ပျော်တော်ဆက်သာဂိ – ကျေးဇူးတော်နေ့ ကြက်ဆင်တကောင်၏ မေတ္တာစာ
(မိုးမခ) နိုဝင်ဘာ ၂၄၊ ၂၀၁၆
ကျုပ်က ကြက်ဆင်တကောင်ပါ။ အမေရိကန်လိုဆိုရင်တော့ တာကီပေါ့။ နိုဝင်ဘာ ၂၄ ဟာ အမေရိကန်လို အနောက်ကမ္ဘာက ကျေးဇူးတော်နေ့ ဖြစ်ပါတယ်။ မိသားစုတွေ ဆုံပြီး ဘုရားသခင်ရဲ့ ကျေးဇူးတော် အောက်မေ့ကြတယ်၊ မိသားစု ညနေစာ လက်ဆုံ စားကြပါတယ်။ အဲသည်က တရားဝင် ကျေးဇူးတော်ညစာမှာ ကျုပ်တို့ ကြက်ဆင်ပါပါတယ်။ ကြက်ဆင်တွေ ကာလနာတိုက်တဲ့နေ့ပေါ့ ခင်ဗျာ။ ကြက်ဆင်တွေ ကင်ကြ ပေါင်းကြ ချက်ပြုတ် စားသောက်ကြတာ ရိုးရာအစဉ်အလာ ဖြစ်ပါတယ်။ ကြက်ဆင်တွေဟာ တမျိုးလုံး တဆွေလုံး ကောင်းကင်ဘုံက ဘုရားသခင်ဆီ သည်အချိန်ရောက်ပြီဆိုရင် သွားဖို့ အချိန်ဆိုက်ပြီပေါ့။
ကျုပ်ပြောချင်တာက သည်လိုပါ။ ကျုပ်တို့ ကြက်ဆင်တွေမှာလည်း သူတို့လို နတ်ပြည်ရှိပါတယ်။ လူသားတွေ ကျေးဇူးတော်အောက်မေ့ဖို့ ကျုပ်တို့တွေ အသွေးအသားတွေ ပေးဆပ်ပြီး ပါရမီဖြည့်ပေးရတာမို့ ကျုပ်တို့ကြက်ဆင်တွေ ကွယ်လွန်ကြရင် ဘုရားသခင်ဆီ ရောက်ကြတယ်။ ဘုရားသခင်ရဲ့ ကောင်းချီးပေးမှုကို ခံစားရပြီး ကြက်ဆင်တို့ နတ်ပြည်မှာ ခံစား စံစားရတယ်လို့ ဆိုပါတယ်။ ကြက်ဆင်တို့နတ်ပြည်ဝင်ဖို့အတွက် ကြက်ဆင်ဂိတ်ဆိုတာ ကောင်းကင်ဘုံမှာ ရှိသဗျ။ ကျုပ်တို့တွေဟာ အမေရိကန်တွေ အနောက်နိုင်ငံက လူတွေ ဘယ်လိုမျိုး ကြက်ဆင်သားတွေ လမ်းခင်းပြီး ကျေးဇူးတော် အောက်မေ့ကြပုံကို တခမ်းတနား အစီရင်ခံရ အစစ်ခံရပါတယ်။ သည်လိုမျိုး အစစ်ခံပြီးမှသာ ဂုဏ်ပြုလက်မှတ်ထုတ်ယူရင်း ကြက်ဆင်နတ်ပြည်ကို လစ်ကြရတာကိုး။
သည်လိုမျိုး ဒဏ္ဍာရီနဲ့ ကိုးကွယ်ယုံကြည်မှုနဲ့ ဆိုတော့ ကျုပ်တို့ကြက်ဆင်တွေဟာ ကျေးဇူးတော်နေ့ဆိုတာကို တမျှော်မျှော်နဲ့ ကျုပ်တို့ သွေးသားတွေ ပေးဆပ် စွန့်လွှတ် ပါရမီဖြည့်ပြီးတော့ နတ်ပြည်တက်မယ့်နေ့ကို လည်ပင်းရှည်အောင် တမျှော်မျှော်နဲ့ ပေါ့ ခင်ဗျာ။
ကျုပ်လည်း ကြက်ဆင်တကောင်ဆိုတော့ ရိုးရာအတိုင်း တိုင်းပြည်နဲ့ လူမျိုး အတွက် အဲလေ နတ်ပြည်တက်ဖို့အတွက် စိတ်ထက်သန်နေတယ် ဆိုရမှာပေါ့။ ကျုပ်လည်း ကြက်ဆင်တကောင်အဖြစ်က စုတေပြီး ဆူပါမားကက်ထဲမှာ ကြက်ဆင်အလောင်းကောင် အအေးအခဲအဖြစ် ပထမအဆင့် ရောက်ရှိလာရပါတယ်။ ကျုပ်ကလည်း ကြက်ဆင်ဝိညာဉ်အဖြစ်နဲ့ ကြက်ဆင်ရုပ်အလောင်းဘေးကနေ တကောက်ကောက်လိုက်ပြီး ကျေးဇူးတော်နေ့ ညစာစားပွဲအပြီးအထိ လိုက်လံ စောင့်ကြည့်ရတဲ့ တာဝန်နဲ့ကိုး။ ကျုပ်ကို ဘယ်လို သယ်ဆောင်မယ်၊ ဘယ်လို ချက်ပြုတ်ပြင်ဆင်ပြီး ဘယ်လို မိသားစုတွေက ဘယ်လိုမျိုး ကျေးဇူးတော်ကို ချီးမြှောက်လေမလဲ အစအဆုံး မှတ်တမ်းယူပြီးမှသာ ကျုပ်က ကြက်ဆင်ဂိတ်ကို တက်ပြီး နတ်ပြည်တက်ခွင့်ပါမစ် ရမှာ ဖြစ်တယ်လေ။
ဖြစ်ချင်တော့ ကျုပ်ကြက်ဆင်အလောင်းကောင်ဟာ ဆူပါမားကက်က ၀န်ထမ်းတွေကို ခွဲဝေပေးတဲ့ ကျေးဇူးတော်နေ့ လက်ဆောင်ထုတ်တခုထဲ ရောက်သွားပါတယ်။ ကျုပ်ကလည်း ရင်ခုန်စွာနဲ့ ဆူပါမားကက်က ဈေးအရောင်းသည်ဝန်ထမ်းနောက်ကို လိုက်ပါသွားရသပေါ့။ သည်ဝန်ထမ်းက အမေရိကန်စစ်စစ်မဟုတ်ဘဲ အာရှတိုင်းပြည်က ဗမာတဦး ဖြစ်နေသဗျ။ ကျုပ်ရဲ့ ရှေးက ဘိုးဘွားများအပြောအရ ကြက်ဆင်ကြီး တကောင်လုံးကို ဗန်းပေါ်တင်၊ ကိုယ်ထဲက ကလီစာတွေ ထုတ်၊ ဖွယ်ဖွယ်ရာရာ အစာတွေသွတ်ပြီး မီးဖိုကြီးထဲထည့်နဲ့ ကြီးကျယ်ခမ်းနားစွာ ချက်ပြုတ် ပြင်ဆင်မယ်လို့ ထင်တလုံးနဲ့ စိတ်ကူးတွေ ယဉ်ပြီး လိုက်ပါသွားတာပေါ့ဗျာ။
အထင်နဲ့ အမြင်ကတော့ စကတည်းက ယဉ်သကိုးပဲဗျို့။ သူတို့ ဗမာတွေအိမ် ရောက်ရောက်ချင်းမှာ ဆူပါမားကက်က ဈေးခြင်းတောင်းသိမ်းအလုပ်လုပ်ရတဲ့ ၀န်ထမ်းကလေးက သူ့မိန်းမကို ကြက်ဆင်ကောင်ကြီး ထည့်တဲ့ ကျွတ်ကျွတ်အိတ် စ အပ်တဲ့ဆီမှာတင်ပဲ ရင်ဆို့ရတော့တာကိုး။
အိမ်သားက ကြက်ဆင်ကို အပ်လိုက်ချိန်မှာပဲ အိမ်သူက ‘ဟင် … လာပြန်ပြီလား ကြက်ဆင်တကောင်’ ဆိုတာနဲ့ စပါတယ်။ အိမ်သားကလည်း ‘အေးကွာ သူတို့တွေ ကျေးဇူးတော်အတွက် လက်ဆောင်က ကြက်ဆင်ကိုးကွာ။ ငါတို့ ကြိုက်တဲ့ ကြက်တို့ ၀က်တို့ ငါးသလောက်တို့ ငပိကောင်တို့မှ မဟုတ်တာကိုး’ လို့ ညီးညူပါတယ်။ ကျုပ် ကြက်ဆင်ခင်ဗျာ ခေါင်းနပမ်းကြီး သွားတာပါပဲ ခင်ဗျ။ သူတို့သာ ကြက်ဆင်သားကို စားတော်တည်တော် မမူဘဲ အဟောသိကံ လုပ်လိုက်လို့ကတော့ ကျုပ်အဖို့ ကြက်ဆင်နတ်ပြည်တက်ဖို့ လမ်းပျောက်ပြီး လူပြည့်မှာ မကျွတ်မလွတ် တ၀ဲလည်လည် ဖြစ်တော့မှာကိုး။ ဒါဟာ ကြက်ဆင်တို့အတွက် အပါယ်လမ်း ဖြစ်ပါတယ်။ ကျုပ်တို့ ကြက်ဆင်တွေအတွက် အလွန်မှ ကျက်သရေတုံးတဲ့ အဖြစ်ဆိုးပါ။
ကျုပ်တို့ ကြက်ဆင်တွေကလည်း သည်လိုမျိုး ကိုယ့်အသုံးတော်ခံရမယ့် အိမ်ရှင်တွေကို ကြိုတင်ရွေးချယ်ခွင့် မရှိတာကိုးလေ။ အခုကျတော့ ကြက်ဆင်ကို ကျေးဇူးတော်အောက်မေ့ဖို့ စနစ်တကျ မစီမံတတ်တဲ့ တပြည်သားအိမ်ရှင်တွေ လက်ထဲ ကျရောက်သွားရတော့ ကျုပ်ခင်ဗျာ အမေရိကန်မှာ အမေရိကန်စစ်စစ် ကြက်ဆင်များ သမဂ္ဂကနေ အမေရိကန်စစ်စစ် ကြက်ဆင်စားသုံးသူများလက်ထဲ ကျရောက်ရေး အဆိုတင်သွင်းပြီး အခြေခံဥပဒေကို ပြင်ဆင်ရရင် ကောင်းမလားလို့ အတွေးတောင် ပေါက်မိပါရဲ့။
အိမ်သူကတော့ ကျုပ် ကြက်ဆင် ရုပ်မပျက်ရအောင် သူတို့ ရေခဲသေတ္တာထဲက အအေးခန်းထဲကို ထည့်သွင်းထားလိုက်ပါတယ်။ သူတို့အအေးခန်းထဲမှာက သူတို့ဗမာတွေအကြိုက် ဟင်းလျာတွေ အသားတွေချည်းဆိုတော့ အားလုံးက အာရှသားတွေချည်းပဲခင်ဗျ။ ကျုပ်တို့ အမေရိကန်မှာ သည်ဗမာတွေ ရွှေ့ပြောင်းနေထိုင်တာ အလွန်ကြာပြီဆိုတော့ ကျုပ်အဖို့က မစိမ်းသော်လည်း ကျုပ်အဖြစ်က ဗမာတွေ မီးဖိုချောင်ထဲ ကျေးဇူးတော်ညစာအဖြစ် ဘယ်လိုမှ အသုံးတော်ခံခွင့် မရရင် နတ်ပြည်တက်ဖို့ ဘယ်လို လုပ်ရလေမလဲလို့သာ မျက်နှာမကောင်းဖြစ်ရတာပါ။
အာရှသားတွေအကြိုက် ကြက်ရိုးတို့၊ ကြက်သည်းမြစ်တို့၊ ၀က်ခေါင်း၊ ၀က်နားရွက်၊ ၀က်ကလီစာ၊ ၀က်လက်၊ ကြက်ခြေထောက်တို့ ငါးခူ ငါးမြစ်ခြင်း၊ ငါးရံ့တို့တတွေကတော့ ကျုပ်ကို ၀ိုင်း နားချပါတယ်။ မည်သို့ပင် ဖြစ်စေကာမူ ဗမာအိမ်ရှင်တို့၏ ကျေးဇူးတော်နေ့ ညစာမှာ ဘယ်ထောင့် ဘယ်နေရာကဖြစ်ဖြစ် ကျုပ် ကြက်ဆင်တကောင်အနေနဲ့ အသုံးတော် ခံခွင့်ရရေးသာ အဓိကကျတယ် ဆိုတဲ့အကြောင်း၊ ကြက်ဆင်တကောင်လုံး အစာသွတ်ပြီး အပေါင်းမခံရချင်နေပါစေ ညစာထဲက ဟင်းတခွက်ဖြစ်ခွင့်ရခဲ့ရင်လည်း ကြက်ဆင်နတ်ပြည်က လက်ခံအောင် သူတို့တွေ ဆန္ဒပြုလက်မှတ်တွေ စုထိုးပေးလိုက်မယ်ဆိုတဲ့အကြောင်း အားပေးပါတယ်။ ဒါနဲ့လည်း ကျုပ်ခင်ဗျာ ရင်နည်းနည်း အေးရတာပေါ့လေ။
မအေးရတာက အိမ်သူနဲ့ အိမ်သားပါ။ ကြက်ဆင်တကောင်ကို ဗမာနည်း ဗမာဟန် ဘယ်လို ချက်ပြုတ်ပြီး ကျေးဇူးတော်နေ့ ညစာအဖြစ် စားသုံးကြမလဲဆိုတာ ခေါင်းချင်း ရိုက်နေကြသံကို မီးဖိုချောင် အအေးခန်းထဲကနေ အတိုင်းသား ကြားနေရပါတယ်။ သူတို့ ဖေ့စ်ဘွတ်တွေ ယူကျုတွေက ဗမာမီးဖိုချောင် ၀က်ဆိုက်တွေ နွားဆိုက်တွေမှာကလည်း ကြက်ဆင်သား ဗမာတွေအကြိုက် ချက်ပြုတ်နည်းဆိုတာ တစက်ကလေးမှ မပါဘူးတဲ့။ အမေရိကန်တွေလို ကြက်ဆင်ကောင်လုံး ချက်ပြုတ်စားသောက်မယ်ဆိုရင် တမိသားစုလုံးက ညစာကို မစားဘဲ မက်ဒေါ်နယ်ကို ချီတက်ကြမယ်လို့ အိမ်သူတို့ရဲ့ သားသမီးတွေက အရေးဆိုနေကြပါတယ်။ တယ်ခက်တဲ့ အမေရိကန်ရောက် ဗမာမိသားစုတွေပါလားလို့ သက်ပြင်းမောများတောင် ချမိပါတယ်။
သူတို့တွေဟာ ကျုပ်လို ကြက်ဆင်တကောင် နတ်ပြည်အ၀င်လှနိုင်ရေးအတွက် အတော်ကို ခေါင်းမီးတောက်ပြီး ဗမာမိတ်ဆွေတွေဆီ ဖုန်းတွေဆက် မက်ဆင်ဂျာကနေ စကားပြောပြီး တိုင်ပင်ကြပါတယ်။ နောက်ဆုံးတော့ မိုးမခမီဒီယာက မီးဖိုချောင်ကဏ္ဍကို စာရေးနေတဲ့ စားတော်ကဲသာဂိဆီကို လှမ်းတိုင်ပင်ကြပါတယ်။ သာဂိက ဟင်းသာ မချက်တတ်တာ တောပြော တောင်ပြော အလွန်ပြောတတ်တယ်လို့ ဆိုပါတယ်။ ဗမာတွေ အမေရိကန်ဆန် အရေး၊ အမေရိကန်တွေ ဗမာဆန်ဖို့ အရေးတွေ ပြောဆိုလုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။ သည်တော့လည်း အိမ်ရှင်တွေ အားကိုးတာ မဆန်းသလို ကျုပ်လို မျက်စိလယ် လမ်းမှားသူ ကြက်ဆင်တကောင်ကလည်း အားကိုးမိတာ မမှားဖူး ဆိုရပါမယ်။
သာဂိဟောတဲ့ တရားက သည်လိုပါ။ ဗမာတွေဟာ အမေရိကန်ပြည်ကို ပြောင်းရွှေ့နေထိုင်ပြီးကတည်း သည်လို ပြသနာတွေ ရင်ဆိုင်နေကြ ဖြစ်ပါသတဲ့။ တချို့ဗမာတွေဟာ အမေရိကန်လုံးလုံး ဖြစ်ကုန်ကြတာမို့ သည်လိုမျိုး အခက်အခဲတော့ မရှိကြတော့ပါဘူး တဲ့။ သို့သော်လည်း တချို့ဗမာတွေကတော့ အမေရိကန်တပိုင်း ဗမာတပိုင်း ဖြစ်နေကြတာမို့ ကြက်ဆင်တွေက ဗမာတွေကို လက်မခံနိုင်၊ ဗမာတွေကလည်း ကြက်ဆင်ကို ဘာလုပ်ရမယ် မသိ ဖြစ်ကြရပါသတဲ့။ တကယ်တန်းကတော့ အမေရိကန်ပြည်ကြီးဟာ နိုင်ငံတကာ ဟင်းပေါင်းအိုးကြီး၊ အားလုံး ရောကြိုစပ်ပေါင်း စုပေါင်းရာ melting pot ကြီး ဖြစ်တာမို့ ကြက်ဆင်ကော ကြက်သားငပိချက်ကောဟာ အားလုံး သာတူညီမျှ စုပေါင်း တန်းတူ နေထိုင် ပျော်ရွှင်ကြရမှာ ဖြစ်ပါသတဲ့။ ဒါကြောင့်မို့ အမေရိကန်တွေရဲ့ လက်ဆောင် ကျေးဇူးတော်နေ့ အထိမ်းအမှတ် ကြက်ဆင်ကို ဗမာတွေက လက်သင့်ခံပြီး ငြိမ်းချမ်းစွာ အတူတကွ နေထိုင်နိုင်ဖို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ စီစဉ်ကြရမယ်၊ စဉ်းစားကြပါလို့ တိုက်တွန်းရင်း စာတော်ကဲသာဂိက မိန့်ခွန်းကို နိဂုံးချုပ်လိုက်ပါသဗျ။
ကျုပ်တို့ ကြက်ဆင်နဲ့ ရေခဲသေတ္တာထဲက ဗမာ့ဘက်တော်သား အသားကောင်တွေကလည်း အားတွေ တက်ပြီး အိမ်ရှင်လင်မယားရဲ့ မျက်နှာတွေကို အားကိုးတကြီး မျှော်ကြည့်နေမိကြတာပေါ့။ အိမ်သားကလည်း အကြံခက်ဟန် မျက်နှာကို အောက်စိုက်လို့၊ အိမ်သူကလည်း အကြံနက်နေဟန် မျက်မှောက်ကြုတ်ပြီး အတွေးနယ်ချဲ့လို့၊ ကလေးတွေနဲ့ သူတို့ ကြောင်တွေ ခွေးတွေကလည်း တီဗီရှေ့က ဆိုဖာမှာ စုဝေးထိုင်လို့ ဗိုက်ဟောင်းလောင်းကို လက်ပိုက်ပြီး ဖိလို့ ငေးနေကြသဗျ။
သိပ်မကြာခင်မှာပဲ … ငါတို့ ဗမာတွေ ကြံလိုက်ရင် နံရံတောင် တုတ်ခနောင်းဖြစ်သေးတာပဲ ဆိုတဲ့ အသံနဲ့အတူ သူတို့တတွေ ဥာဏ်အလင်းတွေ ပွင့်ကုန်ကြပါတယ်။ အဲသည်နောက်မှာ ကျုပ်ကြက်ဆင်ကြီးကို တစစီ အသားတွေ နွှင်ပြီး ကြက်ရိုးမိတ်ဆွေတွေနဲ့ပေါင်း၊ အုန်းနို့တွေနဲ့ရောကြိုလို့ ဗမာတွေ အကြိုက် အုန်းနို့ခေါက်ဆွဲအိုးကြီး ချက်ပစ်လိုက်ကြတော့တာပါပဲ။ ကျန်တဲ့ အသားမျှင်တွေကို ငပိတွေ၊ ငရုတ်သီးတွေ၊ ပုဇွန်ခြောက်တွေနဲ့ ရောနယ်ပြီးတော့ ကြက်ဆင်ငပိကြော် ချက်ကြပြန်သေးသဗျ။ ကျုပ်ခင်ဗျာ ဗမာတွေမီးဖိုချောင်ထဲမှာ ကျေးဇူးတော်နေ့ ညစာစားပွဲအတွက် ဗမာနည်းဗမာဟန်နဲ့ ကြက်ဆင်လူရာဝင်ခွင့် လိုက်ရလို့ ၀မ်းသာလွန်းလို့ မျက်ရည်များတောင် လည်မိပါသေးတယ်ခင်ဗျာ။
သည်လိုနဲ့ ကျေးဇူတော်နေ့ရဲ့ ညသန်းကောင်ကို ရောက်၊ ကျုပ်ရဲ့ ကြက်ဆင်ရုပ်ကလာပ်ကြီးလည်း ဗမာဟင်းလျာများအဖြစ် အသွင်ပြောင်းရာက သူတို့ ၀မ်းဗိုက်တွေထဲ အဟာရအဖြစ် ပြောင်းလဲ ကွယ်ပျောက်သွားချိန်အပြီးမှာ ကျုပ်ရဲ့ ကြက်ဆင်တို့တာဝန် ကျေးဇူးတော်ညစာ အဖြစ် ကျေပွန်ပြီမို့ ကောင်းကင်ယံထက်က ကြက်ဆင်ဂိတ်ကို ချီတက်ဖို့ အချိန် ရောက်ဆိုက်ပါတော့တယ်။
ကျုပ်လည်း နတ်ပြည်က ကြက်ဆင်ဂိတ်ကို ခပ်သွက်သွက်လေး လှမ်းလာရင်း ကိုယ့်အဖြစ်ထူးပုံကို အတွေးနယ်ချဲ့မိပါတယ်။ ငါတို့ အမေရိကန်ကြက်ဆင်တွေဟာ အမေရိကန်ကျေးဇူးတော် ကြက်ဆင်ဟင်းလျာ တမျိုး တပုံစံတည်းကနေ ခွဲဖြာထွက်လို့ အမေရိကန်ရောက် လူမျိုးပေါင်းစုံရဲ့ အဖုံဖုံသော ကျေးဇူးတော် ဟင်းလျာများအဖြစ် အသုံးတော် ခံကြရဖို့ အချိန်ရောက်နေပြီ ဆိုပါလား ဆိုတာပါ။ ကြက်ဆင်ဂိတ်က စိန့်ပီတာလည်း သည်လိုမျိုး တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ခဲ့ကြသူ အမျိုး ဘာသာစုံတဲ့ အိမ်များက ကြက်ဆင်တွေကို ကြက်ဆင်နတ်ပြည်မှာ သာတူညီမျှ အသိအမှတ်ပြု ချီးမြှောက်ကြရတော့မယ် ဆိုတာပါ။
ရှေ့က ရောက်နှင့်နေတဲ့ ကြက်ဆင်တွေကတော့ သူတို့အသုံးတော် ခံခဲ့ရတဲ့ ကြက်ဆင်ဟင်းလျာများအကြောင်း အချင်းချင်း သတင်းမျှဝေ စီစီညံညံ ပြောဆိုနေကြပါတယ်။ ဂုဏ်ယူဝင့်ကြွားစွာနဲ့ပေါ့ ခင်ဗျာ။ အမေရိကန်နည်း အမေရိကန်ဟန် ဟင်းချက်နည်းများနဲ့ စီမံခြင်း ခံခဲ့ရသူ ကြက်ဆင်တွေကြားထဲမှာ ဗမာအိမ်က ပြန်လာသူ ကျုပ်ကတော့ အများနဲ့ မတူတဲ့ ကြက်ဆင်ဟင်းလျာ ဖောက်ထွက် ချက်ပြုတ်မှုကို အားပါးတရ ဖောက်သည်ချလိုက်ပါသဗျား။
ဟိတ် !!! ကျုပ်ကတော့ ကြက်ဆင်အုန်းနို့ခေါက်ဆွဲ နဲ့ ငပိကြော်ချက် တဲ့ ကွ လို့ …
ကဲ ဗမာပရိသတ်ကြီးအတွက် အမေရိကန် ကြက်ဆင်တကောင်ရဲ့ ကျေးဇူးတော်နေ့ အမှတ်တရ မေတ္တာစာပါ။ သာဓုခေါ်ချင် ခေါ်နိုင်ကြပါပြီ။