(မိုးမခ) အောက်တိုဘာ ၁၉၊ ၂၀၁၆
လမ်းပန်းဆက်သွယ်ရေး မကောင်းတဲ့ကာလက မြဝတီကနေ ရန်ကုန်ကို လေးကြိမ်လောက်ပြန်ဖူးတယ်။ အကြိမ်တိုင်း ခွေးတိုးပေါက်ကနေ ပြည်တွင်းကို ပြန်ဝင်ရတယ်။ အတက်နေ့ အဆင်းနေ့ ဆိုပြီး ရှိတာကို မြဝတီရောက်မှ သိတယ်။ မနက် ၈ နာရီ ထွက်မယ်ဆိုတဲ့ကားက နေ့လည် ၁၂ နာရီကျော်မှ ထွက်တယ်။ အာရှလမ်းသစ် မဖွင့်သေးတော့ လမ်းဟောင်း အတိုင်းဆင်းရတယ်။ တောင်ပေါ်မှာ ကားပိတ်နေလို့ ညနေ ၅ နာရီလောက်မှ ကော့ကရိတ်ရောက်တယ်။ မှန်လုံကားမှာ တလမ်းလုံး ချွေးပြိုက်ပြိုက်ကျတယ်။
သင်္ကြန်အပြီး ပြန်တဲ့အခါ ကားပေါ်မှာ မူးနေတဲ့ကောင်၊ ဆေးလိပ်သောက်တဲ့ကောင်၊ ကွမ်းတံတွေး တွေ့ရာထွေးတဲ့ကောင် လူစုံပါတယ်။ လမ်းမှာကားပျက်လို့ ကြုံသလို သွားရတာမျိုးလည်း ရှိတယ်။ သထုံကနေ ကော့ကရိတ်ထိ ကားခေါင်မိုးပေါ် တက်စီးရတယ်။ ပင်ပန်းပြီး မအိပ်ရသေးလို့ အိပ်ငိုက်တယ်။ ကားပေါ်က ပြုတ်ကျပြီး မသာပေါ်မှာစိုးလို့ ဘေးက ကိုယ်နဲ့ မသိတဲ့လူက သတိပေးရတယ်။ မရတဲ့အဆုံး သူ့လက်နဲ့ ကိုယ့်လက် ကြိုးနဲ့ ပူးချည်ထားပြီး ခရီးဆက်ရတယ်။
လမ်းခရီး မသာလို့ ရိုးမတောင်ခြေဆိုတာလည်း မသိ။ မိုးမခပင်လယ်မမြင်။ နေရောင်မခတဲ့ တောင်တွေ ဆိုတာလည်း မခံစားနိုင်ဘူး။ တလမ်းလုံး အစိုးရကို ဆဲပီး စိတ်ဖြေရတယ်။
အာရှလမ်းမ ကော့ကရိတ်-မြဝတီလမ်းပိုင်းပြီးတော့ သွားလာရတာ အဆင်ပြေသွားတယ်။ အရင် အချိန် တွက်လို့မရတဲ့ ခရီးကို အလွန်ဆုံး တနာရီလောက်နဲ့ ရောက်တယ်။ လမ်းခရီးသာတော့ ရှုခင်းဆိုတာမျိုးကို ခံစားချင်လာတယ်။ သို့ပေမယ့် မက်မောလောက်စရာ သိပ်မရှိဘူး။ မိုးမခပင်ဆိုတာမျိုးက ဘယ်အပင်ကို ပြောမှန်း တွေးမရဘူး။ တောင်တွေက နေရောင် ‘ခ’ တာ တင်မဟုတ်ဘူး တောမီးပါ လောင်နေတယ်။ သစ်ပင်တွေ အုံ့ဆိုင်းနေတာမျိုးလည်း မရှိပြန်ဘူး။ စိုက်ခင်းတချို့ တလေတော့ရှိတယ်။ ရန်ကုန်-ကျိုက်လတ် လမ်းဘေးက လယ်ကွင်းတွေနဲ့ သိပ်မကွာလို့ မထူးဆန်းလှဘူး။
ကျနော် မဲဆောက်မှာ အလုပ်လုပ်ခဲ့ဖူးတယ်။ မဲဆောက်ကနေ မဲလ၊ အုန်းပျံ့၊ နုပိုး ဆိုတာတွေ ရောက်ဖူးတယ်။ လမ်းသာ သလို သစ်ရိပ်တောရိပ်ရှိတယ်။ စိုက်ခင်းတွေရှိတယ်။ တောင်တွေဆိုတာ စိမ်းစိုနေတယ်။ တချို့နေရာတွေ ရှုခင်းဓာတ်ပုံ ဆင်းရိုက်ချင်ပေမယ့် အခြေအနေ မပေးဘူး။ တောင်ပေါ်ရှုခင်းတွေဆို တော်တော်လှတယ်။ နေကြာခင်းတွေ၊ လှေကားထစ် စိုက်ခင်းတွေလည်း ရာသီ အလိုက်တွေ့ရတယ်။ မဲဆောက် အုန်းပျံ့ လမ်းဆို ရှုခင်းဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာတွေ အများကြီးရှိတယ်။
တကယ်တော့ ထိုင်းဟာ ကျနော်တို့ထက် စီးပွားရေးသာတယ်။ ပညာတတ်ပိုပေါတယ်။ ကျန်းမာရေးစနစ်ကောင်းတယ်။ မြင်တွေ့ခဲ့သလောက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့ နေရာမှာလည်း ယှဉ်မရတော့ဘူး။ သူတို့ဆီမှာ ထိန်းသိမ်းပြီး ကိုယ့်ဆီက သံလွင်မြစ်ပေါ်မှာ ဆည်တွေ လာဆောက်မယ့် အခြေအနေဖြစ်နေတယ်။
ဒီကလူတွေက မြန်မာ အလုပ်သမားမရှိရင် ထိုင်းတွေ စီးပွားပျက်မယ်ပြောနေတာသာရှိတယ်။ ထိုင်းက ကိုယ့်နိုင်ငံထဲထိ လာခိုင်းစားနေတာ မမြင်ကြဘူး။ သူတို့ စီးပွားမပျက်ခင် ကိုယ့်လူတွေ ငတ်မှာ မတွေးကြဘူး။ အလောင်းဘုရား၊ ဘုရင့်နောင် ဆိုတဲ့ ပြောလုံးထဲ မျောနေကြတုန်းပဲ။ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အများကြီးနောက်ကျကျန်ခဲ့ပြီဆိုတာ ဂရုမမူကြတော့ဘူး။ တွေးကြည့်ရင် ရင်မောစရာကြီးဖြစ်နေတယ်။
သို့ပေမယ့် ကျနော့် မိတ်ဆွေတွေ စိတ်ပူဖို့ မရှိပါဘူး။ ထိုင်းမှာမရှိတဲ့အရာတွေ ကျနော်တို့မှာ အားသာချက်အဖြစ် ရှိနေတယ်။ ကျနော်တို့မှာ မ-ဘ-သ ရှိတယ်။ ဦးဌေးလွင်ဦးနဲ့ မြန်မာ မွတ်ဆလင်မီဒီယာဆိုတာတွေ ရှိတယ်။ ဦးဝီရသူ ရှိတယ်။ ဦးနေမျိုး ဝေလည်းရှိတယ်။ အန်ကယ် နေဇင်လတ်ရှိသလို ဆရာလင်းသိုက်ညွန့်ကလည်း အသင့်ရှိနေပြန်တယ်။ ကျနော်တို့နိုင်ငံမှာ သူတို့ ရှိနေတယ်ဆိုတာကို ပြန်သတိရလိုက်မှ ပူလောင်ရင်မောနေတဲ့ စိတ်က ပြန်ပြီးအေးချမ်းသွားရပါတယ်။
ကျော်သာယာ
ဇူလိုင် ၂၅၊ ၂၀၁၆
(မိုးမခ မှတ်ချက် – ကျော်သာယာသည် ရန်ကုန် ဆေးတက္ကသိုလ် (၁) ဆင်း ဆရာဝန်တဦးဖြစ်သည်။ ဝါသနာအရ နိုင်ငံရေး သိပ္ပံပညာကို ထိုင်းနိုင်ငံ Ramkhamhaeng တက္ကသိုလ်၌ လေ့လာသင်ယူခဲ့ပြီး မဟာဝိဇ္ဇာဘွဲ့ရခဲ့သည်။ ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်စခန်းများတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။)