အောင်မြို့● လူမိုက်ကိုဖိုးစောဟု ခေါ်လေသည်
ကျနော်တို့အကိုတွေခေတ်က အရပ်လူမိုက်တွေ ထွန်းကားပါတယ်။ လမ်းတိုင်း ရပ်ကွက်တိုင်းမှာ လူမိုက် ရှိသလို လူငယ်တွေ အတော်တော်များများကလည်း အဲ့ဒီလူမိုက်တွေကို ခေါင်းဆောင်တင်ထားပြီး သူတို့ရဲ့အရိပ်အောက်မှာ ကိုယ်လုပ်ချင်တာကို လုပ်ကြပုံပါပဲ။ ကျနော်တို့ နည်းနည်းကြီးလာတဲ့အထိ အုပ်စုလိုက်ချိန်းရိုက်တာတွေ ဘာတွေ ရှိနေသေးသလို ပွဲတွေလမ်းတွေ သွားရင် ချိန်းကြိုး၊ နံချပ်ကူ၊ သံလက်သီး စသဖြင့် ကိုယ်နှစ်သက်ရာ လက်နက်တခုခုကို ဆောင်သွားရတာမျိုးတွေ ရှိပါတယ်။ စောစောကပြောတဲ့ ရပ်ကွက်လူမိုက်ဆိုတာ အခုခေတ်လို မကောင်းမှုနဲ့ အသက်မွေးပြီး ရဲနဲ့ပေါင်း၊ ထောက်လှမ်းရေးနဲ့ပေါင်း သတင်းပေး သတင်းယူလုပ်တတ်တဲ့ လူမိုက်လူရမ်းကားတွေ မဟုတ်ကြပါဘူး။ မဟုတ်မခံစိတ်ရှိတာ လက်မြန်တာနဲ့ ရန်ဖြစ်တဲ့နေရာ လူရိုက်တဲ့နေရာမှာ ထူးချွန်လို့ သတ္တိကောင်းလွန်းလို့ ဖြစ်လာတာမျိုးပါ။
သူတို့ကြီးပြင်းရတဲ့ မဆလခေတ်ကြီးဆိုတာ အလုပ်အကိုင်ကလည်းရှား တခြားအာရုံဖြေဖျောက်စရာလည်း မရှိ၊ ဘာကိုနာလို့ နာရမှန်းမသိတဲ့အခြေအနေမှာ လူငယ်တွေရဲ့ဒေါသက အတွင်းကြိတ် ကြီးထွားနေပြီး ကျားနာတွေလို ကိုယ့်ဒဏ်ရာ ကိုယ်ပွတ်သပ်နေရတာမျိုးမဟုတ်လား။ ဒါကြောင့်လည်း တယောက်ကို တယောက် ဘာအကြောင်းမှ မရှိဘဲ အကြည့်တချက်ကြောင့် စကားတခွန်းကြောင့် ရန်ထဖြစ်တာမျိုးတွေ ဖြစ်ရတာပါ။ ကောင်မလေးနောက် လိုက်ရင်း ကိုယ့်ရပ်ကွက်ထဲ ကျွံဝင်လာတဲ့ငနဲမျိုးတွေဆိုရင် ၀ိုင်းဆွမ်းကြီး လောင်းခံရဖို့ သေချာပေါက်ပဲပေါ့။ လူမိုက်အချင်းချင်း ကိုယ့်စည်းသူစည်းရှိသလို ကိုယ့်နယ်သူ့နယ် အပြန်အလှန်အသိပေးပြီးမှ သွားရတာမျိုး ဖြစ်ပါတယ်။
မပြောဘဲသွားလို့ကတော့ သူ့နယ်ထဲမှာ ခံရမှာပါပဲ။ ကိုယ့်ဆီလည်း အဲ့ဒီနယ်ကကောင်တွေ ခြေမချစေနဲ့ ဆိုတာမျိုး မှတ်ထားကြပါတယ်။
ကိုဖိုးစောဆိုတာက ကျနော်တို့ရပ်ကွက်ထဲက ကာလသားခေါင်း လူမိုက်ပါ။ မိသားစုလုပ်ငန်းဖြစ်တဲ့ ကားဝပ်ရှော့အလုပ်လုပ်ရင်းက သူ့ရဲ့မဟုတ်မခံစိတ်နဲ့ လက်မြန်တာတွေကြောင့် အလိုလိုနေရင်း ခေါင်းဆောင် ဖြစ်လာတာပါ။
