News Features

Zaw Aung (Mon Ywa) – Corruption in Burma and China


လက်ဆောင်နှစ်သက်လှသော
မြန်မာ၊တရုပ်နိုင်ငံသားများ
 ဇော်အောင်(မုံရွာ)၊ အောက်တိုဘာ ၉ ၊ ၂၀၁၃

ဥရောပနိုင်ငံများ ခရစ်စမတ်နေ့ ဒီဇင်ဘာ၂၅ရက်နေ့တွင် လက်ဆောင်အပြန်အလှန်ပေးကြသည်။ မိမိ မိသားစု၊ မိတ်ဆွေများအတွက် လက်ဆောင်များဝယ်ကြသည်။ ထို့ကြောင့် ရှော့ပင်စင်တာကြီးများသည် လူသုံးကုန်ပစ္စည်းများကို ခရစ်စမတ် Christmas Sale အဖြစ်အကြီးအကျယ် ဈေးလျှော့ရောင်းချကြသည်။ အစိုးရနှင့်ကုမ္ပဏီများကလည်း လစားဘောနပ်ဆုကြေးများကို ခရစ်စမတ်မတိုင်မီ ထုတ်ပေးသဖြင့် လူတိုင်းငွေရွှင်နေကြသည်။ မိမိကိုယ်ကိုယ် လက်ဆောင်ပေးရန် မိမိကြိုက်နှစ်သက်သော ပစ္စည်းများကို ဝယ်ရသည်။ ပြီးမှ မိမိဇနီး၊ သားသမီး၊ မိတ်ဆွေများအတွက် လက်ဆောင်ဝယ်သည်။ မိမိကလက်ဆောင်ပေးသလို မိတ်ဆွေများထံမှ လက်ဆောင်များရရှိသည်။  ပျော်စရာကြီးဖြစ်ပါသည်။  နောက်တစ်နေ့ ဒီဇင်ဘာ၂၆ရက်နေ့ကို ဥရောပနိုင်ငံများတွင် Boxing Day ဟုသတ်မှတ်ကာ ရုံးပိတ်ရက်ဖြစ်ပါသည်။ လက်ဆောင်ပေးသော ခရစ်စမတ်နေ့ဒေးအပြီး လက်ဝှေ့ထိုးသော ဘောက်ဆင်ဒေးမဟုတ်ပါ။ မိမိတို့ရရှိထားသော လက်ဆောင်ထုပ် Box များစွာကို ဖွင့်ကြည့်ရသော လက်ဆောင်ထုပ်ဖွင့်ကြည့်ခြင်းအဖြစ် ရုံးပိတ်ရက်သတ်မှတ်ထားခြင်းဖြစ်သည်။

စာရေးသူအယူအဆမှာ ဒေါ်လာ ၁၀အောက် ပစ္စည်းများကို လက်ဆောင်ဟု သတ်မှတ်ပါသည်။ ဒေါ်လာတစ်ရာအောက် ပစ္စည်းများကို မေတ္တာလက်ဆောင်ဟု သတ်မှတ်ပြီး၊ ဒေါ်လာတစ်ထောင်အောက်လက်ဆောင်ကို မိမိချစ်မြတ်နိုးသူကိုပေးသည့် ချစ်လက်ဆောင်ဟု ဆိုပါမည်။ မိမိတကယ်မချစ်မြတ်နိုးပဲပေးရပါက တံစိုးလက်ဆောင်ဟု သတ်မှတ်ရမည်ဖြစ်သည်။ ဒေါ်လာထောင်၊ သောင်း၊ သိန်းဂဏန်း ပေးကမ်းခြင်းကို အကျင့်ပျက်ခြစားမှု၊ လာဘ်စားမှုဖြစ်သည်။ စင်ကာပူတွင်နေထိုင်သူများသည် လာဘ်မပေးရသောကြောင့် ကုသိုလ်ကံကောင်းပါသည်။ လာဘ်စားသောနိုင်ငံများအကြားတွင် လာဘ်မပေးရသောနိုင်ငံဖြစ်နေပါသည်။ အမေရိကန်၊ဂျပန်၊သြစတြေးလျားနှင့်ဥရောပနိုင်ငံများသည် တိုးတက်သောကြောင့် လာဘ်ပေးသောအကျင့်နည်းသော်လည်း အရှေ့တောင်အာရှနိုင်ငံများသည် လာဘ်ပေးသည့် အကျင့်ရှိနေဆဲဖြစ်သည်။ ဆင်းရဲသောနိုင်ငံများဟု ဆိုနိုင်သည်။ ထိုအထဲတွင် ကျနော်တို့မြန်မာနိုင်ငံသည် လာဘ်ပေးမှုတွင် စံချိန်တင်ထားသည်။

လွန်ခဲ့သောအနှစ်၂၀၀ အမေရိကန် နှစ်ခြင်းခရစ်ယာန် သာသာနာပြုဆရာယုဒသန် Mr.Judson နှင့်ဇနီးသည် မြန်မာပြည်သို့ရောက်လာခဲ့သည်။ ထိုခရီးစဉ်ကိုမှတ်တမ်းတင်ထားသော ၂၀၀၈ ထုတ်ဝေသည့်စာအုပ် To The Golden Shore တွင်  p139 “In Burma they would be under both a king and local governors who were absolute despots and that governmental corruption was unbelievable. – And the laws were the bloodiest on earth:”  ဟု ရေးထားပါသည်။ ဆိုလိုသည်မှာ မြန်မာများ ကိုယ့်ထီးကိုယ့်နန်းအုပ်ချုပ်ခဲ့စဉ် လွန်ခဲ့သောနှစ်၂၀၀ကတည်းက လာဘ်စားမှုများလွန်းသည်ဟု မှတ်တမ်းတင်ထားပါသည်။ p174  “Women are not slaves to their husbands – in fact, they were lively, spirited, and even quarrelsome to a degree seen nowhere eles in Asia. But personal honesty was almost unknown, “Lying is so common and universal among them, that they say, “We cannot live without telling lies.” ” လိမ်မပြောရလျှင် မနေတတ်သည့် လွန်ခဲ့သောအနှစ်၂၀၀ က မြန်မာလူမျိုးများ စရိုက်လက္ခဏာဖြစ်သည်။

မည်သို့ပင်ဖြစ်စေ အထီးကျန်နိုင်ငံဘဝမှ ပြောင်းလဲရတွင် မိမိအကျင့်များကိုပြုပြင်ပြောင်းလဲရမည်ဖြစ်သည်။ သို့မဟုတ်ပါက ကျန်နေရစ်မည်ဟု ဆိုသည်။ကမ္ဘာ့ခြစားမှုအဆင့် International Transparency (Corruption Index)

၂၀၁၂ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် အောက်ဆုံးအဆင့်တွင် ရှိကြောင်း မြန်မာဒုသမ္မတ စိုင်းမောက်ခမ်းကိုယ်တိုင် ကြေငြာပြီးဖြစ်သည်။ အရှေ့တောင်အာရှအဆင့်ကိုသာ ကြည့်ပါက အောက်ပါအတိုင်းမြင်နိုင်သည်။ စင်ကာပူသည် ကမ္ဘာ့အဆင့်၅၊ အမှတ်၈၇မှတ်ဖြင့် ထိပ်ဆုံးဖြစ်သည်။ ကမ္ဘာ့လပ်ဘ်စားမှုအနည်းဆုံး နိုင်ငံအဖြစ် သတ်မှတ်ထားပါသည်။ မြန်မာက ကမ္ဘာ့အဆင့်၁၇၂၊  ရမှတ်၁၅မှတ်ဖြင့်နောက်ဆုံးနေရာ၊ တနည်းအားဖြင့် မြန်မာသည် ကမ္ဘာပေါ်တွင် လပ်ဘ်စားမှုအများဆုံးနိုင်ငံဖြစ်သည်။ တရုပ်နိုင်ငံသည် အဆင့်၈၀တွင်ရှိပြီး ထိုင်းနိုင်ငံ အဆင့်၈၈ ထက်သာသည်ဟု သတ်မှတ်ထားသည်။ ယခုဆောင်းပါးတွင် တရုတ်ပြည်ပုံစံ ပြုပြင်ပြောင်းလဲချင်သော မြန်မာဟု သတ်မှတ်သဖြင့် တရုတ်ကိုထည့်သွင်းနှိုင်းယှဉ်ပါသည်။

5   Singapore  87
24   Brunei      55
54   Malaysia   49
80   China       39
88  Thailand    37
105 Philippine  34
118 Indonesia 32
123 Vietnam    31
157 Cambodia  22
160  Lao          21
172 Myanmar  15


အထက်ပါဇယားကို ကြည့်ပါက မြန်မာစံနမူနာယူရန်မှာ စင်ကာပူနိုင်ငံဖြစ်သည်။ သို့သော် လက်တွေ့တွင် တရုတ်စတိုင်လုပ်ဆောင်သော်လည်း ထိုင်းနိုင်ငံပုံစံသို့ရောက်ရန် လမ်းများသည်။ တရုတ်နှင့်ထိုင်းနိုင်ငံများအဆင့်ရောက်ရန် နောက်၁၀နှစ်အတွင်း မလွယ်လှပါ။ ဗီယက်နမ်အဆင့်သို့ အမြန်ဆုံးရောက်ရန်မှန်းပါက ဖြစ်နိုင်ပါမည်။ လူများ၏ စရိုက်လက္ခဏာ ပြုပြင်ပြောင်းလဲရေးလုပ်ရမည်ဖြစ်သောကြောင့် မြန်မာ့ယဉ်ကျေးမှု ပြုပြင်ပြောင်းလဲရေးလုပ်ရပေမည်။ ၁၉၄၅ ဒုတိယကမ္ဘာစစ်ပြီး ထိုင်းနိုင်ငံယဉ်ကျေးမှုပြောင်းလဲခြင်း စတင်ခဲ့သည်။ တရုတ်ပြည်ယဉ်ကျေးမှုပြောင်းလဲရေးတွင် အတိုက်အခံများကို နိုင်ငံရေးသုတ်သင်မှုပုံစံရောက်သွားသဖြင့် တရုတ်ခေါင်းဆောင် တိန့်ရှောင်ဖိန့်၏ ၁၉၉၀နောက်ပိုင်း ပြုပြင်ပြောင်းလဲရေးသည် စစ်မှန်သောယဉ်ကျေးမှုပြုပြင်ပြောင်းလဲခြင်း ဖြစ်သည်။

စင်ကာပူရောက်မြန်မာများ


လာဘ်မပေးရသည့်နိုင်ငံဖြစ်သောကြောင့် မြန်မာပြည်သို့ပြန်လျှင် အခက်ခဲများစွာတွေ့ရသည်။ ယခင်က လေဆိပ်အဝင်မှစပြီး ပေးချည်းပေးနေရသည်။ နည်းမျိုးစုံဖြင့်တောင်းနေသူ ဝန်ထမ်းများကို ကြုံကြရသည်။ စင်ကာပူသည် အရှေ့တောင်အာရှမပြောနှင့်၊ ကမ္ဘာ့အဆင့် လာဘ်မစားဆုံး နိုင်ငံဖြစ်သောကြောင့် သာမန်လူထုအဖို့ လာဘ်ပေးခြင်းလုံးဝမရှိပါ။ တစ်ပ် Tip ပေးခြင်းအလေ့ကျင့်လဲ ဥရောပ၊အမေရိကများကဲ့သို့ မရှိပါ။ ထို့ကြောင့် စင်ကာပူရောက်မြန်မာများသည် မြန်မာပြည်ကို စင်ကာပူလို လာဘ်မပေးရသည့်အခြေအနေသို့ ရောက်စေလိုသည်။ ခက်သည်မှာ စင်ကာပူရောက်မြန်မာများက မြန်မာဝန်ထမ်း၊မိဘဆွေမျိုးများကို ဖျက်ဆီးနေသလို လက်ဆောင်များများ ဝယ်ပေးနေကြသည်။ မြန်မာပြည်ကိုမပြန်ရဲဘူး..လက်ဆောင်မပေးနိုင်လို့ဗျာ…ဟု ညည်းတွားနေသူများစွာကို တွေ့ရသည်။ ပြန်မှတော့ လက်ဆောင်ပေးရမှာပေါ့ဗျာ၊ မနှစ်က မိသားစုလိုက်ပြန်လည်ပတ်ကြတယ်။ ဒေါ်လာ ၅ ထောင်ကုန်သွားတယ်..စသဖြင့် ကြွားဝါသလိုလို ပြောနေသံများလည်း ကြားရသည်။ မိတ်ဆွေတစ်ဦးက ပြောပြသည်မှာ ..လေဆိပ်မှာေ ဒ်ါလာတစ်ဆယ် ပတ်စပို့ကြား ထည့်ပေးစရာမလိုတော့မှန်း သိပါတယ်။ ဒါပေမဲ့ဗျာ..သူတို့ကလေးတွေ လစာငွေနည်းကြတယ်။ ပတ်စပို့ထဲက ဒေါ်လာတစ်ဆယ်ကို မြင်တာနဲ့ ကိုယ့်ကိုမော့ကြည့်တယ်။ သူ့တို့မျက်နှာဝင်းပသွားတာမြင်လိုက်ရတော့ စိတ်ကျေနပ်တယ်ဗျာ..ပြီးတော့၊ မြန်မြန်ဆန်ဆန်လုပ်ပေးတယ်။ ဒေါ်လာတစ်ဆယ်ဆိုတာ ကျနော်အတွက် ဘာမှမဖြစ်လောက်ပေမဲ့ သူတို့အတွက်မနည်းဘူးဗျ..ဟုပြောပါသည်။ ကျနော်က ..ကချင်ပြည်ဒုက္ခသည်တွေကို လှုဒါန်းရင်တော့ ၁၀ယောက်၊ တစ်ပါတ်စားသောက်လို့ရတယ်..ဟုပြောလိုက်မိပါသည်။ ထိုသို့ လာဘ်ပေးခြင်းမှာ မြန်မာတို့အလေ့အကျင့်တစ်ခု ဖြစ်နေပါသည်။ လာဘ်ယူခြင်းမှာမူ အပြစ်မရှိတော့ပါ။ဒေါ်အောင်ဆန်းစုကြည်နှင့်စင်ကာပူရောက်မြန်မာ ၅၀၀၀ 

၂၂စက်တင်ဘာ၂၀၁၃ပွဲတွင် အမေးအဖြေကဏ္ဍ မဲနှိုက်ရာ၊ ပထမဆုံးစာရွက်မှာ လပ်ပေး၊လာဘ်ယူမှုဖြစ်သည်။  ၄င်းကိစ္စနှင့်ပတ်သတ်ပြီး မိမိမြန်မာပြည်ပြန်လာစဉ် ပတ်စပို့ (နိုင်ငံကူးလက်မှတ်) အသစ်လဲလှယ်ရန် ရန်ကုန်မြို့တွင် အဒေါ်ဖြစ်သူနှင့် အစိုးရဘဏ် ချလံငွေသွင်းရန် သွားစဉ်က၊ မိမိခဏစောင့်ရန်ပြောပြီး အဒေါ်က ပျောက်သွားသည်။ နောက်ပြန်ပေါ်လာသောအခါ ဘယ်သွားသလဲမေးကြည့်သည်။ ဘဏ်ချလံငွေသွင်းရာတွင် မြန်မြန်ပြီးသွားရန်အတွက် ပိုက်ဆံသွားပေးသည်ဟု ပြောသောအခါ ကျမတော်တော် စိတ်ဆိုးပြီး၊ ဘာလို့ဒါမျိုးလုပ်ရသလဲ၊ မပေးဘူး၊ တနေကုန်တန်းစီရလဲ တန်းစီမယ် (စိတ်မာန်၊ မကျေနပ်ဟန်အပြည့်ဖြင့်)၊ တစ်ပြားမှမပေးဘူး ..ဟု ပြောပြပါသည်။ လာဘ်ပေးခြင်းသည် ယဉ်ကျေးမှု၊ ဓလေ့ထုံးစံအဖြစ် ရောက်မသွားသေးသည်မှာ အခြေအနေမဆိုးလှပါ။ လူတိုင်း လာဘ်ပေး၊လာဘ်ယူခြင်းကို မနှစ်သက်သည့် စိတ်ထားရှိနေသေးသောကြောင့် ပြုပြင်နိုင်သည်..ဟုပြောပါသည်။

လာဘ်ပေး၊ လာဘ်ယူခြင်းအတွက် အလေးပေးပြောဆိုလိုချက်များမှာ
– စိတ်ဓါတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရန်ဖြစ်သည်။ တစ်ဦး၊ တစ်ယောက်၊ တစ်စုဖြင့်မရပါ။
– တစ်ဦးချင်း “လာဘ်မပေးကြရန်” လိုပါသည်။
– မြန်မာပြည်မှာ မပေးပဲ မနေနိုင်သည့်အခြေအနေရောက်နေသည်။ တောင့်ခံပြီး မပေးပဲနေကြပါရန် …တိုက်တွန်းသွားပါသည်။

တရုပ်ပြည်လာဘ်ပေး၊လာဘ်ယူမှု
နိုင်ငံကြီးမှာ အလွန်ကြီးမားသောကြောင့် တရားစီရင်မှုများမှာ ပြည်နယ်အစိုးရများတာဝန်ဖြစ်သည်။ အခြားနိုင်ငံများနှင့်မတူသောအချက်မှာ တရုပ်ပြည်တွင်လာဘ်စားပြီး ရရှိသောငွေများကို တရုပ်ပြည်တွင်းစီးပွားရေးများတွင် ပြန်လည်မြှတ်နှံခြင်းမှာ အကောင်းဆုံးဖြစ်သည်။ ထို့ကြောင့် လာဘ်စားမှုကို ဖေါ်ထုတ်ပါက ထိုငွေများကို နိုင်ငံပိုင်အဖြစ် ပြန်လည်သိမ်းဆည်းသဖြင့် အစိုးရပိုမိုချမ်းသာလာသည်။ လာဘ်စားမှုဖြင့် ဖမ်းဆီး၊သေဒဏ်ချခံရပါကလည်း မိသားစုပိုင်ဆိုင်မှုများသည် လွတ်နေတတ်သည်။ထို့ကြောင့် လာဘ်ငွေများသည် ပြည်ပသို့ တိတ်တဆိတ်ထွက်မသွားပါ။ တိုင်းပြည် GDP ထုတ်လုပ်မှုသည် ပိုမိုတိုးတက်လာပါသည်။ အခြားနိုင်ငံများ ဥပမာ ရုရှားနိုင်ငံ၊ ထိုင်းနိုင်ငံ စသည်တို့တွင် သူဌေးများသည် သူတို့လာဘ်စားရငွေများကို နိုင်ငံခြားသို့ တိတ်တဆိတ်ထုတ်ယူသွားကြသည်။ တိုင်းပြည်လည်း ငွေဆုံးရှုံးသည်။ တရုပ်ပြည်လာဘ်စားမှုသည် တိုင်းပြည်၏ အမျိုးသားလုံးထုတ်ကုန်ကို မထိခိုက်ပါ။ တစ်ဦးချင်းချမ်းသာသူများပြားလာခြင်းမှာ လွဲရှောင်မရပါ။ WHEN CHINA ULES THE WORLD စာအုပ်ကို ဌေးနိုင်ဘာသာပြန်သော ဤကမ္ဘာကိုတရုပ်တို့ကြီးစိုးသည့်အခါဝယ် စာအုပ်တွင် တရုပ်ပြည်အကြောင်း ဘက်စုံဖေါ်ပြထားသည်။ တရုပ်နိုင်ငံ၏ လာဘ်စားမှုတိုက်ဖျက်ရေးအကြောင်း အခန်း ၁၃ခု တွင် မပါရှိပါ။ လာဘ်စားမှုကို မတိုက်ဖျက်နိုင်လျှင် ကမ္ဘာ့အဆင့်တက်လှမ်းရေး မဖြစ်နိုင်ပါ။ အာရှတိုက်သားများ ယဉ်ကျေးမှုသည် လက်ဆောင်ပဏ္ဍာကြိုက်နှစ်သက်လွန်းသည်ဟု ဆိုပါက ထိုစာအုပ်အခန်း၇ ယဉ်ကျေးမှုနိုင်ငံတော်အခန်းအတွက် တရုပ်ပြည်လာဘ်စားမှုအကြောင်း အနည်းငယ်ဖြည့်စွက်လိုပါသည်။

တရုတ်ပြည်မှစံပြုဖွယ်ချမ်းသာလာသူ ၁၀၀ဦးစာအုပ်
ထိုစာအုပ်တွင် Chinese Tycoon 100 ဦးအကြောင်းပါသည်။ တရုပ်ပြည်တွင် အုပ်ချုပ်ရေးမှုးအသစ်ပြောင်းသွားတိုင်း တရုပ်ပြည်မှ သူဌေးကြီးများ ပြိုလဲပျက်စီး၊ ဒုက္ခရောက်ကြသည်။ တရုပ်သူဌေးကြီးများကျိန်စာသင့်ခြင်း ပြုစုချက်တွင်၂၀၀၃ခုနှစ်မှ ၂၀၁၁ခုနှစ် ၈နှစ်ကာလအတွင် တရုပ်ပြည်မှ သန်းရာနှင်ချီ ချမ်းသာသော သူကြွယ်သူဌေး ၇၂ ဦးအကြောင်း သုတေသနပြုမှတ်တမ်းတင် ဖော်ပြခဲ့ပါသည်။ (ယခုစာအုပ်မဟုတ်ပါ)။  သူဌေးကြီးများ ဇတ်သိမ်းအကြောင်း ဖော်ပြချက်၌ ၁၅ဦး အသတ်ခံရသည်။ ၁၇ဦးက မိမိကိုယ်ကို သတ်သေကြသည်။ ငွေချမ်းသာမှုက လူကို စိတ်ချမ်းသာမှုမပေးပါ။ ၇ဦးက သင်္ကာမကင်းဘွယ်သေဆုံးရသည်။ ၁၄ဦးက ရာဇ၀တ်မှုကြောင့် အဖမ်းခံရကာ သေဒဏ်ပေးခံလိုက်ရသည်။ ၁၉ဦး ရောဂါဆိုးနှင့်သေကြသည်။ အကြောင်းမှာ ကြွယ်ဝ၍ သောက်စား၊ မူးယစ်ဆေးသုံး၊ မတရားမေထုန်လိုက်စားပြီး သေကြရသည်။ ၇၂ဦးစလုံး ဇတ်သိမ်းမလှကြပါ။

 Liu Han—a Sichuan mining billionaire ကဋေကြွယ်သူဌေးကြီး March-2013 မှာပျောက်ဆုံးသွားသည်။ Xu Ming, a real estate billionaire အိမ်မြေလုပ်ငန်းရှင်ဘီလျှံနာလည်း April 2013 မှာ ပျောက်ဆုံးသွားသည်။ သူ့တို့အားကိုးတဲ့ နိုင်ငံရေးအာဏာရှိသူ အငြိမ်းစားပေးခံမှုနှင့် ဆက်စပ်သည်ဟု ဆိုသည်။ တရုပ်ပြည်မှာ သိပ်မထူးဆန်းပါ။ သူဌေးကြီးဘ၀ နှစ်တိုတိုအတွင်းဖြစ်လာသလဲ သုံးသပ်လျှင် ခြစားမှုမျိုးစုံကြောင့်ဟု လို့ပြောနိုင်ပါသည်။ သို့သော် လက်ဆုတ်လက်ကိုင်မပြနိုင်သောအခါ သူဌေးကြီးများကို မွဲသွားအောင် တရုပ်ပြည်အုပ်ချုပ်ရေးမှုးများက လုပ်လိုက်ခြင်းဖြင့်၊ တရုပ်နိုင်ငံဝင်ငွေပိုမိုရရှိလာပါသည်။ သေဒဏ်ပေးခံရမည်ကိုပင် မကြောက်သော သူဌေးကြီးများလောဘမှာ အံ့သြစရာဖြစ်သည်။
ယခုစာအုပ်တွင် သူဌေးကောင်း၁၀၀ဦးကို ရွေးချယ်တင်ပြထားသည်။ MDG series
100 Chinese Tycoons Book – Download Link:
http://mingalaronline.biz/mdg/4.electrical/alibaba.and.bamar1.htm

 

တရုပ်အစိုးရ၏ လာဘ်ပေး၊လာဘ်ယူမှုတိုက်ဖျက်နည်း
အမြဲစောင့်ကြည့်နေသော ကွန်ကရက်ကော်မတီတစ်ခုရှိပြီး၊ မီဒီယာလွတ်လပ်ခွင့်ပေးခြင်းဖြင့် လာဘ်စားသူများကို ဖေါ်ထုတ်လျှက်ရှိသည်။ အထူးသဖြင့် အင်တာနက်ဖေ့စ်ဘုတ်၊ ယူကြုကဲ့သို့သော ဆိုရှယ်မီဒီယာ ဝက်ဆိုဒ်များတွင် လူအများ၏ဖွင့်ထုတ်ပြမှုများကြောင့် ဝိသမလောဘသမားများ၏ လာဘ်ပေး၊ လာဘ်ယူမှုများစွာကို ဖေါ်ထုတ်လျှက်ရှိသည်။ အပြစ်ပေးမှုများစွာ အဆက်မပြတ်ဖြစ်နေသည်။ သူဌေးများကလည်း ပိုပြီးချမ်းသာချင်သောကြောင့် တဒင်္ဂရရှိသော ငွေဖြင့်ရသည့် ရုပ်ဝတ္တုနှင့် စိတ်ပိုင်းဆိုင်ရာ ပျော်စရာများစွာကို တပ်မက်ကြသည်။ ထို့ကြောင့် မသမာနည်းလမ်းများစွာကို ကျင့်သုံးရင်း Corruption အမှုများ၊ မဆုံးနိုင်အောင် အပြစ်ပေးနေရသည်။

၂၀၀၄ ခုနှစ်မှစပြီး တရုပ်ကွန်မြူနစ်ပါတီ China Communist Party CCP ရာထူးရရှိထားသူများသည် စီးပွားရေးလုပ်ငန်းများတွင် ပါဝင်မှု၊ ကုမဏီများတွင်ရာထူး၊ လစာ မယူရ၊ မရှိရဟု ဥပဒေထုတ်ပြန်သည်။ အစိုးရမှလည်း လာဘ်စားမှုများတိုက်ဖျက်ရေးကို နှစ်စဉ်၊ လှုပ်ရှားမှုကြီးများဖန်တီးပေးက တိုက်ဖျက်သည်။ သို့ရာတွင် လာဘ်စားသူများ၏ ၃%မျှသာ အပြစ်ပေးခံရသည်ဟု Wikipedia ကဆိုသည်။ ၂၀၀၉ခုနှစ်တွင် ယွန်တစ်သန်း (US$146,000) အထက်လပ်ဘ်စားမှုအတွက် 106,000 (လူတစ်သိန်းကျော်)  အရေးယူအပြစ်ပေးခံရပြီး ၂.၅% ပိုမိုများပြားလာသည်။ အစိုးရအရေးယူမှုများသည် တရားဥပဒေနှင့်လွတ်အောင်လုပ်ဆောင်ခြင်းများလည်း ရှိနေသည်။ အစိုးရနှင့် CCP လုပ်ဆောင်ချက်များကို ပြင်ပအဖွဲ့အစည်းများ၊ NGO များက စောင့်ကြည့်ဖို့ မလွယ်ကူပါ။ ဥပမာ..တရုပ်သမ္မတဟူကျင်တောင်၏ သားဖြစ်သူ အာဖရိက၊ နမီးဘီယားနိုင်ငံတွင် လာဘ်စားမှုပြသနာဖြစ်သောအခါ အစိုးရက သတင်းဌာနများကို မရေးရန်ပိတ်ပင်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ CCP လပ်ဘ်စားမှုတိုက်ဖျက်ရေးအဖွဲ့သည် အထက်ပိုင်းအရာရှိကြီးများသာမက၊ အောက်ခြေအဆင့်ထိအောင် အရေးယူလုပ်ဆောင်နိုင်သည်။ ရံဖန်ရံခါ နိုင်ငံရေးတိုက်ခိုက်မှုများအတွက် လာဘ်စားမှု အသေးစားများကို အသုံးပြုတတ်သည်။

တရုပ်ပြည်လပ်ဘ်စားမှုတိုက်ဖျက်ရေးအဖွဲ့စည်းများAnti-corruption organizations
* Anti-Corruption and Governance Research Center, School of Public Policy and Management, Tsinghua University, Beijing
* International Association of Anti-Corruption Authorities (IAACA) in Beijing
* Three-anti/five-anti campaigns (1951/1952)
* Central Commission for Discipline Inspection of the Communist Party of China
* Ministry of Supervision of the People’s Republic of China
* National Bureau of Corruption Prevention (NBCP) (website) (Chinese Wikipedia)
* Independent Commission Against Corruption (Hong Kong)
* Commission Against Corruption (Macau)

လာဘ်စားမှုကြီးအချို့ Cases
* Shanghai pension scandal
* Allegations of corruption in the construction of Chinese schools of the 2008 Sichuan earthquake
* Chongqing gang trials
* P Chips Frauds
* S-Chips Scandals
* China Stock Frauds

ဆက်နွယ်သည့်အဖွဲ့အစည်းများ Society
* Guanxi (personal relationships in Chinese culture)
* Capital punishment in the People’s Republic of China
* Prostitution in China
* Law enforcement in the People’s Republic of China
* Penal system in China

ကိုးကားချက်။ Wikipedia  http://en.wikipedia.org/wiki/Corruption_in_Chinaနိဂုံး (မြန်မာပြည်အတွက်)

ကျန်ုပ်တွင် နည်းလမ်းမရှိပါ။ စာရေးသူကျွမ်းကျင်သော လျှပ်စစ်အင်ဂျင်နီယာလုပ်ငန်းဖြင့် မြန်မာပြည်ပြန်ပြီး အချိန်ပြည့်အလုပ် လုပ်ချင်သော်လည်း၊ အလုပ်ကိုင်မလွယ်လှပါ။  မြန်မာပြည်တွင် ကုန်ထုတ်လုပ်ငန်း အသေးစား၊ အလတ်စားများ SME Small & Medium Enterprises အခက်ခဲဖြစ်နေချိန်ဖြစ်သည်။ ဆောက်လုပ်ရေးလုပ်ငန်းများ တဟုတ်ထိုးလုပ်ကိုင်နေပြီး ခြစားမှုများစွာဖြင့် အိမ်မြေဈေးများ မတရားဈေးကြီးနေချိန်ဖြစ်သည်။ အရောင်းအဝယ်လုပ်ငန်းများတွင် လူများတန်းစီလုပ်ကိုင်နေကြရသည်။ မြန်မာပြည်တွင် လက်ရှိအိမ်မြေဈေးဖေါင်းပွမှုများ၊ ကုန်ဈေးနှုန်းများဈေးကြီးနေခြင်း စသည်တို့မှာ မလိုအပ်သော လာဘ်စားမှုများကြောင့်ဖြစ်သည်။ အစိုးရဌာနဆိုင်ရာများက ဝန်ထမ်းများ လစာမလုံလောက်မှုကြောင့် နည်းမျိုးစုံဖြင့် ကုန်သည်နှင့်ပြည်သူများကို တောင်းရမ်းကြသည်။ အတိတ်က လွန်ခဲ့သောအနှစ်၂၀၀ ကလည်း လာဘ်စားတတ်သော မြန်မာလူမျိုးများဖြစ်ပါသည်။ ယခုခေတ်တွင်လည်း ပေါက်တဲ့နဖူးမထူးဟု ဆင်းရဲသားပြည်သူလူထုက မခံယူသင့်ပါ။ ကျိန်စာမိနေခြင်းများမှ လွတ်မြောက်ရန် မြင့်မြတ်သောစိတ်ထားရှိသူများ အုပ်ချုပ်ဖို့ အထူးလိုအပ်ပါသည်။ လူအများက လာဘ်စားမှုကိုလည်း ခွင့်မလွှတ်သင့်ပါ။ နိုင်ငံတကာနှင့်ယှဉ်ပြီး လုပ်ဆောင်ရာတွင် ထိုသို့လာဘ်စားမှုများပါက တိုင်းပြည်လည်းမတိုးတက်၊ လူမျိုးအကျင့်စရိုက်များမှာလည်း မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် ဆန့်ကျင်နေသည်။

ထိုကြောင့် လူများကို ပညာပေးရာတွင် ပြည်သူ့နီတိဟူသော လူကျင့်ဝတ်ဘာသာတစ်ခုကို မူလတန်းအဆင့်တွင် မသင်မနေရ စတင်သင်ကြားသင့်ပြီဖြစ်သည်။ သားသမီးများက မိဘများကို ဆုံးမသည့်ခေတ်သစ်ကို တည်ထောင်ရပါမည်။ ရေရှည်စီမံကိန်းအဖြစ် လုပ်ဆောင်ရင်း နောင်၁၀နှစ်အကြာ၊ မြန်မာသည် အနည်းဆုံး ဗီယက်နမ်ကို ကျော်လွန်အဆင့်သို့ ရောက်ရန်မျှော်မှန်းလုပ်ဆောင်ရပါမည်။  နိုင်ငံသားများကလည် ပြည်တွင်းပြည်ပ၊ မီဒီယာကို အကျိုးရှိစွာအသုံးချပြီး လပ်ဘ်စားမှုများကို မီဒိယာအားဖြင့်ဖေါ်ထုတ်ရမည်။http://murann.com/attitude.htm သည် မြန်မာပြည်မှ၊ လာဘ်စားမှုများကို မှတ်တမ်းတင်သင့် အင်တာနက်ဝက်ဆိုဒ်ဖြစ်သည်။ တရုပ်ပြည်ကဲ့သို လာဘ်စားမှုမှတ်တမ်းများအား Wikipedia Stype လူတိုင်းက မှတ်တမ်းတင်သည့် ဝက်ဆိုဒ်ကို တတ်ကျွမ်းသူများက မကြာခင်တည်ထောင်နိုင်မည်ဟု မျှော်လင့်ပါသည်။
 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts