(မိုးမခ) အောက်တိုဘာ ၂၉၊ ၂၀၁၆
ဖေဖေရဲ့ပြည်တွင်းမြေပေါ်နိုင်ငံရေးလှုပ်ရှားမှုအဖြစ်လုပ်ဆောင်မှုတွေထဲမှာ အကျော်ကြားဆုံးနဲ့ အထိရောက်ဆုံးလုပ်ငန်းက တော့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းပါပဲ။ ဖေဖေကိုယ်တိုင်လည်း ဒီလှုပ်ရှားမှုကာလတွေအတွင်း လူရော စိတ်ပါ အတော် ပင်ပန်းရပေမဲ့ ပျော်တော့ပျော်တယ်…လို့ ပြောခဲ့ဖူးပါတယ်။
ဖေဖေ က ၁၉၅၈ ခုနှစ်လောက်ကစပြီး ဆရာကြီးမှိုင်းရဲ့ ပြည်တွင်းငြိမ်းချမ်းရေး ရှစ်ဦးကော်မတီနဲ့ပူးပေါင်းပြီး စတင်လှုပ်ရှားပါ တယ်။ ဒါပေမဲ့ ၁၉၅၈-အောက်တိုဘာမှာ ဗိုလ်နေ၀င်းရဲ့ (စစ်အာဏာသိမ်း) အိမ်စောင့်အစိုးရပေါ်ပေါက်လာပြီး လှုပ်ရှားမှုတွေ ခက်ခဲလာတဲ့အတွက် အဲဒီ ရှစ်ဦးကော်မတီကို ဖျက်သိမ်းလိုက်ရပါတယ်။ ၁၉၆၀ ခုနှစ်-ရွေးကောက်ပွဲများအပြီး ဦးနုရဲ့ သန့် ရှင်းအစိုးရတက်လာပြီးမှ ဖေဖေတို့ပြန်ပြီးလှုပ်ရှားနိုင်ပါတော့တယ်။ အဲဒီကာလမှာ ဆရာကြီးမှိုင်း မျက်စိတိမ်ခွဲဖို့ အရှေ့ဂျာမ ဏီကိုသွားခဲ့ရပြီး ပြန်လာတော့လည်း အသက်အရွယ်အရ သိပ်မလှုပ်ရှားနိုင်တော့လို့ ဖေဖေနဲ့ တခြားပုဂွိုလ်များပဲ ဒိုင်ခံလုပ် ဆောင်ကြရပါတော့တယ်။
ဝန်ကြီးချုပ်ဦးနုကိုယ်တိုင်လည်း ပြည်တွင်းစစ်ရှည်ကြာလေ စစ်တပ်သြဇာကြီးလေဖြစ်မှန်းသိလို့ ငြိမ်းချမ်းရေးလုပ်ငန်းဖက် လှည့်လာပါတယ်။ ဦးနုက ပါလီမန်မှာပေးတဲ့မိန့်ခွန်းမှာ ငြိမ်းချမ်းရေးအတွက်ကမ်းလှမ်းချက်အသစ်တွေပါလာလို့ ဖေဖေတို့ က ဒါကိုအခွင့်ကောင်းယူပြီး ပြည်တွင်း ငြိမ်းချမ်းရေးအဖွဲ့ ဒုတိယအကြိမ်အဖြစ်ဖွဲ့ဖို့ ပြင်ဆင်လှုပ်ရှားပါတော့တယ်။
အဲသလိုပြင်ဆင်နေစဉ်မှာပဲ တခြားအမျိုးသားရေး ပြဿနာတရပ်ပေါ်လာပါတယ်။ အဲဒါကတော့ တပ်မတော်ရဲ့-နောက်တ ကြိမ်-တရုတ်ဖြူကျူးကျော်မှုကိုတိုက်တဲ့ မဲခေါင်စစ်ဆင်ရေးအတွင်း အမေရိကန်အကူအညီ အထောက်အပံ့များကို သိမ်း ဆည်းမိတဲ့ကိစ္စ၊ လေတပ်က လေသူရဲ ဗိုလ်ပီတာကျဆုံးတဲ့ကိစ္စ စတာတွေကြောင့် ပြည်သူလူထုအကြား အမေရိကန်ဆန့်ကျင် ရေးလှုပ်ရှားမှု တွေပေါ်ပေါက်လာပြီး အမေရိကန်သံရုံးရှေ့ဆန္ဒပြမှုများလည်း ပေါ်လာပါတယ်။
အဲဒီလူထုလှုပ်ရှားမှုကိုအခြေခံပြီးရန်ကုန်မြို့တွင်းရှိ နိုင်ငံရေးပါတီများ၊ ကျောင်းသား အဖွဲ့ အစည်းများ၊ ၁၉၆၁-ဖေဖော်ဝါရီ(၂၇)ရက်နေ့မှာ စုရုံးတိုင်ပင်ဆွေးနွေးကြပြီး “ဗမာပြည်တရုတ်ဖြူ ကျူးကျော်မှုနှင့် နယ်ချဲ့ဆန့်ကျင်ရေးအမျိုးသားကော်မတီကြီး” ကိုဖွဲ့စည်းကြပြီး ဖေဖေ့ကို ဥက္ကဋ္ဌအဖြစ် တင်မြှောက်လိုက်ကြပါတယ်။ အဲဒီအဖွဲ့မှာ အလွှာစုံကပုဂ္ဂိုလ်စုံ ပါဝင်တာဖြစ်လို့ စာ ရေး ဆရာ၊ ဂီတစာဆို၊ သတင်းစာဆရာ၊ အမျိုးသမီးခေါင်းဆောင်၊ရှေ့နေ၊ ရဟန်းသံဃာ.. စသဖြင့် အတော့်ကို စုံလင်ပါတယ်။ ဒီလုပ်ငန်းဟာ နယ်ချဲ့ဆန့်ကျင်ရေးအခြေခံဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းအတွက်လည်း အထောက်အကူဖြစ်နေပါ တယ်။ အဲဒီအဖွဲ့ရဲ့ရုံးကို ကျွန်မတို့ရဲ့စမ်းချောင်း ဆီဆုံလမ်း (၃၆) မှာ ထားလိုက်ပါတယ်။
တခါ ၁၉၆၁ မတ်လ (၉) ရက်နေ့မှာ ပြည်တွင်းငြိမ်းချမ်းရေး ဒုတိယအဖွဲ့ကိုဖွဲ့စည်းခဲ့ပြီး ဆရာကြီးမှိုင်းက ဥက္ကဋ္ဌ၊ ဖေဖေကဒုဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ကြပါတယ်။ ဆရာကြီးမှိုင်းဟာ အဲဒီအချိန် အသက် (၈၀) ကျော်ပြီး၊ ကျန်းမာရေးကလည်း အတော်ချူချာလာပြီဖြစ်လို့ အဲဒီပြည်တွင်း ငြိမ်းချမ်းရေးအဖွဲ့ရဲ့ရုံးကိုလည်း ကျွန်မတို့ဆီဆုံလမ်းအိမ်မှာပဲထားလိုက်ပါတော့တယ်။
တကယ်တော့ အဲဒီအဖွဲ့ (၂) ဖွဲ့လုံးရဲ့လုပ်ငန်းရပ်ဆိုင်ရာအခြေခံများမှာရော၊ ပါဝင်လုပ်ဆောင်နေကြသူများရော အတူတူနီးပါး လောက်ရှိနေလို့ နောက်ပိုင်းလှုပ်ရှားမှုများမှာ တဖွဲ့တည်းလိုပဲ သဘောထားပြီး လှုပ်ရှားလာခဲ့ကြတယ်….လို့ ဖေဖေက သူရဲ့ စာအုပ်မှာ ရေးထားပါတယ်။
၁၉၆၁-နှစ်ဆန်းပိုင်း (ဖေဖေည်ဝါရီ) ကစလို့ ၁၉၆၂- မတ်လ ၁ ရက်နေ့ညအထိ (အာဏာသိမ်းတဲ့ည) ဖေဖေတို့တတွေ ရန်ကုန်မြို့ ရပ်ကွက်အသီးသီးကိုရော နယ်အသီးသီးကိုရော မရပ်မနား သွားလာပြီး စည်းရုံးဟောပြောကြပြည်တွင်းငြိမ်း ချမ်း ရေးအဖွဲ့ခွဲတွေ ဖွဲ့ပေးကြနဲ့ လှုပ်ရှားကြပါတော့တယ်။
နယ်မြို့တွေကဖိတ်ရာမှာ ပထမဆုံးကတော့ မြစ်ဝကျွန်းပေါ်ဒေသ (ပုသိမ်ခရိုင်) ကပါ။ ပုသိမ်၊ မအူပင်၊ ကျိုက်လတ်၊ ဖျာပုံ၊ ဘိုကလေး၊ ဇလွန် ..စတဲ့မြို့များ၊ ပဲခူးတိုင်းအတွင်းက မြို့ အတော်များများ (ပဲခူး၊ ပြည်၊ ပေါင်းတည်၊ ရွှေတောင်၊ ကြို့ပင် ကောက်၊ မင်းလှ၊ လက်ပံတန်း၊ သာယာဝတီ) စတဲ့မြို့များ၊ မန္တလေးတိုင်းအတွင်းက မန္တလေး၊ ကျောက်ဆည်၊ မြင်းခြံ၊ သာစည်၊ ပျော်ဘွယ်၊ ရမည်းသင်း၊ စတဲ့မြို့များ၊ မော်လမြိုင်၊ ထားဝယ်၊ မြိတ် စတဲ့မြို့များ…ဗမာပြည်အနှံ့ ဖေဖေတို့ သွားခဲ့ကြရပါတယ်။
ဖေဖေတို့ရဲ့ည လူထုတရားဟောပွဲတွေဟာ တခါတရံ လူထုဆန္ဒပြပွဲကြီးတွေလိုဖြစ်သွားတတ်ပြီး ဟောပြောပွဲတွေအပြီး ကြွေးကြော်သံတွေတိုင်ကြ သီချင်းတွေဆိုကြနဲ့ အတော်စည်ကားပါတယ်။ အထူးသဖြင့် ရန်ကုန်မှာပြုလုပ်တဲ့ပွဲတွေမှာပါ။ အဆိုတော်မြတ်လေးဦးစီးပြီး တီးဝိုင်းအဖွဲ့တွေ ပါ ပါတတ်ပါတယ်။
နယ်မြို့တွေကလည်း ကမ်းလုံးညွှတ်မြို့လုံးကျွတ် ကြိုဆိုကြပြီးဖေဖေတို့ကို မြို့လယ်လမ်းမ တလျှောက် လမ်းလျှောက်ခိုင်းပြီး အုန်းအုန်းကျွက်ကျွက် နှုတ်ဆက်ကြပါတယ်။
ဖေဖေက အဲသလိုခရီးမျိုးတွေမှာ-အနှစ်သက်ဆုံး အလုပ်တခု (၀ါ) အချိန်တချိန်ရှိခဲ့ပါတယ်။
ဖေဖေတို့ညပိုင်းဟောပြောပွဲများပြီးသွားရင် တချို့ရွာတွေကလာကြရတဲ့သူများဟာ မပြန်ကြပဲ၊ ဖေဖေတို့နဲ့တွေ့ဆုံခွင့်တောင်း ပြီး သူတို့ရဲ့အခက်အခဲပြဿနာများကို တင်ပြပြောဆိုတတ်ကြပါတယ်။ တခါတရံ မိုးတောင်လင်းသွားတတ်တယ်…တဲ့။ အိမ်စောင့်အစိုးရလက်ထက် မတော်မတဲ့ ဖြစ်ရပ်တွေလည်းပါသတဲ့။ အဲဒီလို ဆွေးနွေးပွဲလေးတွေအကြောင်း ဖေဖေက သူစာအုပ်ထဲမှာရေးထားပုံလေးကြည့်ပါအုံး။
“ကျွန်တော်သည် ဤညပိုင်းဆွေးနွေးပွဲများကို အလွန်ပင်သဘောကျခဲ့ပါသည်။ နယ်ပြည်သူ လူထုနှင့်ကျွန်တော် ပထမဆုံး အကြိမ် ရင်းနှီးစွာနီးကပ်စွာ တွေ့ဆုံထိတွေ့ခဲ့ရပါသည်။ ဤလိုမျိုး ပြည်သူလူထု၏ယုံကြည်ရင်းနှီးမှုအပြည့်ဖြင့် မိမိအား သူတို့ စိတ်ဆန္ဒခံစားချက်များကို ဖွင့်ဟပြောဆိုခြင်းခံရသော မည်သည့်မျိုးချစ်ပြည်ချစ်ပုဂ္ဂိုလ်မဆို ထိုပြည်သူလူထုကြီးကို မေ့ ပျောက်နိုင်ခြင်းလည်း မရှိ၊ သူတို့၏ ဆင်းရဲဒုက္ခကိုဖြေရှင်းပေးလိုစိတ် စာနာစိတ်ကိုလည်း မေ့ပျောက်နိုင်ခြင်းမရှိဘဲ ထိုပြည် သူများအတွက် ဘာဘဲပေးဆပ်ရပေးဆပ်ရပေးဆပ်ချင်သည့် သန္နိဋ္ဌာန်မှာ ပိုမိုခိုင်မာလာပါတော့သည်။
ပြည်သူလူထုသည် ဤမျှပင် အစွမ်းထက်ပါသည်။” …တဲ့။
(ဗိုလ်မှူးချုပ်ကျော်ဇော-ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့။(ဖြိုးမောက်သာစာပေ။)၂၀၁၂။နှာ ၂၄၅။)
ဒါ့အပြင် ဖေဖေက သူတို့ကိုပြည်သူလူထုက ဘာကြောင့် ဒီလောက်ထောက်ခံရတာလဲဆိုတာကိုလည်း ဆက်ရေးထားပါသေး တယ်။
“ပြည်သူလူထုသည် ငြိမ်းချမ်းရေးကို လှိုက်လှိုက်လှဲလှဲ လိုလားကြပါသည်။ ပြည်တွင်းငြိမ်းချမ်းရေးသည်သူတို့၏ အဓိက ပြဿနာဖြစ်နေသည်ဆိုသည်ကိုလည်း သဘောပေါက်ကြသည်။ စီးပွားရေး၊ နိုင်ငံရေးနှင့် သူတို့၏ကိုယ်ရေးကိုယ်တာ ပြဿနာအားလုံးသည် ဤငြိမ်းချမ်းရေးပြဿနာအပေါ်တွင် တည်ရှိနေကြောင်း ပြောဆိုကြပါသည်။ မြစ်ဝကျွန်းပေါ်တွင် ကရင်အမျိုးသားများနှင့်လည်း တွေ့ခဲ့ရာ ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး သူတို့က လှိုက်လှဲစွာကြိုဆိုထောက်ခံကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ကြီးအနေနှင့် ဆက်တိုက်အောင်မြင်အောင် ဆောင်ရွက်ဖို့နှင့် သူတို့အဖို့ ပြည်တွင်းစစ်ကြောင့် ရွာပျက်လျှင် မြို့ကိုကပ်နိုင်သူများမဟုတ်၍ အလွန်ဒုက္ခရောက်ကြရကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေးရအောင် ကြိုးစားကြပါလို့ အလွန်လှိုက်လှဲစွာ ပြောဆိုခဲ့ကြပါသည်။ ထို့ပြင် ကျေးလက်ဒေသများမှ ပြည်သူလူထု၏ဆင်းရဲကျပ်တည်းမှုများသည် ကျွန်တော်တို့ထင်တာထက် အများကြီးပိုမိုဆိုးဝါးတာ တွေ့ရပါသည်။ ပြည်သူလူထုသည် ထို ၁၃ နှစ်ကျော်ကာ လအတွင်း ‘သူပုန်’ အမည်တပ်ပြီး ဖြစ်ပွားခဲ့သော အဖိအနှိပ်အထုအထောင်း အခက်အခဲများကြားတွင် ကြီးစွာသောဇွဲ နှင့် ရပ်တည်ခဲ့ကြပါသည်။ ထို့ပြင် ကျေးလက်လူထုသည် အပြုတ်တိုက်ရေးဆိုတာကို အလွန် ရွံမုန်း ပြီး မနှစ်သက်တာကိုလည်း တွေ့ရပါသည်။ ထို့ကြောင့်ပင် ကျွန်တော်တို့၏ နှစ်ဦးနှစ်ဖက် ဆွေး နွေးညှိနှိုင်းအဖြေရှာ၍ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရေး ကြွေးကြော်သံကို ထောက်ခံကြ ခြင်း ဖြစ်ပါသည်။”–တဲ့။
ဒီလိုထောက်ခံမှုတွေကြောင့်ပဲ ဖေဖေကဒီခရီးတွေဟာ လူရောစိတ်ရော ပင်ပန်းပေမဲ့ ပျော် တယ်… လို့ပြောခဲ့ဟန် တူပါရဲ့။
နည်းတာမှ မဟုတ်တာ။ ဖေဖေတို့ကိုလာဖိတ်တဲ့အဖွဲ့ထဲမှာရော၊ ဧည့်ခံတဲ့အဖွဲ့ထဲမှာရော၊ လူထုကြားမှာရော၊ လမ်းတလျှောက် မှာရော… နေရာမလပ် ဒေါင့် စေ့အောင် ထောက်လှမ်းရေးတွေ သတင်းပေးတွေ ပြည့်နေတာပါ။ သူတို့က အဖျက်လုပ်ငန်း အမျိုး မျိုးတွေလုပ်ကြပါတယ်။ ဥပမာ-စကားပြောခွက်အသံမထွက်အောင်လုပ်တာ၊ လူတွေမလာရဲအောင် မပြောရဲအောင် နှောင့်ယှက်တာ၊ တရားဟောပွဲနားလာအငြိမ့်ကတာ … စသဖြင့်ပေါ့။ (အရင် စစ်အစိုးရများလက်ထက်က နယ်လှည့်စည်းရုံး ရေးဆင်းခဲ့တဲ့ ဒီချုပ်ပါတီဝင်များ ကြုံဆုံခဲ့ရတဲ့ အခြေ အနေများနဲ့ မသိပ်မကွာလှပါဘူး။)
ဒါပေမဲ့ ဒါတွေအားလုံးကို ဖေဖေတို့က ပြည်သူလူထုရဲ့အကူအညီနဲ့ ကျော်ဖြတ်ခဲ့ကြပါတယ်။ ဖေဖေတို့နားကပ်ပြီး ပြည်သူ တွေက ဘယ်သူကတော့ မယုံရဘူး၊ ဘယ်သူကတော့ ထောက်လှမ်းရေး၊ ဘယ်သူကတော့ ဘယ်တုန်းက သစ္စာဖောက် ဖူးတယ်၊ သတင်းပေးလုပ်ဖူးတယ် စသဖြင့် သတိ ပေးခဲ့ကြပါတယ်။
ဖေဖေ့ခမျာ အဲဒီခရီးတွေသွားမှ စိတ်ပင်ပန်းရတာမဟုတ်ပါဘူး။ ဒီပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ ဖွဲ့စည်းမယ်လို့ပြင်ဆင်က တည်းက စ စိတ်ညစ်ရတာပါ။ အဲဒီကာလက နံမည်ကြီးအင်အားအကြီးဆုံး အတိုက်အခံနိုင်ငံရေးပါတီကြီးတရပ်က မထောက်ခံ လို့ပါ။ ဖေဖေက သူ့စာအုပ်ရေးစဉ်မှာ အဲဒီအဖွဲ့ အစည်းကို နံမည်မဖော်ခဲ့ပါဘူး။ အဲဒီအဖွဲ့အစည်းထဲကတချို့ပုဂွိုလ်များက နောက်ပိုင်း နိုင်ငံရေး လှုပ်ရှားမှုများမှာပြန်ပါဝင်လာကြနေလို့ပါ။ အခုတော့ အတော်များများ ကွယ်လွန်ကုန်ပါပြီ။ ဖေဖေပြောတဲ့အဲဒီအဖွဲ့အစည်းဟာ ပမညတ (ပြည်သူအမျိုးသားညီညွတ်ရေးတပ်ပေါင်းစု)ပါ။
ဖေဖေကတပ်ကထွက်ရပြီးနောက် ပထမဆုံးနိုင်ငံရေးနယ်ပယ်ထဲဝင်တာဖြစ်လေတော့ သူဟာသူသိပ်စိတ်မရဲပါဘူး။ ဒါ ကြောင့် လက်ဝဲသမားကြီးများကို သူကအားကိုးတကြီး ချဉ်းကပ်တာပါ။ ဆရာ ကြီးမှိုင်းနဲ့ သားမက်ဖြစ်သူ ဆရာကြီးဦးယော တို့က ဖေဖေကိုအားပေးခဲ့လို့သာ ဖေဖေက ရသမျှ အင်အားနဲ့မဖြစ်မနေ ဖွဲ့စည်းလိုက်ရတာပါ။ ဖေဖေမှာအဲသလို အားမလိုအားမရနဲ့ ဖွဲ့စည်းလိုက်ရပေမဲ့ မကြာခင်မှာပဲ ဒီအဖွဲ့အစည်းကြီးဟာ အရှိန်အဟုန်ကောင်းကောင်းနဲ့ အင်အားကြီးထွား လာခဲ့ပါ တော့တယ်။
ဒီမှာတင်ဖေဖေက နိုင်ငံရေးသင်ခန်းစာတခု ရရှိလိုက်ပါတော့တယ်။ ဒါကတော့….. ပြည်သူတွေလိုလားတောင့်တတဲ့ လမ်းစဉ်အကြောင်းတရား မှန်ကန်ရင် လူထုကြီးဟာ အလျှင် အမြန်လှုပ်ရှားတက်ကြွလာနိုင်ပြီး ထောက်ခံလာတတ်တယ်။ အထူးသဖြင့် လူထုက မိမိတို့အကျိုး စီးပွားကို ကိုယ်စားပြုသူများလို့ ယြုံကည်သတ်မှတ်ခံရသူများကဦးဆောင်ရင် ထောက်ခံမှု ပိုမြန်မြန် ရတတ်တယ်…ဆိုတာပါပဲ။
ဖေဖေက ဒီခရီးစဉ်များအကြောင်း၊ သူရဲ့ငြိမ်းချမ်းရေးခရီးသွားဖော်ကြီးများအကြောင်းတွေကို သူ့ရဲ့ကိုယ်တိုင်ရေးအတ္ထုပွတ္တိ(ဆိုင်းစုမှာသည် မန်ဟိုင်းဆီသို့) မှာ ပြည့်ပြည်စုံစုံ ရေးမှတ်တမ်းတင် ထားပါတယ်။
၁၉၆၁ ခုနှစ်-တနှစ်လုံးနီးပါး တနိုင်ငံလုံးအနှံ့ လှည့်လည်သွားလာ ဟောပြောလှုံ့ဆော်ခဲ့တဲ့ ဖေဖေရဲ့ပြည်တွင်းနိုင်ငံရေးလှုပ်ရှားမှုသမိုင်းအဖြစ် သတင်းစာဟောင်းများထဲက သတင်းများ၊ ဓာတ် ပုံများကိုစုဆောင်းပြီး-ဖေဖေကွယ်လွန်ခြင်း ၂-နှစ်ပြည့် (၁၀-၁၀-၂၀၁၄) အထိမ်းအမှတ်အဖြစ်ထုတ် ဝေခဲ့တဲ့…ကမ္ဘာ့စစ်နှင့်ငြိမ်းချမ်းရေး (ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော)(နေရီရီ စာအုပ်တိုက်) စာအုပ်မှာ အခန်းတခန်းထည့်သွင်းဖော်ပြထားခဲ့ပါတယ်။
အခုလည်းဒီဆောင်းပါးကို ဖေဖေကွယ်လွန်ခြင်း-၄-နှစ်မြောက်အထိမ်းအမှတ်အဖြစ် ရေးဖွဲ့လိုက်ပါတယ်။
လှကျော်ဇော
၁၀-၁၀-၂၀၁၆မှတ်ချက်။
အရေးတော်ပုံဂျာနယ်။အတွဲ (၂) အမှတ်(၇) မှ ကျွန်မဆက်၍ရေးချင်သော ဖေဖေအကြောင်းများ ဆောင်းပါး အမှတ်(၄၁)