ကားဝပ်ရှော့အပြင် တွင်ခုံလည်း ရှိတာမို့ ကိုဖိုးစောဆီမှာ လက်နက်မျိုးစုံ ရှိပါတယ်။ သူ့ဘော်ဒါတွေကိုလည်း စိတ်လိုလက်ရ လက်နက်တွေ လုပ်ပေးတတ်ပါတယ်။ ကျနော်တို့မော်လမြိုင်မှာ ကျင်းပလေ့ရှိတဲ့ ရပ်ကွက် အလိုက်ဆွမ်းကြီးလောင်းပွဲတွေမှာ ညဆို ဇာတ်ပွဲသွင်းတတ်သလို မုန့်ဈေးတန်းလည်း ရှိတာကြောင့် ကိုဖိုးစောတို့လို အဖွဲ့တွေ လက်စမ်းကြပါတယ်။ ဘယ်ရပ်ကွက်ပွဲမှာ ဘယ်အဖွဲ့နဲ့ ဘယ်အဖွဲ့ရိုက်တာ ဘယ်သူကွဲသွားတယ် ဘယ်သူတွေက ထွက်ပြေးရတယ်ဆိုတာမျိုးတွေ ဝါကျွတ်ချိန် ပွဲလမ်းပေါချိန်ဆို ကြားရပါပြီ။ ကိုဖိုးစောတို့က လက်ယဉ်တယ်ဆိုပေမယ့် ခြေလွက်လက်လွန်မဖြစ်အောင် ထိန်းပါတယ်။ အလွန်ဆုံး အချုပ်ခန်းရောက်ရုံပါပဲ။
ရှစ်လေးလုံးအရေးတော်ပုံကြီး ဖြစ်တော့ ကိုဖိုးစောတို့က အရပ်လုံခြုံရေးကို တာဝန်ယူပါတယ်။ နေ့ကင်း ညကင်းစောင့်ပါတယ်။ ရပ်ကွက်ထဲက အိမ်တွေကလည်း သူတို့ကင်းကို အလှည့်ကျ ထမင်းပို့ကြ စားစရာ သောက်စရာတွေပို့ကြနဲ့ အပြန်အလှန် ကျေးဇူးပြုပါတယ်။ စစ်အာဏာသိမ်းပြီးတော့ မြို့ကို မာရှယ်လောနဲ့ အုပ်ချုပ်မှ ကင်းအဖွဲ့တွေ ပျက်သွားတာပါ။ ညညဆို စစ်တပ်က စစ်ကားတွေနဲ့လှည့်ပြီး မဲမဲမြင်ရာ သေနတ်နဲ့ ပစ်ပါတယ်။ ကရင်ပြည်နယ်မှာ မဲသဝေါလို တိုက်ပွဲကြီးတွေ ကေအန်ယူနဲ့ တိုက်နေချိန်မို့ ကရင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ကျနော်တို့မော်လမြိုင်မှာ စစ်သားတွေ ရှုပ်ထွေးနေသလို လုပ်အားပေးလို့ နာမည်လှလှ တပ်ထားတဲ့ပေါ်တာဆိုတာကို တအိမ်တယောက်နှုန်း ဂျပန်ခေတ် ချွေးတပ်ဆွဲသလို ဆွဲနေချိန်ပါ။
အဲ့သလိုခေတ်ပျက်ကြီင်္းမှာ ကိုဖိုးစောတို့က စစ်ကားကို လစ်ရင်လစ်သလို ဂျင်ကလိနဲ့ ပစ်တာ၊ စစ်ကားတွေဘီးပေါက်အောင် လမ်းမှာ သံတိုသံစတွေ ခင်းတာ စသဖြင့် သူတို့တတ်နိုင်သလောက် အနှောင့်အယှက်ပေးပါတယ်။ရဲနဲ့အရပ်လူကြီးတွေက ကိုဖိုးစောတို့ လုပ်မှန်းသိပေမယ့် ဘာအသံမှ
မထွက်ကြပါဘူး။
တနေ့တော့ အလံနီသခင်စိုးရဲ့ဇာတိ မော်လမြိုင်ကျောက်တန်းရွာက သပိတ်စစ်ကြောင်းကြီး မြို့ထဲကို ချီပါတယ်။
ကျောက်တန်းရွာကနေ မုပွန်၊ မောင်ငံ.. စသဖြင့် ရပ်ကွက်စဉ်ဖြတ်လာပြီး ကျနော်တို့ ဘိုကုန်းရပ်က လော်ကမန်တိုက် (ယခု သံလွင်ဟိုတယ်) နေရာမှာ စစ်တပ်ကင်းနဲ့တိုးပြီး ရှေ့တိုးမရ နောက်ဆုတ်မရ ဖြစ်နေပါတယ်။ ကျောက်တန်း သောက်ရမ်း လို့ နာမည်တွင်တဲ့ လက်မရွံ့ရွာသားတွေနဲ့ စစ်သားတွေ ထိပ်တိုက်တိုးနေတာပါ။ စစ်တပ်ကလည်း စည်းသုံးတန်ကျော်ရင်ပစ်ဖို့ ပြင်နေသလို အရေးတော်ပုံ အစပိုင်းမှာ ရဲစခန်းကို ဝင်စီး၊ သေနတ်နဲ့ပစ်နေတဲ့ ရဲတွေရဲ့ လက်ကို အသေခံပြီး ရဲတင်းနဲ့ အတင်းဝင်ခုတ် ဖူးတဲ့ ကျောက်တန်းသားတွေကလည်း ဇ ကို ပြဖို့ ပြင်နေပါပြီ။
အကြောင်းမသင့်ရင် သွေးချောင်းစီးသွားနိုင်တဲ့ ပွဲကြီးပွဲကောင်းပေါ့။ အဲ့ဒီအချိန်မှာက ကိုဖိုးစော ရေချိုးဖို့ မြစ်ဆိပ်ကို ဆင်းတတ်တဲ့အချိန်ပါ။ ပုဆိုးတိုတို ကိုယ်ဗလာနဲ့ မျက်နှာသုတ်ပုဝါကို ပခုံးပေါ်တင်ထားတဲ့ ကိုဖိုးစော မြစ်ဆိပ်ဆင်းတဲ့လမ်းပေါ်မှာ ဒီဖြစ်ရပ်နဲ့ တည့်တည့်တိုးပါတယ်။
ရန်စောင်နေတဲ့ဆန္ဒပြသူတွေနဲ့ စစ်သားတွေကို ဝိုင်းကြည့်နေတဲ့ ရပ်ကွက်ထဲက လူထုပရိသတ်ကလည်း မနည်းပါဘူး။ တကယ်လို့ ပစ်မယ်ခတ်မယ်ဆို အဲ့ဒီလူအုပ်ထဲကလည်း ကျည်ဆန် ဈေးဦးပေါက်နိုင်ပါတယ်။ စစ်တပ်က စစ်သားတွေက ရှေ့တန်းပြန်တွေ ဖြစ်သလို လက်နက်ရောလူပါ တပ်စုနှစ်စုလောက်ရှိတာမို့ ဒီလူအုပ်ကြီးကို ဖြုံပုံမရပါဘူး။ ရှေ့ကိုတည့်တည့်ကြည့်ပြီး အမိန့်ပေးမယ့် သူတို့ဗိုလ်ကြီးရဲ့အသံကို စောင့်ရင်း ကျည်ထိုးမောင်းတင်ထားပါတယ်။ ကျောက်တန်းသားတွေကလည်း လက်နက်မပါပေမယ့် ကြောက်ပုံမရပါ။ စည်းထိပ်မှာ ရင်ကော့ပြီး နေပါတယ်။ ဝိုင်းကြည့်နေတဲ့ လူအုပ်ကြီးကြားထဲက ကိုဖိုးစော အရှေ့ကို တိုးဝင်တော့ ရပ်ကြည့်နေတဲ့ အရပ်သူအရပ်သားတွေက ကိုဖိုးစောကိုမသွားဖို့ တားကြပါတယ်။ ကိုယ့်ရပ်ကွက်ကိစ္စ မဟုတ်ဘူး ဝင်မပါနဲ့ ဘာညာပေါ့လေ။ ကိုဖိုးစောကတော့ ဘာမှပြန်မပြောဘဲ ရှေ့ကို ဆက်သွားနေပါတယ်။
အဲ့သလို တိုးရင်းတိုးရင်း ဆန္ဒပြတဲ့လူအုပ်စုရဲ့ရှေ့တန်းရောက်တော့ ကိုဖိုးစော ခဏရပ်ပါတယ်။ သူနဲ့ ခဏခဏ ရန်ဖြစ်ဖူးတဲ့ဆန္ဒပြ ခေါင်းဆောင်ကို တချက်ပြုံးပြပါတယ်။ ပြီးတော့ သူတို့တပ်ဦးက အလံတိုင်ကို ယူကိုင်၊ အဲ့ဒီအလံတိုင်နဲ့ပဲ လှံစွပ်တွေ သေနတ်ပြောင်းတွေကို အသာအယာဖယ်ပြီး စစ်တပ်က တားထားတဲ့စည်းကို စဖြတ်ပါတယ်။ အမိန့်စောင့်နေတဲ့ စစ်သားတွေရော အမိန့်ပေးမယ့် ခေါင်းဆောင် ဗိုလ်ကြီးပါ ကိုဖိုးစောရဲ့အေးအေးသာသာပုံစံကို ကြည့်ပြီး ကြောင်အနေပုံပါပဲ။ ကိုဖိုးစောကတော့ ကျောတချက်မတွန့်ဘဲ သေနတ်တွေလှံစွပ်တွေကို နောက်မှာ ချန်ထားခဲ့လေရဲ့။ စစ်သားတွေလည်း ကိုဖိုးစောနောက်ကို ဆန္ဒပြလူတန်းကြီးလိုက်လျှောက်ပါသွားတဲ့အထိ ရပ်ကြည့်နေကြပါတယ်။ ကိုဖိုးစောကတော့ စည်းသုံးတန်ကို ဖြတ်ပြီးရပ်ကွက်အဆုံးအထိ လူအုပ်ကြီးကို ဦးဆောင်ပြီး ခေါ်သွားပါတယ်။
ရပ်ကွက်ဆုံးတော့ ခေါင်းဆောင်လုပ်သူကို တပ်ဦးရဲ့အလံကို ပြန်အပ်ပါတယ်။ဆန္ဒပြသူတွေက သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့လက်ခုပ်လက်ဝါးတီး အားပေးကြပေမယ့် ကိုဖိုးစောက မတုန်မလှုပ်ပါပဲ။ နောက်ပြန်လှည့်လာပြီး စစ်သားတွေ အရှေ့က ဒုတိယအကြိမ် ဖြတ်ပါတယ်။ ပြီးတော့ မြစ်ဆိပ်သွားရာ လမ်းဘက်ကိုကွေ့ပြီး ရေချိုးဆင်းသွားလေရဲ့။ အဲ့ဒီအချိန်က ကိုဖိုးစောရဲ့စိတ်ထဲမှာ ဘယ်လိုရှိမယ် မသိပေမယ့် ရပ်ကြည့်နေတဲ့သူတွေအဖို့ကတော့ ခြေဖျားလက်ဖျားတွေ အေးစက် ရင်တထိတ်ထိတ်နဲ့ ဘာဆက်ဖြစ်မလဲဆိုတာ တစက္ကန့်ချင်း ရှေ့ဆက်ကြည့်နေရတာပါ။ လက်နက် အသင့်နဲ့ စစ်သားတွေရှေ့က အသွားအပြန် နှစ်ခါဖြတ်ရတဲ့ကိုဖိုးစောကတော့ ခြေတလှမ်းမပျက်ပါ။ သူ့အလုပ် သူလုပ်နေသလိုမျိုး သွေးအေးအေး မျက်နှာပေးနဲ့ပါပဲ။
အခုတော့ ကိုဖိုးစောလည်း ဘယ်ဆီဘယ်မှာ မသိပါ။ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ကိုဖိုးစောတို့ မိသားစု လိုက်ရပ်ကွက်ထဲကနေ မြို့သစ်ဖက် ပြောင်းသွားပြီး သတင်းမကြားတော့ပါဘူး။ ကျနော်ကတော့ အရေးတော်ပုံအကြောင်း အရေးတော်ပုံထဲက ထွက်ပေါ်လာတဲ့သူရဲကောင်းတွေအကြောင်း ပြောသံကြားတဲ့ အခါ ကိုဖိုးစောနဲ့ အဲ့ဒီအဖြစ်အပျက်ကို သွားသတိရပါတယ်။ ဘယ်သူမှ မှတ်တမ်းမတင် ဘယ်သူမှ မော်ကွန်းမထိုးမှာသိပေမယ့် ငါ့ရပ်ကွက်ကလူတွေ မထိခိုက်စေရ၊ အရေးတော်ပုံ လှုပ်ရှားကြသူတွေ ငါ့ရပ်ကွက်ထဲမှာ သွေးမြေမကျစေရ ဆိုတာမျိုးကို စကားကြီးစကားကျယ် တခွန်းမှမပြောဘဲ သွေးအေးအေးနဲ့လုပ်သွားတဲ့ ကိုဖိုးစောအကြောင်းတွေးတိုင်း သူ့စိတ်ဓာတ်နဲ့ သူ့လုပ်ရပ်ကို အလေး အထပ်ထပ် ပြုမိပါတယ်။ ကိုဖိုးစောသက်ရှိထင်ရှား ရှိသေးရင်လက်ရှိဒီမိုကရေစီ နိုင်ငံတော်ကြီးဆိုတဲ့ ခေတ်မှာ ပျော်မှပျော်ပါလေစ။ ကျနော်တွေးနေမိပါရဲ့။
အောင်မြို့