ကဗျာ

လင်းမိုးစွေ ● ပျင်းရိနေတဲ့နာရီ

လင်းမိုးစွေ ● ပျင်းရိနေတဲ့နာရီ
(မိုးမခ) အောက်တိုဘာ ၂၆၊ ၂၀၁၆

အရင်လိုပါပဲ
အရင်လို အရင် လိုနေဆဲပါပဲ။

ဘာလို့ ဒီလောက်တောင် လောနေရတာလဲ
မေးမယ့်သူတွေကို အဖြေတွေက စောင့်ခဲ့တယ်
မှန်တာတွေပြောလို့ရပြီဆိုလို့ မှန်တာတွေပြောမယ့်သူတွေကိုပဲ
စောင့်ခဲ့တယ်
နှစ် ငါးဆယ်နဲ့ မလုံလောက်လို့
နောက် ငါးနှစ် နောင် ငါးနှစ် စောင့်ခဲ့တယ်
အဝိုင်းကလေးလည်နေတာကို စောင့်နေသလို စောင့်ခဲ့တယ်
ချစ်သူဆီက အဖြေစောင့်နေသလို စောင့်ခဲ့တယ်
မေမေနိုင်မှဖြစ်မှာဆိုလို့ စောင့်ခဲ့တယ်
ဒီမိုကရေစီစစ်စစ်က ဘယ်နေမှန်းမသိ
မုန့်ဆီကြော်က ဘယ်နေမှန်းမသိ
မြန်မာပြည်နဲ့တည့်ပါ့မလားဆိုပြီး စောင့်ခဲ့တယ်
လာတော့လာမှာပါ မီးလာမယ့်အချိန်ကို စောင့်ခဲ့တယ်
ရတော့ရမှာပါ ပြည်တွင်းငြိမ်းချမ်းရေးကို စောင့်ခဲ့တယ်
သစ်စေ့ကလေးကနေ သစ်တောကြီးအထိ စောင့်ခဲ့တယ်
ကျွန်တော်တို့ တခုခုကို စောင့်ခဲ့တယ်
ကျွန်တော်တို့ တခုခုကို စောင့်နေတယ်…။

စောင့်နေရတာ ပျော်ရဲ့လားလို့ မေးရင်
ပျော်ပါတယ်
လောင်ကျွမ်းနေတဲ့ဖယောင်းတိုင်တွေ အရည်ပျော်နေသလို
ပျော်ပါတယ်
မစင်ထဲက လောက် မစင်ထဲမှာပျော်နေသလို
ပျော်ပါတယ်။

လူ့သက်တမ်းထဲက
တခုခုကို စောင့်နေရတဲ့အချိန်တွေ နှုတ်လိုက်တော့…
ပီမိုးနှင်းရဲ့အဖိုးတန်ဆုံးအရင်းအနှီးကို ရတယ်
ပြန်မရတော့တဲ့ အချိန်တွေကို ရတယ်။

အရင်လိုပါပဲ
သွေးစွန်းခဲ့တာနဲ့
မင်စွန်းခဲ့တာပဲ ကွာတာ
စွန်းတာက စွန်းတာပါပဲ
အဖြူက မဖြူတော့ဘူး…။       ။

လင်းမိုးစွေ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts