မောင်မိုးသူ

နိုင်ငံတော် ပြည်အရေးနှင့် ဘကြီးမိုး

နိုင်ငံတော် ပြည်အရေးနှင့် ဘကြီးမိုး
(ကုမုဒြာဂျာနယ်၊ ရန်ကုန်ထုတ်) မိုးမခ၊ အောက်တိုဘာ ၂၀၊ ၂၀၁၆

၉ ရက်နေ့က မြန်မာနိုင်ငံရဲ့နောက်ဖေး ဘူးသီးတောင် မောင်တောမှာ အကြမ်းဖက် အဖွဲ့က ရဲစခန်း လက်နက်တိုက်ကို ဝင်စီး၊ ရဲသားကိုးဦးကျ၊ လက်နက်တွေပါသွားတဲ့ သတင်းဖတ်ရပါတယ်။ နောက်ရက်တွေမှာတော့ တပ်မတော်နဲ့ ရဲအဖွဲ့ပူးပေါင်းပြီး နယ်မြေရှင်းလင်းရေးတွေလုပ်၊ တိုက်ပွဲတွေဖြစ်တဲ့ သတင်းတွေလည်းဖတ်ရပါတယ်။

နောက် သမ္မတရုံးထုတ်ပြန်ချက်ထဲမှာ အချက်အလက်များ အပြည့်အစုံဖော်ပြပြီး ဘယ်သူဘယ်ဝါက ဘယ်နိုင်ငံမှာသင်တန်းတက်ခဲ့ပြီး မြန်မာပြည်ထဲမှာရှိနေကြတဲ့ ဘင်္ဂါလီအများစုနေထိုင်ရာ ဘူးသီးတောင် မောင်တောဒေသမှာရှိတဲ့ အကြမ်း ဖက်အင်အားစုများကိုစုစည်းပြီး တိုက်ခိုက်ကြတာဖြစ်ပါတယ်။ ဆက်လက်ပြီး နယ်မြေရှင်းလင်းပွဲ တိုက်ပွဲတွေဖြစ်ပွားနေပြီး  နှစ်ဖက်အကျအဆုံး စာရင်းများလည်း ဖော်ပြတာတွေ့ရပါတယ်။ နောက်နိုင်ငံတော် သမ္မတရုံး ထုတ်ပြန်ကြေညာချက်မှာတော့ အချက်အလက်တွေအပြည့်အစုံနဲ့ ဖော်ပြထားတာကိုတွေ့လိုက်ရပါတယ်။

သည်ကိစ္စဟာ အကြမ်းဖက်အဖွဲ့က နိုင်ငံခြားမှာလေ့ကျင့်ပြီး ပြည်တွင်းကိုဝင်ရောက် ဖောက်ခွဲတိုက်ခိုက်တာဖြစ်ကြောင်း အတိအလင်းပေါ်ထွက်ခဲ့ပါတယ်။ ဘူးသီးတောင် မောင်တောမှာနေထိုင်ကြတဲ့ ပညာရေးဝန်ထမ်း ကျောင်းဆရာ ဆရာမများ၊ အစိုးရ   ဝန်ထမ်းတွေကို စစ်တွေကို ရဟတ်ယာဉ်တွေနဲ့ ပို့ဆောင်နေတာတွေကိုလည်းတွေ့ ရပါတယ်။

သည်အကြမ်းဖက်ကိစ္စတွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံမွတ်စလင် အဖွဲ့တွေကလည်း ရှုတ်ချပြစ်တင်မှုတွေ ထုတ်ပြန်လာတာတွေ့ရပါတယ်။ ဟုတ်ပေတာပေါ့။ မြန်မာနိုင်ငံတွင်းမှာ နေထိုင်ကြတဲ့ မွတ်စလင်ဘာသာဝင်တွေအတွက် လည်း အနေခက်စရာဖြစ်လာတာပေါ့။ အစိုးရရဲ့ထုတ်ပြန် ကြေညာချက်ကရှင်းပါတယ်။ သည်ကိစ္စဟာ အဲသည် အကြမ်းဖက်အဖွဲ့အစည်းက လူတွေရဲ့လုပ်ရပ်သာဖြစ်ကြောင်း ပေါ်လွင်ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ ပြောရမလားမသိပါဘူး။ အနောက်ပေါက်က အကြမ်းဖက်တွေ ဝင်ရောက်တိုက်ခိုက်တဲ့ တစ်ချိန်တည်းမှာ အရှေ့ဘက်ကတရားမဝင်ခိုးထုတ်တဲ့   သစ်တွေကို ပိုင်ရှင်မဲ့မိတဲ့သတင်းလည်းဖတ်ရပါတယ်။

အပစ်အခတ်ရပ်စဲဖို့ လက်မှတ်ရေးထိုးထားတဲ့ ကချင်မှာတိုက်ပွဲတွေဖြစ်နေသလို ရှမ်းမြောက်မှာလည်း တိုက်ပွဲတွေဖြစ်နေတာကိုလည်း သတင်းတွေမှာတွေ့ရပါတယ်။

တစ်လောကလည်း အပစ်ရပ် လက်မှတ်ထိုးထားပြီးဖြစ်တဲ့ ကရင်ပြည်နယ်မှာလည်း တိုက်ပွဲတွေဖြစ်ခဲ့တာ သိရပါတယ်။ အပစ်အခတ်ရပ်စဲရေးကို စာရွက်ပေါ်မှာသာ လက်မှတ်ထိုးကြတာဖြစ်ပြီး စစ်မြေပြင်မှာတော့ တိုက်နေကြပါကလားလို့ တွေးတောစရာ ဖြစ်ရပါတယ်။

အမေရိကန်နိုင်ငံက ပိတ်ဆို့မှုတွေဖြေလျှော့ပေးရာမှာ စစ်ခေါင်းဆောင်ဟောင်းတွေနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်သူတွေပါ ပါတယ်လို့သိရပါတယ်။ အမေရိကန် အစီရင်ခံစာမှာ ‘ဝ ကို မူးယစ်ဆေးဝါး စာရင်းမှာထည့်ထားတော့ ‘ဝ˘က သူတို့ ခုမလုပ်တော့ပါဘူး၊ အရင်ကလုပ်ခဲ့တာပါလို့ ရှင်းတာလည်းဖတ်လိုက်ရပါတယ်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေလာတော့မယ်ဆိုတော့ အဆင်သင့်မဖြစ်သေးဘူးတို့၊ စနစ် တကျ ဥပဒေတွေက မပြဋ္ဌာန်းရသေးဘူးဆိုတဲ့ သတင်းတွေလည်းဖတ်ရပါတယ်။

ဘကြီးမိုးတို့ကတော့ သတင်းသမားလေ။ သတင်းတွေပဲ ဖတ်ရလေ့လာရတာပေါ့။

အတိုင်ပင်ခံ ပုဂ္ဂိုလ်ကြီးကတော့ အမေရိကန်သွားတုန်းက သမ္မတအိုဘားမားနဲ့တွေ့ဆုံပြီး ဖြေလျှော့မှုတွေရအောင်လုပ်ခဲ့တယ်။ ဖြေလျှော့ခံရသူတွေရဲ့ တုံ့ ပြန်ချက်က ဘယ်လို ရှိသလဲမပြောတတ်ဘူးနော်။

အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယကိုသွားမယ်လို့ သိရပါတယ်။

အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်စုကြည်ဟာ နိုင်ငံတကာအာဆီယံပွဲကိုတက်၊ တရုတ်  သမ္မတ နိုင်ငံကိုလည်းသွားရဲ့၊ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံအနေနဲ့ စကားပြောဆို အောင်မြင်ခဲ့တာကို တွေ့ရပါတယ်။ ထိုနည်းတူ သတင်းဌာနတွေတောင်တွေ့ဆုံဖို့ ခက်ခဲတဲ့ ဘင်္ဂလားဒေ့ရှ်တာဝန်ခံနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးခဲ့တာကိုတွေ့ရပါတယ်။

ဘကြီးမိုး ပြောချင်တာက  နိုင်ငံတကာ မျက်နှာစာမှာ မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍ၊ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကတော့ အလွန်ကြီးမားတဲ့ အောင်မြင်မှု ရရှိခဲ့တာကို အထင်အရှားတွေ့ရပါတယ်။

ပြည်တွင်းမှာတော့ အခြေအနေကမကောင်းလှဘူးခင်ဗျ။ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ပြည်သူလူထုက ခံစားနေရပြီး ပြည်သူလူထုဟာ စိတ်ဖိစီးမှုတွေဖြစ်တာပေါ့။  စိတ်ဖိစီးမှုတွေက တစ်ဆင့်ပေါက်ကွဲမှုတွေဖြစ်လာတာတွေတွေ့ရပါတယ်။ ရက်စက်တဲ့ သတ်ဖြတ်မှုတွေ၊ တိုက်ခိုက်မှု၊ ရာဇဝတ်မှုတွေမြင့်တက်လာတာကို တွေ့ရပါတယ်။

အစိုးရသစ်ဖြစ်လာပြီးတဲ့နောက် အမြင်မတော် ဆင်တော်နဲ့ ခလောက်ဆိုသလို မြကျွန်းသာမှာ ဆောက်လုပ်ရေးတွေလုပ်နေတာ အုတ်အော်သောင်းတင်း ကန့်ကွက်ကြ လို့ ရပ်ဆိုင်းတယ်လို့ဆိုတဲ့ ကြားထဲက မနေ့တစ်နေ့က အဲသည်ဘက်ဖြတ်သွားတဲ့ မိတ်ဆွေတစ်ယောက်ရဲ့ ပြောစကားအရ ဆောက်လုပ်ရေးတွေက လုပ်နေဆဲဆို ဘယ်လို ဘယ်လို ဖြစ်သလဲမသိပါဘူး။

အစိုးရသစ်ဟာ အထူးသဖြင့် ရန်ကုန်ကို အစိုးရအဖွဲ့က မော်တော်ကားကျပ်တည်းတဲ့ကိစ္စ၊  လမ်းဘေးဈေးသည်များ ကိစ္စ၊ အားလုံး အားလုံးကို ဖြေရှင်းဖို့ကြိုးစားနေတာကို တွေ့ရ ပါတယ်။

နှစ်ပေါင်းများစွာ အလေ့အထဖြစ်လာတဲ့ အပြုအမူစရိုက်တွေကို ချက်ချင်းပြင်ဆင်ဖို့တော့ ခက်ခဲနေသေးပုံရပါတယ်။

သည်အချက်ဟာ အစိုးရအဖွဲ့အစည်းအတွင်းက ဝန်ထမ်းအမှုထမ်းများကလည်း အဂတိ မလိုက်စားကြဖို့ လိုက်နာကျင့်သုံးဖို့ မလွယ်ဘူးဖြစ်နေပါတယ်။

အစိုးရကတော့ အီးဂါးဗားမင့်ဆိုတဲ့ အိုင်တီနည်းပညာနဲ့ စီမံအုပ်ချုပ်ကြဖို့ စီစဉ်ဆောင်ရွက် ဖို့ ကြိုးစားနေတာတွေ့ရပါတယ်။ အရင်အစိုးရ လက်ထက်ကတည်းကလုပ်ဖို့ ကြိုးစား ခဲ့တာ မအောင်မြင်မလုပ်ဖြစ်ခဲ့တာပါ။ အခုအစိုးရသစ်လက်ထက်မှာတော့ တရုတ်အစိုးရ ကလည်း တရားဝင်အကူအညီပေးမယ်လို့ ကမ်းလှမ်းလုပ်ကိုင်လာတာတွေ့ရပါတယ်။

သည်ကြားထဲမှာ အရင်အစိုးရလက်ထက်က စီမံကိန်းဆိုပြီးဘတ်ဂျက်တွေထုတ်ယူပြီး ဘာမှ အကောင်အထည်မဖြစ်လာတဲ့ သတင်းတွေကလည်း ဟိုနေရာသည်နေရာတွေက ကြားရပြန်ပါတယ်။

တစ်လောက နိုင်ငံတကာ ပညာရှင်တစ်ဦးရဲ့ လေ့လာတွေ့ရှိချက်အရ မြန်မာနိုင်ငံရဲ့ လျှပ်စစ်စွမ်းအင်ဟာ အလေအလွင့်တွေဖြစ်နေတယ်လို့သိရပါတယ်။ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံတွေဆိုတာ ကမ္ဘာ့ဘဏ်ကအသိအမှတ်မပြုတော့မဆောက်တော့ ကြောင်းသိရပါတယ်။ ထိုနည်းတူ ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်မှုမျိုးကလည်း တရုတ်ပြည်မှာ ဆက်လက်မလုပ်ကြဖို့ ရှိနေကြောင်းသိရပါတယ်။

ဘကြီးမိုးတို့ မြန်မာနိုင်ငံမှာ ယခင်အစိုးရလက်ထက်က တရုတ်ကုမ္မဏီတွေနဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေဟာ မြင်သာထင်သာမရှိတဲ့အပြင် အဲသည်တရုတ်ကုမ္မဏီတွေက မြန်မာနိုင် ငံတွင်းလုပ်ဆောင် ကျင့်သုံးကြပုံတွေကို တရုတ်အစိုးရကတောင် အခုမှသိရတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာတယ်ခင်ဗျ။

သည်တော့ သည်တော့ နိုင်ငံတော်ပြည်အရေးကို သာလှတယ်လေးလို့ရေးရမှာ မဟုတ် လား။ အဲသည်လိုတော့လည်း မရေးနိုင်သေးဘူး ဖြစ်နေပါတယ်။

ဒါကြောင့် နိုင်ငံတော်ပြည်အရေးနှင့် ဘကြီးမိုးပါ။

ဘကြီးမိုး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts