ကဗျာ

မျိုးတေဇာမောင် ● ဂျူနီယာစိုးမိုးထွန်းသို့ ….

မျိုးတေဇာမောင် ● ဂျူနီယာစိုးမိုးထွန်းသို့ ….
(မိုးမခ) ဒီဇင်ဘာ ၂၀၊ ၂၀၁၆

ကိုစိုးမိုးထွန်းသေပြီတဲ့
ကိုစိုးမိုးထွန်းအသတ်ခံရသတဲ့
အစိုးရသတင်းစာတွေရေးသလိုဆိုရင်
ညသန်းခေါင်မှာ
သတင်းထောက်တစ်ယောက်အသတ်ခံရတယ်ပေါ့
ကျနော်သူနဲ့ လူချင်းမသိဘူး
သူ့သားလေးကိုဒီသတင်းဘယ်လိုပြောမလဲ
မနက်စောစောတုန်လှုပ်မိ
မနက်စောစောထိတ်လန့်မိ
အမှုမှန်ဖေါ်ထုတ်ပေးပါ ဆိုတဲ့
စတေကာတွေ
ဂျုနီယာစိုးမိုးထွန်းလေး ကိုယ်မှာအပြည့်ကပ်ထားတယ်
တစ်ခုပိုယူထားသတဲ့ သတင်းမှာဖတ်ရတယ်
ဖေဖေဝယ်ပေးတဲ့လွယ်အိပ်မှာကပ်ဖို့တဲ့
ငါနင့်ခနဲကြေကွဲရတယ်
ငါအမြင့်ကြီးကပြုတ်ကျသလိုခံစားရတယ်
သားရေ…
သားရေ..လို့ခေါ်လိုက်မယ်
မင့်ဖေဖေမရှိတော့တဲ့အခါ မင်းဟာ တို့အားလုံးရဲ့သားပဲ
အဲ့ဒီလူ မင့်အဖေ ကိုစိုးမိုးထွန်း ဟာ
အလကားသေသွားတာမဟုတ်ဘူး
အမှန်တရားကိုရိုက်သတ်တဲ့ ရိုက်ချက်ကို
မင့်ဖေဖေဝင်ခံသွားတာကွ
သားရေ.. ဂျူနီယာစိုးမိုးထွန်းရေ…
ပြင်ဆင်ပါ
ဆင်ခြင်ပါ
ရဲရင့်ပါ
သတ္တိရှိပါ
မင့်းလွယ်အိပ်မှာကပ်ထားတဲ့စတေကာဟာ
သမိုင်းပစ္စည်းဖြစ်တယ်
မကြာခင်
သိပ်မကြာခင်
အမှန်တရားဟာ
သူ့ကိုယ်စားစတေးခံသူ သူရဲကောင်းတွေအတွက်
ရာဇဝင်ရေးအရသွေးကြွေးတောင်းလိမ့်မယ်
မင်းတို့ခေတ်မှာ
အမှန်တရား အောင်ပွဲခံကိုခံရမယ်
ဂျူနီယာစိုးမိုးထွန်းရေ..
ကျန်းမာအောင်နေ
ပညာတတ်အောင်သင်
အနာဂတ် အတွက်ပြင်ဆင်ပါ… သားရေ …။

မျိုးတေဇာမောင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts