မပြောမပြီး မတီးမမြည် – ၂ 
ဒေါက်တာဓမ္မပိယ (ITBMUU)၊ အောက်တိုဘာ ၈၊ ၂၀၁၃
            လွန်ခဲ့တဲ့ နှစ်ပတ်လောက်က (၂၅-၉-၂၀၁၃) နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်များဖြစ်တဲ့ အမေရိကန်နိုင်ငံသမ္မတဟောင်း ဂျင်မီကာတာ (Jimmy Carter)၊ ဖင်လန်နိုင်ငံ သမ္မတဟောင်း မာတီ အာတီဆာရီ (Martti Ahtisaari)၊  နော်ဝေးနိုင်ငံ ၀န်ကြီးချုပ်ဟောင်း ဂရို ဟာလင်မ် ဘရုဒ်လန် (Gro Harlem Brundtland) ဦးဆောင်တဲ့ “The Elder ” အဖွဲ့ဝင်သုံးဦး မြန်မာပြည်ကို ရောက်လာခဲ့ကြတယ်။ အကြောင်းကတော့ မြန်မာနိုင်ငံနိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ငြိမ်းချမ်းတဲ့နည်းလမ်းနှင့် စွမ်းနိုင်သမျှ ကူညီဆောင်ရွက်ပေးရန်  ပြည်သူတွေရဲ့အသံကို နားထောင်ဖို့ ရောက်လာကြခြင်းဖြစ်တယ်။ 
            ထိုခရီးစဉ်၌ နိုင်ငံခေါင်းဆောင်ကြီးများဖြစ်တဲ့ သမ္မတကြီးဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ်ကြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ၀န်ကြီးများ၊  ဘာသာရေး ဆိုင်ရာ ခေါင်းဆောင်များ၊ ၈၈ ကျောင်းသားများဆိုင်ရာ ခေါင်းဆောင်အချို့နှင့် အမျိုးသမီးရေးရာဆိုင်ရာ ခေါင်းဆောင်အချို့ကို တွေ့ဆုံခဲ့ပြီး၊ အဖွဲ့ဝင်အသီးသီးရဲ့ အသံများကို သေချာစွာ နားထောင်ခဲ့ကြတယ်။  
            အဖွဲ့များကို တွေ့ဆုံရာ၌ အဖွဲ့ဝင်များအားလုံးကို တစ်ပေါင်းတည်းမတွေ့ဘဲ ခွဲခြားတွေ့ဆုံပြီး ပြည်သူများရဲ့အသံကို တလေးတစား နားထောင်ခဲ့ကြတာကို တွေ့ရတယ်။ သူတို့ရဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်ပုံများကို တွေ့ရတော့ ဂရိဖီလိုဆိုဖာကြီး ဆိုကရေးတီးစ် ပြောသွားခဲ့တဲ့ စကားလေးတစ်ခွန်းကို အမှတ်ရမိတယ်။ 
            ဆိုကရေးတီးစ်က – “အမှန်တရားတွေကို ရှာဖွေနိုင်ဖို့ ကျွန်ုပ်တို့ကို သဘာဝတရားက မျက်စိနှစ်လုံး၊ နားနှစ်ဖက်၊ ပါးစပ်တစ်ပေါက်ကို ပေးထားခဲ့တယ်။ အမှန်တရားတွေကို ရှာဖွေလိုသူတို့ဟာ နောက်ဆုံး ထွက်သက်အထိ မျက်စိနှင့်နားကို အားကိုးပြီး အမှန်တရားကို ရှာဖွေသင့်တယ်↔ဆိုတဲ့ အဆိုအမိန့်ပါ။ သမ္မတဟောင်း ဂျင်မီကာတာတို့အဖွဲ့ဟာ ဒီအဆိုကို အားကျ၍လားမသိ ထင်ရာမြင်ရာကို ပြောကြား နေခြင်းမျိုးထက် နားထောင်ခြင်းနှင့် မျက်စိဖြင့် အကဲခတ်ခြင်းနည်းစနစ်များကို အသုံးပြုသွားခဲ့သည်ကို အံ့သြစွာ တွေ့ရှိခဲ့တယ်။ နောက်နေ့ (ဒုတိယနေ့)မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ထိုသတင်းစာရှင်း လင်းပွဲမှာ ပြည်သူများအားလုံး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေနိုင်ရေးအတွက် ငြိမ်ချမ်းတဲ့နည်းနှင့် အဖြေရှာ ကြဖို့ကို တိုက်တွန်းပြောဆိုသွားခြင်းပါ။
             ပထမနေ့ နံနက်ပိုင်း (၂၅-၉-၂၀၁၃-ခု) ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံပွဲမှာ ဗုဒ္ဓဘာသာ ဆိုင်ရာ ခေါင်းဆောင်များဘက်မှ သီတဂူဆရာတော်ကြီးနှင့် ဒေါက်တာဓမ္မပိယ (ငါးကျမ်းပြန်)တို့ တက်ရောက်ခဲ့ ကြတယ်။ သီတဂူဆရာတော်ဘုရားက – “တိုင်းပြည်တွင်းမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင်တဲ့ ပဋိပက္ခများ ဖြစ်ပေါ်ရခြင်းရဲ့ အကြောင်းရင်းမှာ ဆင်းရဲမွဲတေမှုကို အခြေခံပြီး ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း၊ ထိုပဋိပက္ခများကို ဖြေရှင်းနိုင်ဖို့ တိုင်းပြည်ရဲ့ စီးပွားရေး၊ ပညာရေးများကို မြှင့်တင်ပေးဖို့ အထူးလို အပ်ကြောင်း” တိုက်တွန်းပြောဆိုခဲ့ခြင်းပါ။ 
            ဒေါက်တာဓမ္မပိယကတော့ – “ငြိမ်းချမ်းရေးအဖွဲ့ဝင်များကို တွေ့ရတာ အထူးဝမ်းသာမိကြောင်း၊ ယခုလို တွေ့ဆုံခိုက်မှာ ကမ္ဘာ့လူထုကြီး မသိသေးတဲ့ အမှန်တရားတစ်ခုကို ပြောပြလိုကြောင်း နိဒါန်းစကားကို စတင် ခဲ့တယ်။  
            လွန်ခဲ့တဲ့တစ်ပတ်ခန့်က (၉-၁၀-၁၁-၁၂၊ ၉၊ ၂၀၁၃-ခု) အန္ဒိယနိုင်ငံ၊ နယူဒေလီမြို့မှာ အသောကမစ်ရှင်က ကြီးမှူးကျင်းပပြုလုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာများ ညီလာခံကြီး (International Buddhist Confederation (IBC) မှာ နိုင်ငံပေါင်း (၄၂) နိုင်ငံက ဘာသာရေးခေါင်းဆောင်များ၊ ပညာရှင်များ တက်ရောက်ခဲ့ကြတယ်၊ ဘာသာကြီး (၄)ခုမှ ခေါင်းဆောင်များလည်း ပါဝင်ခဲ့တယ်။  
            ထိုစည်းဝေးကြီးမှာ ဘာသာရေးခေါင်းဆောင်တစ်ယောက်က ပြောကြားသွားတဲ့ စကားတစ်ခွန်းကြောင့် ထိုအစည်းအဝေကြီးကို အနည်းငယ် ဂယက်ရိုက်သွားစေခဲ့တယ်။ သူပြောသွားတာက – ကမ္ဘာလုထုကြီးဟာ မတရားပါဘူးတဲ့။ ဘာကြောင့်လဲဆိုရင်တဲ့ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာမှာ ဗုံးခွဲတိုက်ခိုက်တဲ့ မူစလင်များ ကိုတော့ ပြစ်တင် ရှုတ်ချကြတယ်။ မြန်မာနိုင်ငံမှာ မူစလင်ပေါင်း ငါးသိန်းကျော် အသတ်ခံရတာ ကိုတော့ နှုတ်ဆိတ်နေကြတယ်ဆိုတဲ့ စကားကြောင့်ပါ။  
            ပြောလိုတာက ဒီလို မမှန်မကန် ထုတ်ပြန်တဲ့သတင်းမှားတွေ၊ သတင်းစကားတွေကြောင့် မြန်မာ နိုင်ငံနှင့် မြန်မာလူမျိုးများကို ကမ္ဘာလုထုက သံသယစိတ်တွေ ၀င်ခဲ့ကြတယ်။ ဒီလိုသတင်းမှားများကို ဖေါ်ပြကြတဲ့အကျိုးဆက်ကြောင့် မလေးရှားနိုင်ငံ၊ အင်ဒိုးနီးရှားနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့မြန်မာ အလုပ် သမားများ နေစဉ်နှင့်အမျှ အသတ်ခံခဲ့ရတယ်။ 
            ဘာဘဲဖြစ်ဖြစ် မြန်မာနိုင်ငံအရေးအခင်းမှာ လူအများစုက လူအနည်းစုကို ဖိနှိပ်တယ်ဆိုတာ လူအခွင့် အရေးကိုလည်း ချိုးဖေါက်ရာရောက်တယ်။ လူသားချင်းစာနာစိတ်ကင်းမဲ့မှုကိုလည်း ပြရာရောက်တယ်ဆိုတဲ့ အမြင်နှင့် ကမ္ဘာ့လူထုက ဒီလုပ်ရပ်တွေကို ၀ိုင်းဝန်းကန့်ကွက်ခဲ့ကြတယ်။
            တကယ်တော့ မြန်မာနိုင်ငံမှာ တစ်နှစ်အတွင်း ဖြစ်ပွားသွားတဲ့ လူမျိုးရေးအဓိကရုဏ်းတွေ (ဘာသာရေး အသွင်ဆောင်တဲ့အဓိကရုဏ်းတွေ)ကို ပြန်လှန်သုံးသပ်ကြည့်ရင် တစ်ပြည်လုံးအတိုင်းအတာအရ ဗုဒ္ဓဘာသာ မြန်မာလူမျိုးက များနေတာမှန်သော်လည်း မူလလူမျိုးရေးအဓိကရုဏ်းစတင်ဖြစ်ပွားရာ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များမှာဆိုရင် ရခိုင်ဗုဒ္ဓဘာသာဝင်ဦးရေဟာ (၃) ရာခိုင်နှုန်းခန့်မျှသာရှိကြောင်း လေ့လာ သိရှိရခြင်းပါ။ ထိုဒေသမှာ ဗုဒ္ဓဘာသာဝင်ရခိုင်ဦးရေးက အနည်းစုဖြစ်ပြီး၊ အများစုမှာ မူစလင်ဘာသာဝင်များ ဖြစ်နေကြောင်းကို ကမ္ဘာ့လူသားထုက ထိုအမှန်တရားကို မသိဘဲ ရှိနေကြ၍ လူအနည်းစုလို့ ထင်ရတဲ့အခြားဘာသာဝင်များအပေါ်မှာ ကရုဏာတရား သက်ရောက်နေကြခြင်းပါ။ 
            လူမျိုးရေးအဓိကရုဏ်းစတင်ဖြစ်ပွားရာ မောင်တောနှင့် ဘူးသီးတောင် မြို့နယ်နှစ်ခုမှာ ထိုအဓိကရုဏ်း၌ အိမ်ပေါင်းများစွာ မီးလောင်ပျက်စီးရပြီး၊ လူပေါင်းများစွာ (နှစ်ရာနီးနီး) သေကျေပျက်စီးခဲ့ရတယ်။ ဒီအရေအခင်းမှာ အထိနာခဲ့သူတွေက အနည်းစုဖြစ်တဲ့ ရခိုင်ဗုဒ္ဓဘာသာဝင်တွေဖြစ်တယ်။ အသတ်ခံရသူထဲမှာ ဟိန္ဒူဘာသာဝင် များလည်း ပါဝင်ကြောင်းသိခဲ့ရတယ်။ လွန်ခဲ့တဲ့ ၁၉၄၀-ခုနှစ်များမတိုင်မီက ဒီဒေသမှာ ရခိုင်ဗုဒ္ဓဘာသာဝင်  လူဦးရေဟာ (၅၀) ရာခိုင်နှုန်းအထက်မှာ ရှိခဲ့ကြောင်းသိရတယ်။ ယခုအချိန်မှာ (၃) ရာခိုင်နှုန်းပင် မရှိနိုင်တော့တဲ့ ရခိုင်ပြည်သူတို့ရဲ့ဘ၀ကို စာနာစိတ်ဖြင့် ပင့်သက်များပင် ရှိုက်မိပါရဲ့။ မောင်တောနှင့် ဘူးသီးတောင်ရှိ ကိုယ်ပိုင်နေအိမ်များသို့ မပြန်ရဲကြသေးတဲ့ ရခိုင်ပြည်သူများ၏ လုံခြုံမှုနှင့် ဘ၀ရပ်တည်မှု များအတွက် အကူအညီများ လိုအပ်နေသလို၊ ဌာနေကို ပြန်နိုင်ရေးအတွက် ၀ိုင်းဝန်းပံ့ပိုးနိုင်ဖို့ အထူးလိုအပ်နေကြောင်း ပြေကြားခဲ့တယ်။   
            အဲဒီတွေ့ဆုံပွဲ၌ သမ္မတဟောင်းဂျင်မီကာတာတို့အဖွဲ့ကို အဓိကရုဏ်း၏ မူလဖြစ်ခဲ့တဲ့နေရာရဲ့ အခြေ အနေကို ပြောပြနိုင်ခဲသော်လည်း အချိန်က တိုလွန်းနေ၍ ပြောချင်တာတွေကိုတော့ အကုန်အစဉ် ပြောခွင့် မရခဲ့ပါ။ ရခိုင်ပြည်နယ် မောင်တောနှင့် ဘူးသီးတောင်ဒေသ၌ ဖြစ်ပွားခဲ့သော ထိုလူမျိုးရေး အဓိကရုဏ်းသည် ရုတ်တရက်ဆိုသလို မထင်မှတ်ဘဲ ဖြစ်သွားခြင်းလော၊ သို့မဟုတ် ကြိုတင်ပြင်ဆင်ထားတဲ့အတိုင်း စနစ်တကျ အကောင်အထည်ဖေါ်သွားခြင်းလော မည်သူမျှ အတတ်ပြောနိုင်မည် မဟုတ်ပေ။  (၃-၆-၂၀၁၂-ခု) ဇွန်လ (၃)ရက်နေ့က တောင်ကုတ်နယ်မှာ မိန်းကလေးတစ်ယောက်ကို အခြားဘာသာဝင် (၃)ယောက်မှ မုဒိန်း ကျင့်ခဲ့သော ဖြစ်စဉ်မှ အစပျိုးခဲ့သော ထိုအဓိကရုဏ်းသည် (ဂ-၆-၂-၁၂ခု) ဇွန်လ (ဂ)ရက်နေ့မှာ မောင်တောနှင့် ဘူးသီးတောင်မြို့နယ် နှစ်ခုစလုံး မီးဟုန်းဟုန်းတောက်ခဲ့ရခြင်းပါ။
            မောင်တောနှင့် ဘူးသီးတောင် ဒေသမှ အစပျိုးခဲ့သော ထိုအဓိကရုဏ်းသည် မြန်မာနိုင်ငံအတွက် အမဲစက်ထင်စေခဲ့ပြီး၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကဏ္ဍတိုင်းအတွက် အဟန့်အတားများကို ဖြစ်စေခြင်းပါ။ တိုင်းပြည်ကြီး တည်ငြိမ်စွာဖြင့် တိုးတက်နိုင်ရေးအတွက် ငြိမ်းချမ်းရေးသည် မည်မျှအရေးပါကြောင်း မြန်မာပြည်ဖွား တိုင်းရင်းသားများအားလုံး သိထားနိုင်ကြဖို့ပါ။ ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ။ 
ဒေါက်တာဓမ္မပိယ (ITBMU)
		