိုးသားတို့ကို အရွယ်စုံ တွေ့ရသည်။

နံရံတွင်လည်း ဈေးနှုန်းတချို့ ကပ်ထားသည်ကို တွေ့ရ သည်။ မုန့်ဟင်းခါး တစ်ပွဲ ၅ဝဝ၊ မွင်းငါး တစ်ပွဲ ၅ဝဝ စသဖြင့် ရေး ထားခြင်း ဖြစ်သည်။

ဤသည်မှာလည်း ရန်လိုကျွဲ၏ အကြံပေးချက်အတိုင်း ရေး ထားခြင်းပင်။ မွင်းငါးဆိုသည်မှာ Facebook ဘာသာစကား ဖြစ် သည်။ Facebook သုံးသူအများအပြားက မုန့်ဟင်းခါးကို မွင်းငါး ဟု မပီကလာ ရေးတတ်ကြ၊ ပြောတတ်ကြသည်။ ထိုသို့ ပြောဆို ရေးသားခြင်းက Sexy ဖြစ်သည်ဟု ယူဆသူများလည်း ရှိသည်။

လူကြိုက်များတတ်သည့်အချက်တို့ကို စီးပွားရေးလုပ်ငန်း တွင် အသုံးချရေးတိုက်တွန်းချက်ကို သတင်းထောက် လင်းမြတ် က တိတိကျကျ လိုက်နာသဖြင့် ရန်လိုကျွဲ ကျေနပ်သွားသည်။

အတန်ကြာ စောင့်ဆိုင်းအကဲခတ်အပြီးတွင် ထိုင်ခုံမရ သဖြင့် လူစည်နေသော မွင်းငါး… အဲ…မုန့်ဟင်းခါးဆိုင်မှ ပြန်လာ ခဲ့လေ၏။ အပြန်လမ်းတွင် သတင်းထောက်အတွက် ကျေနပ်နေမိ သည်။ ကိုယ်ပိုင်အလုပ်ရှိပြီဆိုတော့ သူကြိုက်သည့် မိန်းကလေး ကို ချဉ်းကပ်ရ လွယ်ကူတော့မည် မဟုတ်လား။

သုံးလခန့် ကြာသော်
သုံးလခန့်ကြာသောအချိန်တွင် သတင်းထောက်၏ မုန့် ဟင်းခါးဆိုင်သို့ ဒုတိယအကြိမ် ချီတက်သွားမိသည်။ ဤတစ် ကြိမ်တွင်တော့ ဆိုင်အတွင်း စားသုံးသူ တစ်ယောက်သာ ရှိသည် အထိ လူရှင်းနေသည်။

သေသေချာချာ အနီးကပ်ကြည့်မှ ထိုသူမှာ မုန့်ဟင်းခါးလာ ရောက်စားသုံးသူမဟုတ်ဘဲ ဆိုင်ရှင် လင်းမြတ်ဖြစ်နေမှန်း သိရ သည်။ လင်းမြတ်ကို ကြည့်ရသည်မှာ အကြီးအကျယ် စိတ်ဓာတ် ကျနေပုံရသည်။

”ဟေ့ကောင် လင်းမြတ်၊ အခြေအနေ ဘယ်လိုလဲ။မုန့် ဟင်းခါးက စောစောစီးစီး ကုန်ပြီလားကွ။ အရောင်းသွက်လှ ချေလား”

ရောင်းကုန်ခြင်းမဟုတ်ကြောင်း၊ နံနက် ၈းဝဝ နာရီ ထိုး သည်အထိ ဈေးဦးမပေါက်သေးကြောင်း၊ ဤသို့ ဖြစ်နေသည်မှာ ရက်အတန်ကြာပြီဖြစ်ကြောင်း လင်းမြတ်က ငိုချင်းချ ပြောပြသည်။

”လူတွေက ငံပြာရည်အရသာ၊ ငါးအရသာကို မခံစား တတ်တော့ဘူးဗျ။ သူတို့ပါးစပ်က ပရိုဂရမ် ထည့်ထားသလား၊ ဗိုင်းရပ်စ်ထိသွားသလား မပြောတတ်တော့ဘူး၊ အချိုမှုန့်ကိုပဲ စွဲနေကြပြီ ဆရာကျွဲရေ”

ဖွင့်ခါစရက်များတွင်သာ ဆိုင်သစ်ကို အားပေးသူ အများ အပြား ရောက်လာကြကြောင်း၊ အချိုမှုန့် မပါသည့် မုန့်ဟင်းခါး အရည်ကို သူတို့ မနှစ်သက်ကြကြောင်း၊ လူသတင်း လူချင်း ဆောင် ဆိုသလို လင်းမြတ်၏ မုန့်ဟင်းခါးအရသာ မကောင်းဟု သူတို့ သတင်းဖြန့်သဖြင့် စားသုံးသူ အများအပြားက သတင်းရပြီ ဖြစ်ကြောင်း ဝမ်းနည်းပက်လက် ရှင်းပြလေသည်။

တချို့ကလည်း အခမဲ့ အကြံပေးကြသည်။ အချိုမှုန့် မသုံး လိုပါက ကြက်သားမှုန့်၊ ဝက်သားမှုန့် ထည့်ရန် တိုက်တွန်းကြ သည်။ ဤအကြံတို့ကိုလည်း လင်းမြတ်က ငြင်းပယ်၏။ ရလဒ်မှာ လူမုန်းခံရခြင်းပေတည်း။

”ရုပ်သံမှာ ဟင်းချက်ပြတဲ့ အစီအစဉ်တွေမှာ အကြီး အကျယ် ကြော်ငြာနေကြတာ ဟောဒီကြက်သားမှုန့်တွေပဲ မဟုတ်လား။ ဒါကိုများ သူက ဟိုဟာ ကျယ်နေတယ်၊ အချိုမှုန့် ထက်ဆိုးပြီး ကျန်းမာရေးထိခိုက်နိုင်တယ်လေး ဘာလေး လုပ် သေးဆိုပြီး ကျွန်တော်ကို ဆူကြ ဆဲသွားကြသဗျ”

အများပြည်သူကို အသိပညာပေးရမည်ဟူသော အချက် ကို သတင်းထောက်ဘဝမှာတင်မက မုန့်ဟင်းခါးဆိုင်ရှင် ဖြစ်လာ ချိန်တွင်လည်း မမေ့သော လင်းမြတ် ဖြစ်လေ၏။

မုန့်ဟင်းခါးစားလျှင် အကြော်မထည့်ကြရန်လည်း တိုက် တွန်းသည် ဟူ၏။

”ကျွန်တော်က မုန့်ဟင်းခါးပဲ ချက်တာလေ။ အကြော်ကို ကိုယ်တိုင်မကြော်ဘူး။ ဆိုင်တွေမှာ ရှိတဲ့ အကြော်က အမြဲတမ်း ကြွပ်ရွနေတာ။ အကြော်သမားတွေက စားအုန်းဆီအပြင် ဘာ တွေ ထပ်ထည့်လည်း မသိဘူး။ ဒါကြောင့် ကျန်းမာရေး ထိခိုက် မယ်၊ မစားကြနဲ့လို့ ကျွန်တော်ပြောတော့ လက်မခံကြဘူး”

ဆရာကျွဲလည်း စေတနာသည် လူတိုင်းနှင့်မတန်ကြောင်း အစချီပြီး လင်းမြတ်ကို နားချရလေသည်။ အလုပ်ဟောင်းကို ပြန်သွားပြီး သတင်းထောက်ဘဝ ပြန်လည်ခံယူရန် သူ့ကို တိုက် တွန်းလိုက်သည်။ မည်မျှပင် တိုက်တွန်း နားချသော်လည်း မောင် လင်းမြတ်တစ်ယောက် ဆက်လက်မှိုင်တွေမြဲပင်။

အဘယ်ကြောင့် လင်းမြတ် မှိုင်တွေနေရသနည်း။ ဒီအလုပ် မကောင်းလျှင် နောက်အလုပ်ပြောင်းလည်းရသည် မဟုတ် လော။ ပရိသတ်အကြိုက် အချိုမှုန့် အထုပ်လိုက်ထည့်ချက်လျှင် မုန့်ဟင်းခါးဆိုင် လူအုံမည်မဟုတ်လော။ လင်းမြတ်ကို သို့လို အနို့ လို မေးခွန်းထုတ်လိုက်မိသည်။

လင်းမြတ်ပြောသည့် စကားကြောင့် မှိုင်တွေနေရသည့် အကြောင်းရင်းမှန်ကို သိရလေတော့သည်။
”ကျွန်တော်ကြိုက်နေတဲ့ ကောင်မလေး စောစောကပဲ ဆိုင်ကို လာသွားတယ်။ မနက် ရှစ်နာရီ ထိုးခါနီးအထိ ဈေးဦး မပေါက်သေးတဲ့ မုန့်ဟင်းခါးဆိုင် ပိုင်ရှင်ကို သူ အထင်ကြီးလို့ မရ ဘူး။ သူ့ကို လမ်းတွေ့ရင်လည်း နှုတ်ဆက်စရာမလိုတော့ဘူးဆိုပြီး အပြတ်ပြောသွားတယ်ဗျာ”

မှိုင်တွေနေသော လင်းမြတ်လည်း ထိုသို့ ရှင်းပြပြီး ငိုရှိုက် လေတော့သည်။
ဆရာကျွဲလည်း မြားဦး သူ့ဘက်လှည့်လာမည်ကို စိုးရိမ်ပြီး ကမန်းကတန်း နှုတ်ဆက် ထွက်ခွာခဲ့လေသတည်း။ ။

၂၀၁၇-ဇန်နဝါရီလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ် (၄၂) မှ သရော်စာ ဖြစ်ပါသည်။

ရန်လိုကျွဲ ရေးသည်။
သရုပ်ဖော် – ကာတွန်း သီဟ (စခန်းသစ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts