ကဗျာ

ညိုထက်(လမ်းသစ်ဦး) – လေးဦးဂိုဏ်း

ညိုထက်(လမ်းသစ်ဦး) – လေးဦးဂိုဏ်း
(မိုးမခ) နိုဝင်ဘာ ၃၀၊ ၂၀၁၆

လေဒီဝမ်းကပြောတယ်
ကုတ်အင်္ကျီက အကောင်းစား
အဲ့ဒီနေရာထဲ ဂျက်ဇ်ဂီတ ရှိတယ်
ကျနော် ဂျက်ဇ်ဂီတကို ဂွင်ဖန်နေတယ်
ချစ်ခွင့်ပေးပါ ရတနာရယ်
ငါ နင့်ရဲ့ ဖုန်းခေါ်သံကို အမြဲနားစွင့်နေတယ်
လူကြီးမင်းမ ခေါ်ဆိုမည့် ဖုန်းသည် အမြဲတမ်း ဖွင့်ထားသည် ….

ငါ ဗိဿနိုးဖြစ်တယ်
လခြမ်းလေးပေါ်ထိုင်ပြီး ငါးမြားဖို့
ဂဠုန်ငှက်ကို ဖိတ်ခေါ်တယ်
အတာရေက ငါ့ရဲ့အား ငါ့ကိုရေလောင်းဦး လခြမ်းလေး
တဘဝလုံး ပုံအောပေးထားတဲ့ အချစ်တွေနဲ့ လင်းပ
ယင်နဲ့ တောက်ရဲ့ အချစ်ဇာတ် စလိုက်ကြရအောင် ….

အသက်ရေ ….
အချစ်ရေ ….
ခင်လေးရေ ….
ခရေပွင့်လေးရေ ….

မိုးကြိုမုန်တိုင်းတွေကို ဖြတ်သန်းပြီး အသက်ဆီကို လာနေတယ်
တို့အတူ ဦးပြုံးချိုလမ်းက ခရေပန်းတွေကောက်ချင်တယ်
ယဉ်ကျေးမှုတော်လှန်ရေးရဲ့ ပန်းတွေပေါ့အချစ်ရယ်
ခင်လေးဆံနွယ်ကေသာကျော့
သီပုံးပန်ဆင် ခေါင်းမော့မော့
သုံညကို တူးဖော်လိုက်တဲ့အခါ ခင်လေးက ပြုံးနေတော့တယ်

ချစ်တယ် ခင်လေးရယ် ….

နေနဲ့ လနဲ့ နှစ်ပါးဆိုင် သကြားကိုယ်တိုင်မမယ့်ယောက်ကျား
ဇာတ်မင်းသားလေးသိန်းဇော် အထာနဲ့ ပန်းစည်းလေးကိုင်ပြီး အချစ်ဆီကိုလာခဲ့တယ်
အဲ့ဒါ ….
ကမ္ဘာ့အကြီးဆုံးစာအုပ်ဆီကို အရောက်လာနေတဲ့ သဘောပေါ့

လူသိရှင်ကြား အမြောက်သံတွေပေးပြီး အချစ်ဆီကို လာခဲ့တယ်
ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီးကို ကိုင်ထား
ဒီမိုကရက်တစ် တိုင်းချစ် ပြည်ချစ်ဝါဒကို ကိုင်ထား
အဓိပ္ပါယ်တွေက အနှံအပြားရှိတယ်
အဲ့ဒါကို ကိုင်ထား
ကျုံးဘေးနားက ကန်စွန်းခင်းထဲ (ဒါမှမဟုတ်)
ဆံတုံးတော် အမို့မောက်နဲ့ ကျောင်းသမ
အဲ့ဒီ ကရင်နီမလေးရဲ့ ပေါင်တံတွေက လှတယ် ….

အချစ်ရေ …. (ဒါမှမဟုတ်)
အချစ်တို့ရေ ….
မိုးတွေသဲတဲ့နေ့ မေဝဿန်လာလိမ့်မယ် ….

(နေလ က ကြွေကျနေတဲ့ ကောင်မဟုတ်)
ချစ်ခြင်းမေတ္တာ အမှန်တရား ကံကြမ္မာမျက်နှာသာပေးလိမ့်မယ် ….
(ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်၏)
မိုးမြင့်အောင်ရဲ့သီချင်း
ဒီတလော ကျနော့်ရင်တွင်း
ချင်းနင်း ဝင်ရောက်နေတော့တယ် ….

ညိုထက် (လမ်းသစ်ဦး)
၂၆ – ၁၁ – ၂၀၁၆


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts