ဖိုးသံ(လူထု) – အမေ့ခေါ်သံရေးတဲ့ ကိုဝင်းဖေခေါ် ကိုစွမ်းရည်
ကျွန်တော့်တို့ ကျောင်းသားဘဝတုန်းက- တက္ကသိုလ်ကျောင်းသားဘဝမှာ ကျောင်းသားခေါင်းဆောင်ဆိုသူတွေကို အင်မတန်လေးစားအထင်ကြီးကြပါတယ်။ လက်နက်ချ သစ္စာဖောက်သွားသူမှအပ ပေါ့။ နောက်ပြီး ကျွန်တော်တို့သတင်းစာတိုက်ဆိုတာကလည်း ကျောင်းသားအရေးမှာ တက်ကြွလှုပ်ရှားသူတွေ အလွန်အဝင်အထွက်များတဲ့ နေရာမဟုတ်လား။ သူတို့ စာအုပ်လာဝယ်ရင်လည်း ဝယ်လို့မို့၊ အယ်ဒီတာခန်းထဲကို ဝင်လာရင်လည်းဝင်လာလို့မို့ အခြေအနေ၊ အရိပ်အကဲလိုက်လို့ သူတို့ကိုကြည့်ရ၊ စကားပြောခွင့်ရှာရ လုပ်တတ်ပါတယ်။
အဲဒီလိုပုဂ္ဂိုလ်တွေထဲမှာမှ ကဗျာရေးလို့နာမည်ရတဲ့ ကိုဝင်းဖေ- ဖြတ်ပြီးပြောပါရစေ။ ကျွန်တော်တို့အိမ်မှာ ကျွန်တော့် အဖေအမေကအစ ကိုဝင်းဖေလို့ပဲသူ့ကိုခေါ်ကြပါတယ်။ မောင်ဝင်းဖေ၊ ကိုဝင်းဖေ စသဖြင့်ပါ။ မောင်စွမ်းရည်လို့ မခေါ်ခဲ့ကြပါဘူး။ ပန်းချီ/ ကာတွန်းဆရာ ကိုဝင်းဖေနဲ့ လူချင်းမှားမှာစိုးတဲ့အခါမှာသာ “ကိုစွမ်းရည် ဝင်းဖေ” ဆိုတာမျိုး ညွှန်းတတ်ကြပါတယ်။ ကိုဝင်းဖေကိုတော့ ကျွန်တော်က သူ့ကဗျာတွေကိုကြိုက်နှစ်သက်ပြီး ကဗျာဆရာ တယောက်အနေနဲ့အရင် သတိထားမိတာဖြစ်ပါတယ်။ နောက်မှာမှ သူဟာ မတကသ တွဲဘက်အတွင်းရေးမှူး လုပ်ဖူးတယ် ဆိုတာသိရတော့ သိပ်ဝမ်းသာ ကျေနပ်သွားမိတာလည်း မှတ်မိနေပါတယ်။
လူထုအသိုင်းအဝိုင်းကို ကိုဝင်းဖေရောက်လာတာဟာ ကိုသာနိုး၊ ကိုစိန်မြင့်၊ ကိုစောလွင်တို့နဲ့စာရင် နည်းနည်း နောက်ကျပါတယ်။ ဒါပေမဲ့ တက္ကသိုလ်မျိုးဆက်သဘောပြောရရင်တော့ ကျွန်တော့်ထက် တဆက်မက စောပါတယ်။ သူလူထုကို ရောက်လာတာက သူ့ကဗျာတွေအပြင် သူ့ရဲ့ စာပေဝေဖန်ရေးဆောင်းပါးတွေနဲ့ပါ လူထုဝိုင်းသား ဖြစ်လာ တာပါ။
နောက်သတိရမိတာတခုက ကျွန်တော်တက္ကသိုလ်ကအထုတ်ခံရပြီးနောက် သတင်းစာလုပ်ငန်းထဲမှာဝင်ပညာသင် နေတုန်းမှာ ဗီယက်နမ်အမျိုးသားခေါင်းဆောင်ကြီး ဟိုချီမင်းထောင်ထဲကရေးခဲ့တဲ့ ကဗျာတွေကိုစုထုတ်ထားတဲ့အင်္ဂလိပ် လိုကဗျာစာအုပ်လေးတအုပ်ရခဲ့ပါတယ်။ ဟိုချီမင်းကိုကြည်ညိုရင်းစွဲကလည်းရှိ၊ စာအုပ်လေးနဲ့ ကဗျာတွေကိုလည်းနှစ် သက်မိတာနဲ့ ဗမာလိုဘာသာပြန်ပြီး ဗမာပြည်က စာဖတ်ပရိသတ်လက် ပို့ရရင်ကောင်းမှာပဲလို့ အမေနဲ့ပြောဖြစ်ကြ ပါတယ်။ ဒီလိုနဲ့သားအမိနှစ်ယောက်က ကိုဝင်းဖေကိုဘာသာပြန်ဖို့တိုက်တွန်းမယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ သူ ဘာသာပြန်တဲ့ “အကျဉ်းထောင် ထဲကပုလွေသံ”စာအုပ်လေးပေါ်လာပါတယ်။
ကျွန်တော် သူနဲ့နီးနီးကပ်ကပ်နေခဲ့ရတာက သူ လူထုတိုက်ကို အဝင်အထွက်များတဲ့၊ သူနဲ့ကျွန်တော် နှစ်ယောက်စလုံး တက္ကသိုလ်မှာ ညသင်တန်းပြန်တက်နေကြတဲ့ကာလတွေပါ။ ၂နှစ်လောက်ဆိုတော့မကြာလှဘူးဆိုရမှာပါ။ ဒါပေမဲ့သူနဲ့ ကျွန်တော်ကအသက်လည်းကွာ၊ ဝါလည်းကွာတာမို့ သူငယ်ချင်းပေါင်း-ပေါင်းလို့မဖြစ်ပါဘူး။ ကျွန်တော့်ကသူ့ကို လေးစားရင်းလည်းရှိတာမို့ အကိုတယောက်လို သဘောထားဆက်ဆံခဲ့ပါတယ်။
ကိုဝင်းဖေရဲ့အမေ့ခေါ်သံ ကဗျာစာအုပ်ကလေး ကျွန်တော့်လက်ထဲကို ရောက်ပြီးတဲ့နောက်မှာ ကျွန်တော့်ဆွေသားရင်းချာတယောက်နဲ့ အင်တာနက်ပေါ်မှာ အဲဒီစာအုပ်ကလေး အကြောင်းပြောဖြစ်ကြပါတယ်။ သူကအဲဒီစာအုပ်ကလေးကို သူ့ခုတင်ဘေးမှာအမြဲထားတယ်လို့ပြောတော့ ကျွန်တော်က “ဟာ-ကျွန်တော်နဲ့ အတူတူပါပဲလား”လို့ ပါးစပ်က ထွက်သွား မိပါတယ်။ ကဗျာရေး၊ စာရေးသူတွေရဲ့ဘဝမှာ “သူ့လိုရေးတတ်ချင် လိုက်တာ”ဆိုတဲ့ဆန္ဒဖြစ်ပေါ်စေတဲ့ စာတွေ၊ ကဗျာတွေနဲ့ တခါ-တခါမှာ တိုးမိတတ်ပါတယ်။ အထူးသဖြင့်အသက်ငယ်ရွယ်စဉ်၊ ကလောင်သွေးစအရွယ်မျိုးမှာ ပြည်တွင်း၊ ပြည်ပကဗျာတွေ၊ စာတွေကိုဖတ်ရင်းအဲဒီလို စိတ်ကူးပေါက်တတ်ပါတယ်။ စမ်းကြည့်၊ ကြိုးစားကြည့်တာ တွေလည်း လုပ်တတ်ကြပါတယ်။ ကျွန်တော်ကိုဝင်းဖေရဲ့အမေ့ခေါ်သံကို ဖတ်ရတဲ့အချိန်မှာ ကျွန်တော့်အသက် ၄ဝကျော် ငါးဆယ်နားကပ် နေပါပြီ။ ကဗျာ ရူးစာရူးအရွယ် မဟုတ်တော့ပါဘူး။ ကဗျာတွေ၊ စာတွေလည်း အတော်အတန် ရေးခဲ့ပြီး နေပါပြီ။ ဒါပေမဲ့ သူ့ရဲ့ဒီကဗျာကိုဖတ်ပြီးတာနဲ့ ကျွန်တော့်ရဲ့မိဘအပေါ်ဆပ်လို့မပြေသေးတဲ့ အကြွေးတွေကို စဉ်းစားမိပြီး ငါလည်းသူ့လိုရေး တတ်ချင်လိုက်တာလို့ ခေါင်းထဲမှာ တန်းပေါ်ခဲ့မိပါတယ်။ ဒါပေမဲ့ စမ်းရေးကြည့်တာ တော့မလုပ်ခဲ့ပါဘူး။ ကိုယ့်မှာအဲဒီ အစွမ်းမရှိမှန်းသိလို့ပါ။ မုဒိတာပဲပွားလိုက်ရပါတယ်။
ကိုဝင်းဖေကို တက္ကသိုလ်နယ်မြေမှာ ပထမဆုံးတွေ့တာက ၁၉၆၁ခုနှစ် တကသရွေးကောက်ပွဲ မဲတွေရေတဲ့ညကလို့ မှတ်မိနေပါတယ်။ အဲဒီခေတ်တုန်းက မတကသမှာ၊ ကျောင်းသားညီညွတ်ရေးတပ်ဦး အမှုဆောင်မှာ တာဝန်ယူဖူးသူ တွေဟာ သူတို့ မန္တလေးမှာရှိနေရင် တနှစ်တခါကျင်းပလေ့ရှိတဲ့ တကသရွေးကောက်ပွဲ၊ တပ်ဦးကောင်စီအစည်းအဝေးတို့ ကိုရောက်လာလေ့ရှိကြပါတယ်။ လာအားပေးကြတဲ့သဘောပါ။ ဒီလိုအခါမှာ သူတို့မျက်နှာတွေမှာလည်း ကြည်နူး၊ ပျော် မြူးနေကြတာကို အထင်းသားမြင်တွေ့ရတတ်ပါတယ်။ တချို့များဆိုရင် ရွေးကောက်ပွဲ မဲရေတွက်နေတဲ့ ရာဇတ်ခန်းမ ဆောင်ကြီးရဲ့ရှေ့မှာ တခြားကျောင်းသူ၊ ကျောင်းသားတွေနဲ့အတူ ဝင်ကတာတောင် လုပ်တတ်ကြပါတယ်။ အဲဒီမတကသ ရွေးကောက်ပွဲဟာ အခုအထိကျင်းပခဲ့ဖူးတဲ့ တကသရွေးကောက်ပွဲသမိုင်းမှာ နောက်ဆုံးကျင်းပတဲ့ရွေးကောက်ပွဲဖြစ် ပါတယ်။
နောက်တကြိမ် သူနဲ့တက္ကသိုလ်မှာ ပြန်ဆုံကြတာကတော့ သူ တက္ကသိုလ်ကလွင့်သွားပြီး ကျောင်းဆရာ၊ ကဗျာ/စာ ရေးဆရာဘဝနဲ့ ကျင်လည်နေရာကနေ တက္ကသိုလ်မှာညကျောင်းပြန်တက်ချိန်၊ ကျွန်တော်ကလည်းကျောင်းထုတ်ခံရပြီး နောက်တက္ကသိုလ်ပြန်တက်ခွင့်ရတဲ့ အချိန်ဖြစ်ပါတယ်။ အတန်းမတူပါဘူး၊ သူကတတန်းကြီးပါတယ်။ ဒါပေမဲ့ညကျောင်း တက်သူက မများလှ၊ တက်ကြတဲ့နေရာကလည်း တနေရာထဲလိုလိုမို့ တယောက်နဲ့ တယောက် မကြာခဏဝင်တိုးမိတတ် ကြပါတယ်။ အဲဒီအချိန်ကျတော့ သူ့ရဲ့“စိတြ”ကဗျာများစာအုပ်ရော၊ “အနီနှင့်အပြာ”ကဗျာများ စာအုပ်ရော ထွက်ပြီး နေပါပြီ။ သူက နာမည်ကြီး ကလောင်ရှင်တယောက် ဖြစ်နေပါပြီ။ ဗီယက်နမ်စစ်ပွဲအရှိန်ကောင်းနေချိန်မို့ လူထု သတင်းစာမှာလည်း သူတို့ကဗျာတွေဝေဝေဆာဆာ ဖော်ပြနေတဲ့အချိန်ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ဖေးဗရိတ် ကဗျာဆရာ တွေထဲမှာ သူပါဝင်နေပါပြီ။
အဲဒီနောက်တော့ ကျွန်တော်ထောင်ထဲရောက်သွားတာနဲ့ သူနဲ့ဝေးသွားပါတယ်။ ထောင်ထဲရောက်တော့ ကျွန်တော့်ကို ကဗျာပိုးက စထိုးတော့တာပါပဲ။ အိမ်ကနေ ကဗျာစာအုပ်တွေ မှာလို့ရသမျှ မှာဖတ်ပါတယ်။ နောက်ပြီး အင်္ဂလိပ်ကဗျာတွေ ကိုလည်းအတော်များများ ဖတ်မိပါတယ်။ ကဗျာသုံးသပ်ချက်တွေလည်းဖတ်ရင်းကနေ စာအုပ်တအုပ်မှာ တခေတ်တုန်းက အင်္ဂလိပ်လူငယ်တွေဟာ ကဗျာဆိုရင် ရိုမန်းတစ်ခေတ်(၁၈ရာစုအဆုံးပိုင်းကနေ ၁၉ရာစုအစပိုင်းအထိ) က ရှယ်လီ၊ ကိစ်နဲ့ ဘိုင်ရွန်ကလွဲရင် တခြားကဗျာတွေကို ကဗျာလို့ထင်တာမဟုတ်ဘူး လို့ရေးထားတာတွေ့လိုက်ရပါတယ်။
ကျွန်တော်ထောင်ကထွက်လာတော့ သူကရန်ကုန်မှာ ကျက်စားနေပါပြီ။ လူချင်းတခါ၊ နှစ်ခါပဲတွေ့ပါတော့တယ်။ ဒါပေမဲ့ ကျွန်တော်က အခုအထိ သူရေးတဲ့စာတွေ၊ ကဗျာတွေကို ရှာဖွေပြီး တခုတ်တရ၊ ဖတ်ဆဲမှတ်ဆဲပါ။
ကိုဝင်းဖေ အသက်ရှည်ပါစေဦး၊ ရေးနိုင်ပါစေဦး။
၂ဝ၁၇ခု၊ ဇန်နဝါရီ ၇ရက်။