International News

ရီပတ်ဘလစ်ကန်အောက်လွှတ်တော်က အစိုးရငွေချေးခွင့် တိုးမြှင့်ပေးမည်ဟု ဆိုပြန်

 ရီပတ်ဘလစ်ကန်အောက်လွှတ်တော်က အစိုးရငွေချေးခွင့် တိုးမြှင့်ပေးမည်ဟု ဆိုပြန်
မိုးမခသတင်းကောက်နုတ်ချက်၊ အောက်တိုဘာ ၁၁၊ ၂၀၁၃
အောက်တိုဘာ ၁၂၊ ၀ါရှင်တန်ဒီစီ၊ နေ့ခင်းက အောက်လွှတ်တော် လူများစုပါတီ ရီပတ်ဘလစ်ကန်အမတ် ခေါင်းဆောင်အုပ်စု ၁၈ဦးက အိမ်ဖြူတော်မှာ ဒီမိုကရက်သမ္မတ အိုဘားမားနဲ့ တခါးပိတ်ဆွေးနွေးပြီး လက်ရှိ ဘတ်ဂျက်နဲ့ အကြွေးတိုးယူခွင့် အကြပ်အတည်းကို ဆွေးနွေးခဲ့ကြပါတယ်။ အောက်တိုဘာ ၁ မှာ အောက်လွှတ်တော်က အစိုးရကို အသုံးစာရိတ် ဘတ်ဂျက် ချမပေးလို့ government shutdown လို့ ခေါ်တဲ့ အစိုးရရပ်ဆိုင်းခြင်း ဖြစ်နေဆဲ၊ လာမယ့် အောက်တိုဘာ ၁၇၊ အစိုးရရဲ့ debt ceiling (အကြွေးတိုးမြှင့်ခွင့်) အရေးကလည်း ရှိနေပါတယ်။ အခုဆွေးနွေးပွဲမှာ ရီပတ်ဘလစ်ကန်တွေက အစိုးရဘတ်ဂျက် ပြန်ချပေးတာကို အဓိကမထားဘဲ လာမယ့်အကြွေးတိုးမြှင့် သုံးစွဲခွင့်ကို နိုဝင်ဘာ လကုန်အထိ ယာယီသက်တမ်းတိုးပေးမယ်လို့ အဆိုပြုမယ်လို့ ဆိုပါတယ်။
          အစိုးရဘတ်ဂျက်ဆိုတာက နိုင်ငံတော်က ၀န်ထမ်းတွေ၊ အလုပ်တွေ နေ့စဉ်လည်ပတ်နေဖို့အတွက် အသုံးစာရိတ်ဖြစ်ပါတယ်။ အဲသည်အစိုးရဘတ်ဂျက်မရလို့ အစိုးရ၀န်ထမ်းတွေ၊ ပန်းခြံ၊ ပြတိုက်၊ သစ်တောဥယျဉ်တွေ၊ အစိုးရလုပ်ငန်းတွေ၊ တစိတ်တပိုင်းရပ်ဆိုင်းရတာ ဖြစ်ပါတယ်။ စစ်တပ်နဲ့ စစ်ဆင်ရေးတွေ၊ စစ်မှုထမ်းဟောင်းတွေ၊ ကျဆုံးသူစစ်သားတွေအတွက် စာရိတ်တွေလည်း ရေရှည်မှာ ထိခိုက်မှာပါ။ လူမှုဖူလုံရေး အထောက်အပံ့တွေ၊ ကလေးတွေ မိခင်တွေ၊ အလုပ်လက်မဲ့တွေ၊ သက်ကြီးရွယ်အိုတွေအတွက် အကူအညီတွေလည်း ဖြတ်တောက်ခံထားရပါတယ်။ အခု အဲသည် ဘတ်ဂျက်ကို ပြန်ချပေးဖို့အရေး အောက်လွှတ်တော်က သူတို့မနှစ်သက်တဲ့ အိုဘားမားကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကို ရုတ်သိမ်းရန်၊ ပြင်ဆင်ရန် အကြပ်ကိုင် တောင်းဆိုတာကြောင့် ပြသနာတွေဖြစ်ပြီး အခုလို အစိုးရရပ်ဆိုင်းမှု ဖြစ်နေပါတယ်။
          အခု အောက်လွှတ်တော်ရီပတ်ဘလစ်ကန်တွေက ဘတ်ဂျက်သဘောတူညီချက်ကို ရယူဖို့ မကြိုးစားသေးဘဲ လာမယ့်နောက်ပြသနာဖြစ်တဲ့ အစိုးရငွေချေးခွင့် တိုးမြှင့်ဖို့ကို ဆက်လက်ကိုင်တွယ်ဖို့ အိုဘားမားအစိုးရနဲ့ ဆွေးနွေးကြတာ ဖြစ်ပါတယ်။ သူတို့ပြောတာအရ အစိုးရက လိုငွေတွေပြပြီး တိုင်းပြည်ကို အုပ်ချုပ်နေတယ်။ ဒါတွေကို ဖြေရှင်းမှ ဖြစ်မယ်။ အဲသည်အတွက် အစိုးရက လိုငွေလျော့ချဖို့ အရေးယူမှု စီမံချက်တွေ ချမှတ်ရမယ်။ လိုငွေတွေကို ချေးသုံးနေရင် (ဥပမာ ငွေစက္ကူတွေ တိုးရိုက်၊ ငွေချေးစာချုပ်တွေ အသစ်ထုတ်ရောင်း) ဒါကို အနာဂတ်မှာ ပြန်မဆပ်နိုင်ဘဲ နိုင်ငံတော် စီးပွားပျက်ကပ်ဆိုက်မယ်လို့ ဝေဖန်နေကြတာ ဖြစ်ပါတယ်။
အိုဘားမား ပြောတာကတော့ လိုငွေပြတယ်ဆိုတာက အတိတ်ကာလကတည်းက သတ်မှတ်ထားတဲ့ အသုံးစာရိတ်တွေ၊ အတိုးတွေကို ပေးမယ့်ကတိအတိုင်း ပေးနေရတယ်၊ လက်ရှိအမေရိကန်စီးပွားကျနေလို့ အစိုးရမှာ အခွန်အကောက် အကျိုးအမြတ်မရှိ ဖြစ်နေတယ်၊ ဒါကြောင့် လိုငွေတွေ ပေးနိုင်ဖို့ အကြွေးယူခွင့်ကို တိုးနေရတာဖြစ်တယ်၊ ရီပတ်ဘလစ်ကန်တွေက အစိုးရကို အခွန်တိုးကောက်ခွင့်တော့ မပေးဘူး၊ လိုငွေပြနေတာကို ဖြတ်တောက်ဖို့ဘဲ ပြောနေတယ်လို့ တုန့်ပြန်ခဲ့ဖူးပါတယ်။
အခုအချိန်မှာတော့ အိုဘားမားနဲ့ ရီပတ်ဘလစ်ကန်အောက်လွှတ်တော်အမတ်ခေါင်းဆောင်တွေ ဆွေးနွေးပွဲဟာ အကျိုးရှိမယ်လို့ မျှော်လင့်နေကြပါတယ်။ အောက်လွှတ်တော်က ယာယီ အကြွေးမျက်နှာကျက် မြှင့်ပေးရင် (Debt Ceiling) အစိုးရက ပေးစရာရှိတဲ့ ပေးချေမှုတွေကို ပြည်တွင်း ပြည်ပက မြီရှင်တွေ၊ ရင်းနှီးမြုတ်နှံသူတွေ၊ အစိုးရတွေ၊ အဖွဲ့အစည်းတွေကြားမှာ မျက်နှာမပျက်လုပ်နိုင်ပါမယ်။ နောက်တဆင့် အောက်လွှတ်တော်က အလိုရှိနေတဲ့ အစိုးရဘတ်ဂျက်ဆိုင်ရာ အသုံးစာရိတ်ကျဆင်းဖို့ ရေရှည်စီမံကိန်းတွေ ပြုပြင်ရေးတွေ ဆွေးနွေးညှိနှိုင်းနိုင်ရင်တော့ အစိုးရဘတ်ဂျက်ပြန်ပွင့်မယ့် သဘောရှိတယ်လို့ မျှော်လင့်နေကြပါတယ်။
အမေရိကန်အစိုးရ အသုံးစာရိတ်က ၃.၈ ထရီလျံ၊ အစိုးရ၀င်ငွေက ၂.၉ ထရီလျံ ဆိုတော့ လိုငွေက ၉၀၁ ဘီလျံ ရှိပါတယ်။ အမေရိကန်ရဲ့ အကြွေးယူသုံးစွဲနေမှုက စုစုပေါင်း ၁၆.၇ ထရီလျံ ရှိပါတယ်။ ဒီအကြွေးက အစိုးရအဆက်ဆက်က သူတို့အစိုးရအလုပ်တွေ၊ စစ်ပွဲတွေ၊ စီမံကိန်းတွေ အကောင်အထည်ဖော်တဲ့နေရာမှာ အကြွေးနဲ့ ထုတ်သုံးစွဲမှု အဆင့်ဆင့်ပေါင်းလဒ်ဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts