ယောဟန်အောင် – ဆေးမှူးကလေးရဲ့ ပြောပြချက်
(မိုးမခ) နိုဝင်ဘာ ၁၊ ၂၀၁၆
ငါ ငိုကြွေးပြီကောင်လေး…
ဆေးမှူးလေးရေ
စစ်ပွဲနံ့တွေရနေတယ်…။
တိမ်တွေဟာ သူ့မိုးစက်တွေကို
သိမ်းလိုပါလျက် စွန့်ရသလို
ဝါထိန်စိုပြေ တောင်ယာတွေ
ငါတို့စွန့်ရလေတော့မယ်။
တောကောင်တွေ
ရွာမှာဝင်နေ၊ သေဆုံးတဲ့ရွာ
တေးသံပျောက်ဆုံး
မီးခိုးပျောက်ဆုံး
ကျောက်တုံးတွေတောင် သေနေသလို…။
ပုရစ်ကောက်သလို
ပုန်းတဲတွေ ဖြိုခံရလေတော့မယ်။
တချို့တလေလဲ
တသီတတွဲကြီး ဖမ်းခံရ
ပြန်တွေ့ကြတော့မှာ မဟုတ်ဘူး…။
တောင်ကျချောင်းရေကြမ်းတာမျိုး
အဆိုးရွားဆုံး သက်တမ်းတချိန်
အို …ကျိန်စာတော်
သားရဲတွင်းကို ဖန်ဆင်းတော်မူတယ်..။
ငါတို့ရဲ့ မျှော်လင့်ခြင်းတွေ
ဆုတောင်းအပ်နှင်းနိုင်တဲ့
ဘုရားကျောင်းတွေ
မီးထဲ လဲလျောင်းခဲ့ရ
ပြာဟောင်းမြေမှာ မြက်ထောင်းထောင်းထ
ဆာလောင်တဲ့အခါကျမှ
ဗိုက်ဝတဲ့ကျေးဇူးတော်ကို ကြည်နူးရတယ်..။
ဘုရားသခင်ဟာ ဘယ်တော့မှ မအိပ်ဘူး
သူမြင်တယ်။
ကညင်ဆီ မီးတုတ်လို
ထူးခြားထွန်းလင်းတဲ့
ကြီးမားအားရှိတဲ့ ဘုရားသခင်
ငါထင်တယ်..
အခုတော့ သူအလုပ်များနေတယ်။
မိုးကျမှ
မျက်နှာပြရတဲ့ မှိုပွင့်များလို
ငါတို့ရွာပုန်းတွေ
ဘယ်ရာသီအထိ ခိုရမလဲ။
လင်းနို့ငှက်တွေ အိပ်တန်းတက်သလို
ဘယ်ခါ အိမ်ကိုပြန်ရမလဲ။
စစ်ပွဲပြီးတဲ့အခါ
ပြန်လည်ရှင်သန်ခြင်းရွာ
တခါ ဖန်ဆင်းပါလိမ့်မယ်။
နားစွင့်စမ်း ကောင်လေး…
အဲဒါဟာ
ကျွဲချိုမှုတ်တဲ့ တေးသံထင်တယ်….။
ယောဟန်အောင်
၁၉၉၇ နိုဝင်ဘာ ၁၁။