သူတို့အာဘော် ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး ● ခေတ်သစ် ၅/ည သံစဉ်များ မကြားလိုပါ



ငြိမ်းချမ်းအေး ● ခေတ်သစ် ၅/ည သံစဉ်များ မကြားလိုပါ
(The Ladies News Journal / မိုးမခ) ဒီဇင်ဘာ ၂၊ ၂၀၁၆

ဆက်သွယ်ရေး ဥပဒေ ပုဒ်မ (၆၆-ဃ) နဲ့ ဆက်စပ်ပြီး တရားစွဲခံရ၊ ထောင်ကျခံရတဲ့ ဖြစ်စဉ်တွေ များလာခြင်းနဲ့အတူ အခုရက်သီတင်းပတ်တွေ အတွင်း ဒီဥပဒေကို စောကြောတဲ့ အသံတွေလည်း ညံလာပါတယ်။ ဥပဒေ ရှိသင့်၊ မရှိသင့်လည်း စာနယ်ဇင်း မီဒီယာအစုံစုံမှာ ဆွေးနွေးလာကြပါတယ်။ တပြိုင်တည်းမှာပဲ ပြန်ကြားရေး ၀န်ကြီးဌာန၊ စာပေဗိမာန်က ဒီဇင်ဘာလဆန်းမှာ ပြုလုပ်နေတဲ့ “ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေစာတမ်းဖတ်ပွဲ” အတွက် စာတမ်းတောင်းလို့ တင်သွင်းခဲ့တဲ့ စာရေးဆရာ တချို့ရဲ့ စာတမ်းတွေ ဆိုင်းငံ့ခံထားရတဲ့ ကိစ္စလည်း ပေါ်လာခဲ့ပါသေးတယ်။

ဒါတွေအားလုံးရဲ့ ‘လားရာ’ ဟာ စာနယ်ဇင်း လွတ်လပ်ခွင့်၊ ပြည်သူလူထုရဲ့ အသံတွေ လွတ်လွပ်စွာ တင်ပြခွင့်၊ အမြင်အာဘော် ဖော်ထုတ်ခွင့်တွေကို ကန့်သတ်ချုပ်ခြယ် လေ့ရှိတဲ့ ယခင် ခေတ်ဆိုးဆီကို တကျော့ပြန် စေသလား ဆိုတာအထိ သောကပွားနေသူတွေလည်း ရှိပါတယ်။ ကျင့်ဝတ်မညီတဲ့ သတင်းတင်ပြချက်၊ ဒါမှမဟုတ် တကိုယ်ရေ ခံစားချက် ဖော်ထုတ်ချက်တွေကို အစိုးရတရပ်အနေနဲ့ သဘောထားကြီးစွာနဲ့ တွေ့ဆုံညှိနှိုင်း ယူရမယ့် အစား ဥပဒေကို လက်နက် သဖွယ် အသုံးချခြင်းမျိုးဟာ လူထုအများကိုပါ နောက်ကျောမလုံအောင် ကြောက်လန့်စေတဲ့ အထိ ဖြစ်စေလာနိုင်သလား ဆိုတဲ့ မေးခွန်းတွေ ထွက်လာပါတယ်။

ဖြစ်နေတဲ့ နောက်ခံ မတူညီတဲ့ ဖြစ်စဉ် တချို့မှာ မမှန်မကန် ဝေဖန်ချက်၊ သုံးသပ်ချက်၊ ဖော်ထုတ်ချက်မို့ ဆိုပြီး အကြောင်းပြနိုင်ပေမယ့် မှန်မှန်ကန်ကန် ခေတ်နဲ့ စနစ်ကို ကျိုးကြောင်းညီ သုံးသပ်ချက် စာတမ်းမျိုးတွေကိုလည်း ပိတ်ပင်လိုခြင်း သဘော ပြလာတာမျိုးဟာ အနာဂတ် တိုင်ပြည်မှာ ဒီမိုကရေစီ အမြစ်တွယ် ရှင်သန်ရေး (Democracy Consolidation) အတွက် အနှောင့်အယှက် ဖြစ်စေပါတယ်။ “မကြားလိုပါ၊ မမြင်လိုပါ၊ ဘုန်းတော်ကြောင့် အားလုံးကောင်းပါသည် ဘုရား” ထုံးနှလုံးမူပြီး ပိတ်ဆို့တားဆီး (စကားလုံး အလှ ကတော့ ဆိုင်းငံ့) ဖြစ်နေတာတွေကို ပြည်သူ့ အစိုးရ တရပ်အနေနဲ့ အကောင်းဆုံး ဖြေရှင်းသင့်ပါတယ်။

ကျနော့် အနေနဲ့တော့ ဒီ ပြဿနာ ကို စာရေးသူ၊ မဂ္ဂဇင်းအယ်ဒီတာ၊ မီဒီယာ အလုပ် လုပ်နေသူအနေနဲ့ မဟုတ်ဘဲ နိုင်ငံသား ပြည်သူ တယောက်အနေနဲ့ပဲ ပြောလိုပါတယ်။

နှစ်ပေါင်းငါးဆယ်ကျော် စစ်အာဏာရှင်စနစ်ရဲ့ ဖိနှိပ် ရက်စက် ညဉ်းပန်းမှု မျိုးစုံ အောက် နေခဲ့ရတဲ့ မြန်မာပြည်က လူမှု အလွှာ အစုံ၊ အသက် အရွယ် စုံ က ပြည်သူတွေဆီမှာ ခံစားချက်တွေ ရှိပါတယ်၊ နိုင်ငံရေး မလုပ်တဲ့ လူသာမန် တောင်မှ ညသန်းခေါင်ယံ အိမ်တံခါးခေါက်၊ တခါတလေ အတင်း ချိုးဖျက်ဝင်၊ သူပုန် စခန်း စစ်တပ် ဝင်စီးသည့် အလား ဧည့်စာရင်း စစ်၊ လူ စစ် လုပ်ခံရတဲ့ ဒဏ်လိုမျိုးက လူအများစု ခံခဲ့ကြရဖူးပါတယ်။ ဆိုချင်တာက ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုဟာ လူတိုင်း ခံစားခဲ့ကြရတာပါ။

လူ့ အခြေခံရပိုင်ခွင့် ချိုးဖောက်ခံရမှု ဆိုတာမျိုးဟာလည်း နေ့စဉ် လူမှု ဘဝ အိမ်ပေါ် ထိုင်နေရင်း၊ လမ်းပေါ် လျှောက်သွားရင်းနဲ့ လူတိုင်း သူသူကိုယ်ကိုယ် ကြုံတွေ့နေခဲ့ရတာပါ။ (စကားချပ် — နေရဆဲလည်း ဖြစ်ပါတယ်။) ရေပြတ်၊ မီးပြတ်၊ အများသုံး ယာဉ်တွေပေါ်က လူ့ဂုဏ်သိက္ခာ ညှိုးနွမ်း ကျဆင်းရမှုကနေ လူမှု စီးပွား ကျန်းမာ ပညာ နိုင်ငံသား အခွင့်အရေး ဆုံးရှုံးရမှု အထိပါ။ ဆိုချင်တာက လူ့အခွင့်အရေး ဆိတ်သုဉ်းခဲ့ရမှုဟာ လူတစုက လွဲလို့ ပြည်သူအများစု ခံခဲ့ကြရတာပါ။

ဒေါ်အောင်ဆန်းစုကြည် ဖွင့်ဆိုထားတဲ့ ငြိမ်းချမ်းရေး အဓိပ္ပာယ် ဖြစ်တဲ့ “ညမှာ ကောင်းစွာ အိပ်စက်နိုင်၍ မနက်တွင် ကောင်းစွာ နိုးထနိုင်ခြင်း” ဆိုတာဟာ နယ်စပ်ဒေသ စစ်ပွဲကြားက လူထု တင် ကင်းမဲ့နေခဲ့တာ မဟုတ် ရန်ကုန်မြို့လယ်ခေါင်မှာနေတဲ့သူလည်း ဘယ်အချိန် အိမ်တံခါး လာခေါက်မလဲ၊ ခဏလိုက်ခဲ့ပါ လာပြောမလဲ ကို စိုးရိပ်သောကကြီးစွာနဲ့ အိပ်စက်မရတဲ့ညဆိုးတွေ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေ ရှိခဲ့ပါတယ်။

ကျနော့် ကိုယ်တွေ့ ဥပမာပေးရရင် ၂၀၀၂-၂၀၀၃ ခုနှစ်နောက်ပိုင်း မြန်မာပြည်မှာ အွန်လိုင်း အင်တာနက် အီးမေးလ် စ အသုံးပြုခွင့် သာလာချိန်၊ နိုင်ငံအရေး စိတ်ဝင်စားသူ တယောက် အနေနဲ့ အဲဒီအချိန်က ပြည်တွင်းမှာ ပိတ်ထားတဲ့ နိုင်ငံခြား သတင်း Website တွေကို ကျော်ခွ၊ သတင်းတွေ ကူးယူ၊ အီးမေးလ်ကတဆင့် ဖြန့်၊ ဒါတွေကို နေရာအမျိုးမျိုးပြောင်း၊ ကွန်ပျူတာ ကွန်ရက် လိပ်စာ IP address တွေ ကွယ်ဝှက်၊ ကြားခံ Proxy တွေ အမျိုးမျိုးသုံး စိုးရိမ်ကြောင့်ကြ ကြီးစွာနဲ့ လုပ်ခဲ့ရတာပါ။ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ကာလကြီး မှာ ဆိုရင် ပြည်တွင်း လူငယ် Blogger တွေ အရပ်သား သတင်းသမား (Citizen Journalist) တွေရဲ့ အခန်းကဏ္ဍက အရေးပါခဲ့ပါတယ်။ အခု အေဂျင်စီ သတင်းဌာန ကြီးတွေမှာ Pro ဓာတ်ပုံသတင်းထောက်တွေ အဖြစ် အသက်မွေးဝမ်းကျောင်းနိုင်ခဲ့သူ တချို့ ဆိုရင် အဲဒီတုန်းက Blog တွေ အီးမေးလ်တွေ အသုံးချပြီး ပြည်တွင်းက သတင်းတွေ၊ သတင်းဓာတ်ပုံတွေကို နိုင်ငံခြား သတင်းဌာနတွေဆီ ပို့ခဲ့ကြရတာပါ။

နာမည်ကြီး ကာတွန်းဆရာ စီနီယာ ကြီး တယောက်နဲ့ ဟိုတလောက စကားပြောခဲ့တုန်းကတောင် သူ စစ်အစိုးရခေတ်မှာ နာမည်ဝှက်နဲ့ ပြည်ပ အခြေစိုက် မြန်မာမီဒီယာ ဝက်ဘ်ဆိုဒ်တွေမှာ ဆွဲခဲ့တဲ့ ကာတွန်းကွက် ၂၀၀ ကျော် အကြောင်း ပြောဖြစ်ပါသေးတယ်။ သူက အဲဒီတုန်းက လုံခြုံရေး အတွက် ဘယ်လို စီမံခဲ့ရပုံ၊ လက်ခံဖိုင်တွေမထားခဲ့နိုင်ပုံတွေ ပြောရင်းနဲ့ ပြည်ပကို ကာတွန်းပို့နေတဲ့ သူ့ရဲ့ အဆက်အသွယ် မိတ်ဆွေ စာနယ်ဇင်းသမား တယောက်ကို စစ်အစိုးရက ဖမ်းဆီးလိုက်တော့ သူနဲ့ သူ့မိသားစုမှာ ဘယ်လို စိုးရမ်စိတ်တွေနဲ့ နေခဲ့ရပုံ၊ အိပ်၍မပျော်သောညများ သံသာရာ ရှည်ခဲ့ပုံ တွေ ပြန်ပြောပြလို့ နားထောင်ခဲ့ရပါသေးတယ်။

ဆိုတော့ ကာတွန်းတကွက်၊ စာတကြောင်း၊ ကဗျာ တပုဒ်၊ ဓာတ်ပုံ တပုံနဲ့ အစစ်အဆေးအမေးအမြန်းမရှိ လူ့အသက်ထက်ကြီးတဲ့ ထောင်ဒဏ်တွေခံစားရနိုင်တယ်ဆိုတဲ့ အသိ ကြောက်လန့်မှုဟာ လူတိုင်းမှာ ရှိခဲ့ပါတယ်။ အဲဒီလို ခေတ်ကြီးမှာ ဘဝသေ၊ လူသေတဲ့ အထိ မိုးကြိုးပစ် ဓာတ်လိုက်သလို စွမ်းဆောင်နိုင်တဲ့ အီလက်ထရောနစ် ဥပဒေ ဆိုတာကြီးရဲ့ ခြိမ်းခြောက်မှုဒဏ်ကို လူတိုင်း ခံခဲ့ရပါတယ်။ လူတိုင်း ကိုယ် ရုပ် စိတ်နှလုံး အားလုံး မလုံခြုံမှု ခံစားခဲ့ရပါတယ်။

ကျနော့် မိခင်ဆိုရင် ညဥ့်နက်သန်းခေါင် အိမ်ရှေ့ စစ်ကားဖြတ်တိုင်း၊ ရဲကားဆိုက်တိုင်း ကျနော့်ကို နှိုးကာ ကွန်ပျူတာ ထဲမှာ ဘာတွေ ရှိလဲ၊ ဖျက်စရာ ရှိတာတွေ ကြို ဖျက်ထားပါ ဆိုတတ်ပါတယ်။ ပူပန်မှုအပြည့်နဲ့ စိတ်နှလုံး မချမ်းမြေ့ဖွယ် ညဆိုးတွေကို ကျနော်တို့ အားလုံး ဘဝတူ ဖြတ်သန်းခဲ့ရပါတယ်။ လူတိုင်းမှာ သူ့ ဘဝနဲ့ သူ့ အတိုင်း သူ့အထွာနဲ့ ခေတ်ဆိုးစနစ်ဆိုးကို ခါးစီးဖြတ်သန်းခဲ့ရပါတယ်။ အကြီးအသေး အနည်းအများ ကွာနိုင်ပေမယ့် စိတ်ဒဏ်ရာ အနာတရ တွေ ဖြစ်ခဲ့ရတယ်ဆိုတဲ့ ရင်းခံအကြောင်းကတော့ အတူတူချည်းပါပဲ။

ဒီလိုနောက်ခံ အခြေအနေမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားခွင့်၊ ဖန်တီးခွင့်ဆိုတာမျိုးက မြန်မာနိုင်ငံသူ နိုင်ငံသားတွေ အဖို့ ရခဲလှလွန်းလို့ ဆဋ္ဌမမြောက် ဒုလ္လဘတရားကြီးကို ဖြစ်ခဲ့ရပါတယ်။ ၂၀၁၁ နောက်ပိုင်း ခေတ်မှာ ရလာတဲ့ ပိုမိုလွတ်လပ်လာတဲ့ စာနယ်ဇင်း၊ ဆန္ဒထုတ်ဖော်ခွင့်နဲ့ တကိုယ်ရေ ပြောရေးဆိုရေး ရှိခွင့်ဆိုတာတွေကလည်း “ညောင်သီးလည်းစား လေးသံလည်းနားထောင်” ဆိုတဲ့ အဆင့်ပဲ ရှိပါတယ်။ ဖြစ်ခဲ့တာ သာဓက တွေကကိုကြည့်ရင် အချိန်မရွေး ထောင်ကျတန်းကျ၊ နံပါတ်တုတ်စာမိ၊ ကျည်ဆန်စာ ထိ လူသေအထိ ဖြစ်နိုင်သေးတာ အားလုံး မျက်မြင်ကိုယ်တွေ့ပဲ ဖြစ်ပါတယ်။

အခု ဒီမိုကရေစီ လူထု ပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဦးဆောင်တဲ့ အစိုးရသစ်တက်ချိန်မှာတော့ လူထု အများရဲ့ မျှော်လင့်ချက်က မြင့်မားနေပါတယ်။ ဒီလို ကြီးမားတဲ့ မျှော်လင့်မှုကို အခြေခံပြီး ပုခုံးထမ်း တွန်းတင်ခဲ့တဲ့ ပြည်သူ့ အစိုးရသစ် ဖြစ်တာမို့ လူထုဟာ လိုလားနှစ်သက် ချစ်ရင်းစွဲစိတ်နဲ့ အားမလို အားမရ ဖြစ်နေတာတွေ ရှိတာဟာလည်း သဘာဝကျပါတယ်။ ဒါကို အပြစ်မမြင်ဖို့လိုပါတယ်။ ငါတို့ တိုင်းသစ်တည် ပြည်သစ်ဆောက်နေတာကို ငြိမ်ငြိမ်မနေကြဘူး၊ ဝေဖန်နေတာပဲဆိုပြီး မျက်မာန်တော်မရှမိဖို့ လိုပါတယ်။

ဆိုလိုရင်းကတော့ ပြည်သူ့ အစိုးရ တရပ်နဲ့အညီ လက်ရှိ NLD အစိုးရသစ်ဟာ နိုင်ငံသားတွေမှာ စိတ်ဒဏ်ရာတွေ ရှိနေတယ် ဆိုတာ မျက်မှောက်ပြုနိုင်ရပါမယ်။ လက်ရှိ ဥပဒေပြု လွှတ်တော် နှစ်ရပ်နဲ့ အုပ်ချုပ်ရေး အစိုးရ ဘက်ကိုရောက်သွားတဲ့ ထောင်ကျခံ တိုက်ခိုက်ခဲ့တဲ့ နိုင်ငံရေးသမားတွေတင်မဟုတ်၊ ရှစ်လေးလုံးမျိုးဆက် ကျောင်းသားနဲ့ နိုင်ငံရေးသမားတင်မဟုတ် စနစ်ဆိုးဒဏ်ခံ ပြည်သူတဦးချင်းစီတိုင်းမှာ အနာတရတွေ ကိုယ်စီကိုယ်ငှ ရှိကြပါတယ်။ နာကြည်းချက်တွေ ရှိကြသလို စိုးရိမ်သောက အပြည့်နဲ့ စိတ်အခံလည်း ရှိနေကြပါတယ်။ လူတယောက် လူ့ဂုဏ်သိက္ခာနဲ့လျော်ညီစွာ ကိုယ်၊ စိတ်၊ နှလုံး ငြိမ်းချမ်းမှုဟာ အခုမှ စ ရဖို့ အပြည့်အဝ မျှော်လင့်ရဲခါစပဲ ဖြစ်ပါတယ်။

ဒီလို အချိန်မှာ ပြည်သူ့အစိုးရ မှန်ရင် လူထုခံစားခဲ့ရတဲ့ စိတ် အနာ တွေကို အမြန်ကျက်အောင် ကုစားပေးရမယ့် တာဝန်ရှိပါတယ်။ ဒီလိုမဟုတ်ဘဲ အတိတ် အနာဟောင်းက အနာဖေးတွေ ပြန်ခွာသလို စိတ်မလုံခြုံစွာနဲ့ သောကဝေနေရမယ့် အဖြစ်မျိုးတွေ တတ်နိုင်သလောက် ရှောင်ကြဉ်နိုင်ရင် ကောင်းပါမယ်။ အစိုးရဟာ အမြော်အမြင်ကြီးစွာနဲ့ ရှေ့နောက် ကြည့် သဘောထားကြီးစွာ မျက်မှောက် ဖြစ်ပျက်နေတာတွေကို ကိုင်တွယ်သင့်ပါတယ်။ ပြည်သူတွေရဲ့ စိတ်ဒဏ်ရာတွေ ကုစားနိုင်ဖို့ရာ လူထုယုံကြည်ကိုးစားတဲ့ NLD အစိုးရမှာ တာဝန် ရှိပါတယ်။

ပုဒ်ထီး ဘယ်ပုဒ်မ ထုတ်သုံးကာ ပြည်သူလူထု စကားတလုံး ဟဟ မပြောဝံ့၊ စာကြောင်း တကြောင်း ဖြောင့်ဖြောင့် မရေးဝံ့တဲ့ အနေအထားမျိုးကို ဦးတည် မလာစေဖို့ နိုင်ငံသား တယောက်အနေနဲ့ တောင်းဆိုလိုပါတယ်။

ဒီမိုကရေစီ ခေတ်သစ် ၅/ည သံစဉ်တွေ ရှေ့မှာ နားမထောင်ရဖို့ မျှော်လင့်လျက် … …. ။

ငြိမ်းချမ်းအေး
(ဆက်သွယ်ရန်နှင့် ပြန်လည်ဝေဖန်ရန် — nyeinchanaye81@gmail.com)

The Ladies News Journal တွင် မူလ ဖော်ပြခဲ့သည်။
http://theladiesnewsjournal.com/articles/thu-2016-12-01-1209/4361
https://web.facebook.com/News.TheLadies/posts/664794043695568:0


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts