ဓာတ်ပုံ – ရန်နောင်(ဗိုလ်တထောင်) |
စောဝေ ? သတိရခြင်းတွေ ပွင့်တယ်
(မိုးမခ) နိုဝင်ဘာ ၁၉၊ ၂၀၁၆
ယက်လုပ်စိုက်ပျိုးခဲ့သမျှ
ကမ္ဘာကြီးအတွက် ဆိုတာနဲ့
သေဆုံးသူကို
ရှင်သူတွေအားလုံးက
ပန်းတွေ ပန်းတွေလိုဘဲ
သတိရခြင်းတွေ ပွင့်တယ်။
သမိုင်းလို့ ပြောမိတာနဲ့
ကောင်းခြင်းဆိုးခြင်းဆိုတဲ့ သံသရာမှာ
အယိမ်းအယိုင်မရှိ
တည်တံ့မြဲမြံတဲ့ ဖြစ်ခြင်းမှာ
သတိရခြင်းတွေ ပွင့်တယ်။
အူဝဲဆိုတဲ့ ငိုသံဟာ
တေးသွားတစအဖြစ်
လောကကြီးကို နှုတ်ဆက်ချိန်မှ
ရင့်ရော်ကြွေလွင့်လုထိ
မခမ်းတဲ့အမြဲမြစ် အမေဆိုတာကို
သတိရခြင်းတွေ ပွင့်တယ်။
ချီးမြှင့်မြှောက်စား
ဂုဏ်ပြုကြိုဆို
ဆုတွေ ချိတ်ခံရချိန်မှာ
နှလုံးသားကိုဆတ်ခနဲ
အပ်ချွန်နဲ့ ထိုးလိုက်သလို
တောထဲ တောင်ထဲမှာ
ခြွေချခံလိုက်ရတဲ့
ရဲဘော်ရဲဘက်တွေကို
သတိရခြင်းတွေ ပွင့်တယ်။
အရှေ့အနောက်
တောင်မြောက်
ကမ္ဘာကြီးကို လျှောက်ကြည့်တော့
ကိုလံဗတ်၊ ဗာစကိုဒဂါးမားနဲ့
ကနောင်မင်းသားကြီးကို
သတိရခြင်းတွေ ပွင့်တယ်။
စူပါမွန်းဖြစ်စဉ်ကြီးထဲ
ညလေးတည
လသာတာလေးကို ငေးပြီး
ဘာစကားမှ မပြောဘဲ
အင်းယားကန်ဘောင်မှာ
ထိုင်ခဲ့ကြတဲ့ သူ့ကို
သတိရခြင်းတွေ ပွင့်တယ်။
ဖေ့ဘွတ်ဆိုတဲ့ လူမှုကွန်ယက်ပေါ်
ကိုယ့်ကိုယ်တင်တဲ့ ဆယ်လီတွေက
ဇာတ်လမ်းတွေဆင်
ဇာတ်လမ်းတွေလုပ်
ချစ်ကြိုက်ကွဲညား အဟောင်းကြီးနဲ့
ဖျော်ဖြေရေးစစ်ခင်းနေကြ
နှလုံးသားစစ်စစ်နဲ့
လူသားတွေကို အနုပညာနဲ့ခင်းကျင်း
ကမ္ဘာ့ရွာမှာ
လှုပ်ခတ်ပြန့်ကားနေတဲ့အသံတွေထဲ
ဂီတအနုပညာကို ရှာမိတော့
အဉ္ဖလီမောင်မောင်
ကိုရဲလွင်
ခင်ဝမ်း
ကိုအောင်ဝင်း
ကေမြိုး
ခင်မောင်တိုး
မိုးမခပင်တွေ တို့သက်သေတည်
စိမ်းယဉ်သော အေးမြကန်သာမြေ
ရိုးမတောင်ခြေ ရင်ဝယ်အလှသစ္စာတည်
ငြိမ်းအေးစေ
သတိရခြင်းတွေ ပွင့်စေ
သတိရခြင်းတွေ ပွင့်တယ်
သ တိ ရ ခြင်း တွေ ပွင့်တယ်။ ။
စောဝေ