ရသဆောင်းပါးစုံ

ခင်လေး ● အမျိုးသမီးများကို အကြမ်းဖက်မှုဆိုင်ရာဥပဒေကြမ်း လွှတ်တော်တင်တော့မည်

ခင်လေး ● အမျိုးသမီးများကို အကြမ်းဖက်မှုဆိုင်ရာဥပဒေကြမ်း လွှတ်တော်တင်တော့မည်
(မိုးမခ) ဇန်နဝါရီ ၂၃၊ ၂၀၁၇

အမျိုးသမီးများအပေါ်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဆိုင်ရာ ဥပဒေကြမ်း ရေးဆွဲပြီးပြီ ဖြစ်သောကြောင့် ယခုလအတွင်း လွှတ်တော်သို့တင်သွင်းမည်ဟု လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်နော်သဝါးက ဇန်နဝါရီ ၁၉ ရက်နေ့တွင် ပြောသည်။

“ဥပဒေမူကြမ်းက သက်ဆိုင်ရာဌာနတွေကို ဇန်နဝါရီလ ၁၆ ရက်နေ့က တင်သွင်းပြီးပါပြီ၊ အဲ့ဒီကမှတစ်ဆင့် ပြည်ထောင်စု အစိုးရအဖွဲ့နဲ့ လွှတ်တော်ကို ဆက်တင်ပါမယ်” ဟု ဒေါ်နော်သဝါးက ဆိုသည်။

ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံမှ အမျိုးသမီးတို့ကို ထိထိရောက်ရောက် အကာအကွယ်ပေးနိုင်မည့် ဥပဒေဖြစ်သည်ဟု သူက ဆက်ပြောသည်။

ဥပဒေတွင် မူလက ညှိနှိုင်းဖြန်ဖြေပေးခြင်းအခန်းကို ထည့်သွင်းရေးဆွဲထားသော်လည်း ထိုအချက်ကို အလွဲသုံးစားပြုလုပ်ကာ အကြမ်းဖက်မှုများ ကျူးလွန်နိုင်သောကြောင့် ပယ်ဖျက်လိုက်ကြောင်း သိရသည်။

ယမန်နှစ်က ပေါ်ပေါက်ခဲ့သော ရန်ကုန်မြို့ အင်းဝ အပ်ချုပ်ဆိုင်မှ ကလေးအလုပ်သမားများ အကြမ်းဖက်နှိပ်စက်ခံရမှုတွင် ကြားဝင် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် ပတ်သက်ပြီး အငြင်းပွားဖွယ်ရာများ ဖြစ်ပွားခဲ့မှုကို လေ့လာပြီးနောက် ထိုသို့ ပယ်ဖျက်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ယခုဥပဒေကြမ်းတွင် အိမ်ထောင်ဖက်က အဓမ္မပြုကျင့်ခြင်းနှင့် အိမ်ထောင်ဖက်က အနိုင်အထက်ပြုကျင့်မှု ပုံစံအမျိုးမျိုးကို ကာကွယ်နိုင်သည့် ပြဋ္ဌာန်းချက်များ၊ လုပ်ငန်းခွင်အတွင်း အကြမ်းဖက်ခံရမှုများအတွက် ပြဋ္ဌာန်းချက်များအား ထည့်သွင်းရေးဆွဲထားကြောင်း သိရသည်။

ထိုဥပဒေသည် အခြားသော တည်ဆဲ ဥပဒေများပေါ်တွင် လွှမ်းမိုးခွင့်ရှိလာမည်၊ ပြစ်မှုထင်ရှား၍ အမြင့်ဆုံးအဆင့် သေဒဏ်အထိ ချမှတ်နိုင်မည်၊ သေဒဏ်ချမှတ်ခံရသူသည် ထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ရှိမည်မဟုတ်ဟု ဥပဒေ ရေးဆွဲရာတွင် ပါဝင်သည့် ပညာရှင်များထံမှ သိရသည်။

၂ဝ၁၅ခုနှစ်က ပြဋ္ဌာန်းခဲ့သော မျိုးစောင့်ဥပဒေများအနက် လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေသည် တစ်နိုင်ငံလုံးရှိ လူမျိုး၊ဘာသာ မတူညီသော အမျိုးသမီးများကို စိတ်ပိုင်းပိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လူမှုစီးပွားပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများတွင် ထိရောက်သော ကာကွယ်မှု မပေးနိုင်သည့် အတွက် ဤဥပဒေကြမ်းကို ရေးဆွဲရခြင်းဖြစ်သည်ဟုလည်း ဥပဒေရေးဆွဲရာတွင် ပါဝင်သည့် ဥပဒေရေးရာ ကုစားရေးအဖွဲ့ (မြန်မာ) ၏ ဒါရိုက်တာ၊ တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီက ပြောသည်။

ထိုဥပဒေကြမ်းကို ၂ဝ၁၃ နိုဝင်ဘာလမှ စတင်ရေးဆွဲခဲ့ခြင်းဖြစ်သည်ဟု ဥပဒေရေးဆွဲရေးကော်မတီတွင် ပါဝင်ဆောင်ရွက်ခဲ့သော အရပ်ဖက်လူမှုအဖွဲအစည်းတစ်ခုဖြစ်သည့် ကျားမ တန်းတူ ညီမျှရေး ကွန်ရက်၏ ညွှန်ကြားရေးမှူး ဒေါ်မေစပယ်ဖြူက ပြောသည်။

“စတင်ရေးဆွဲကတည်းက ဒီဥပဒေကြမ်းနဲ့ သဘောထားကွဲလွဲမှုရှိနေတဲ့ အကြောင်းအရာတွေကအများကြီးပဲ၊ မြင်သာအောင်ပြောရရင်တော့ မျိုးစောင့်ဥပဒေပေါ့” ဟု ဒေါ်မေစပယ်ဖြူက ကြုံတွေ့ရသည့် အခက်အခဲကို ဆက်လက်ပြောကြားသည်။

တင်သွင်းတော့မည့် ဥပဒေကြမ်းသည် သူရ ဦးရွှေမန်း ဦးဆောင်သည့် ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ ဆန်းစစ်ရေး ကော်မရှင်က ထုတ်ပြန်ထားသည့် အရေးတကြီး ပြဋ္ဌာန်းသင့်သည့် ဥပဒေများထဲတွင် တစ်ခု အပါအဝင် ဖြစ်သည်။

 

Myanmar Now မှ ပြန်လည်ကူးယူပါသည်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts