ခေတ်ပြိုင်အတွေ့အကြုံ မောင်မောင်စိုး

မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ – အပိုင်း (၂၉)

 မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ – အပိုင်း (၂၉)
(မိုးမခ) အောက်တိုဘာ ၆၊ ၂၀၁၆

● အလုပ်သမားသပိတ်နောက်ဆက်တွဲ
အလုပ်သမားသပိတ်အား တပ်ကဖြို ခွဲသည့်အချိန်တွင် ထုံးစံအတိုင်း လူမျိုးရေးသွေးခွဲမှုများ ကြားရသေးသည်။ အလုပ်သမား သပိတ်များကိုပစ်ခတ်ဖြိုခွဲသည့်တပ်မှာ ချင်းတပ်များဖြစ်သည်ဟု ကောလာဟာလ လွှင့်သံကြားရသည်။ ထိုစဉ်ကတပ်တွင် ခလရ/ခမရများအပြင် ချင်း/ကချင်/ရှမ်း/ ကယား သနက (သနက= သေနတ်ကိုင်တပ်ရင်း) များရှိသေးသည်။ ကရင် သန ကများကတော့ ၁၉၄၉ ခုနှစ်က ကရင်သူပုန်ထပြီးနောက် မရှိတော့။ ထိုသနကများကိုအကြောင်းပြုပြီး အလုပ်သမား အရေး အခင်းအား လူမျိုးရေး သွေးထိုးမှု ဖြင့်ဖုံးကွယ်ရန် ကြိုးစားခဲ့သေးသည်။

ထို့အတူ အလုပ်သမားအရေးအခင်းကို ဦးဆောင်ကြိုးကိုင်သူ ဗကပအမာခံများအဖြစ် ဂုံနီစက်ရုံမှ အလုပ်သမား ၂ ဦး ဓါတ် ပုံကို သတင်းစာတွင်ဖေါ်ပြ၍ ဝရမ်းပြေးအဖြစ် ကြေငြာသည်။ ကိုကျော်သက်နှင့် ကိုကြည်ငွေတို့နှစ်ယောက်ဖြစ်သည်။ ကို ကျော်သက်ကတော့ နောက်ပိုင်းပြန်ဖမ်းမိသွားပုံရသည်။ သတင်းကောင်းစွာ မကြားတော့ပေ။ အစိုးရသတင်းစာထဲတွင် ဝရမ်းပြေးအဖြစ်ကြေညာခံထားရသော ကိုကြည်ငွေနှင့် မိမိတို့နောက်ပိုင်းတွင် အတော်ရေစက်ဆုံကြရမည်ကို ထိုစဉ်က ကြို တင်၍ မိမိမသိခဲ့ပါ။

● လဘက်ရည်ပုဂံထဲကမုန်တိုင်း
ကျောင်းတွေပြန်ဖွင့်တော့ ထုံးစံအတိုင်း ဦးချစ်ဆိုင်တွင်ဆုံကြသည်။ ထို့ပြင် လက်ဝဲစာပေများလည်း ပိုဖတ်ဖြစ်သည်။ ဗီ ယက်နမ်၊ ကမ္ဘောဒီယား၊ လာအိုနိုင်ငံတို့မှ အမျိုးသားလွတ်မြောက်ရေးစစ်ပွဲများ၏ အောင်ပွဲများ စစ်ရှုံး၍ မရှု မလှဆုတ်ခွါနေရ သည့် အမေရိကန်၏သတင်းများက မိမိတို့အား ခွန်အားများပေးသည်။ ၇၄ ဇွန် ၆ ရက်ကကြုံခဲ့ရသည့်နာကျည်းမှုက မိမိတို့ စိတ်ဓါတ်ကို ခိုင်မာစေသည်။ ထို့ကြောင့်လည်း ဦးချစ်ဆိုင်၏ လဘက်ရည်ပုဂံထဲတွင် မုန်တိုင်းများ ပို၍ထန်လာတော့သည်။ သို့သော် ယခင်ကထက် ပို၍လက်တွေ့ဆန်လာသည်က မိမိတို့သည် ကျောင်းသားလှုပ်ရှားမှုတခု၊ ကျောင်းသားသပိတ် တိုက်ပွဲတခုကို ဖေါ်ဆောင်ရနိကြံစည်နေကြပြီဖြစ်သည်။ သို့အတွက်လည်း ဆက်စပ်ပတ်သက်၍ ရမည့် အဖွဲ့အစည်းများကို လိုက်လံဆက်စပ်မှု ပြုလုပ်နေပြီဖြစ်သည်။

● မြောက်ကိုရီးယားသံအရာရှိ
မြို့ပေါ်ရှိ လက်ဝဲအနွယ်များ စာရေးဆရာများနှင့်ဆက်စပ်မိသည်နှင့်နည်းတူ တက်ကြွသောကျောင်းသားများနှင့်လည်း ဆက်စပ်မိလာသည်။ ထိုသို့ဆက်စပ်မိသော စိတ်ပညာမှ ကရင်ကျောင်းသား ၂ ဦးဖြစ်သည့် စလှမောင်ခေါ် စောလှဦး (ကွယ်လွန်) နှင့် စလှငွေ (ယခင် KNU တွဲဖက်အတွင်းရေးမှူး ယခု သတင်းမကြားရ) တို့မှတဆင့် ကိုမြင့်ဆွေဆိုသည့် ကရင် အမျိုးသားတစ်ဦးနှင့် ဆက်စပ်မိသည်။ ကိုမြင့်ဆွေ၏ စီစဉ်ဆက်သွယ်ပေးမှုနှင့် တစ်ညတွင် မြောက်ကိုရီးယားသံအရာရှိတဦးအိမ်သို့ ရောက်ရှိသွားတော့သည်။

မိမိတို့သွားရောက်သည့် ရည်ရွယ်ချက်မှာ မိမိတို့ရေးသားထုတ်ဝေကြမည့် စာစောင်စာတမ်းများအတွက် စာကူးစက်အကူ အညီရယူနိုင်ရန် အတွက်ဖြစ်သည်။ ပထမဆုံးတွေ့သည်ဖြစ်၍ မိမိတို့ပြောသည်ကို စိတ်ဝင်တစားနားထောင်သော်လည်း မယုံကြည်ရဲသေးဟန်တူသည်။ တိတိကျကျ အဖြေမပေးခဲ့ပေ။ သို့နှင့် နောက်တကြိမ်ထပ်တွေ့ရန် စီစဉ်ပြီး သူပေးသော ကင်အီဆွန်း၏ ဂျူချေ အတွေးခေါ်ဆိုသည့် စာအုပ်ငယ်များယူ၍ ပြန်လာခဲ့တော့သည်။

သို့သော် နောက်တကြိမ် မသွားဖြစ်တော့ပေ။ အကြောင်းကတော့ထောက်လှမ်းရေး တစ္ဆေခြောက်၍ ဖြစ်သည်။ မိမိတို့ကို မြောက်ကိုရီးယားသံအရာရှိနှင့် ဆက်စပ်ပေးသောသူမှာ ထောက်လှမ်းရေးသတင်းပေးဟု ဆိုလာခဲ့သူရှိ၍ဖြစ်သည်။ တ ကယ်တော့ ထိုသတင်းမှန်မမှန် အတည်ပြုရန် မိမိတို့တွင် ဘာအချက်အလက်မှမရှိပေ။ သို့ပေမဲ့ ကျောင်းသားများအတွင်း ထောက်လှမ်းရေးများ သတင်းပေးများဝင်ရောက်နေသည်ဆိုနေ၍ စိုးရိမ်စိတ်များစွာဖြင့် ထိုသူတို့အားအဆက်ဖြတ်ရ တော့သည်။ ဤသို့အဆက်အသွယ်ဖြတ်ထားသည့်ကြားက အမှတ် ၉ ဟီးနိုးပေါ်တွင် ကိုမြင့်ဆွေနှင့်ဆုံတော့သူက မိမိတို့ ဘာကြောင့် ပေါ်မလာတော့သည်ကိုမေး၍ “အေးဗျာ ကျနော်တို့က ကဗျာရူးစာရူးဆိုတော့ ကဗျာစာအုပ်ကလေး ထုတ်ချင် တာပါ။ ခုတော့ ကျောင်းစာတွေပိနေလို့ မလုပ်ဖြစ်တော့ဘူး” ဟု ဗြောင်လိမ်လိုက်သည်။ မိမိတို့မူလပြောထားသည့် နိုငိငံရေးစကားများနှင့်တခြားစီဖြစ်နေ၍ သူအံ့သြသွားပြီး မိမိစကားကို ယုံကြည်ပုံမရသော်လည်း မည်သို့မှစကားဆက်မဆိုတော့ပေ။

တကယ်တော့ မိမိတို့ထင်သည့် ထောက်လှမ်းရေးသတင်းပေးဆိုသည်က အလွဲကြီးလွဲခဲ့သည်။ စလှမောင်က ၁၉၈ဝ တွင် CPB အရှေ့မြောက်သို့ ရောက်ရှိပြီး တိုက်ပွဲဝင်သွားသည်။ စလှငွေကတော့ KNU သို့ရောက်ရှိပြီး ၂ဝ၁၂ အစိုးရနှင့် ငြိမ်းချမ်း ရေးဆွေးနွေးပွဲအစက KNU တွဲဖက်အတွင်းရေးမှူးတာဝန်ယူသည်ကို ကြားလိုက်ရသည်။ ယခုတော့ သူ့သတင်းကောင်းစွာ မကြားရတော့။ မည်သို့ဖြစ်စေ မိမိတို့ထင်ခဲ့ကြသည်က အလွဲကြီးလွဲခဲ့သည်က အမှန်ပင်ဖြစ်သည်။

၁၉၈၈ ခုနှစ် နောက်ပိုင်း ABSDF မြောက်ပိုင်းတွင် တောခိုကျောင်းသားအချင်းချင်း ထောက်လှမ်းရေးသတင်းပေးဆိုပြီး အ များအပြား သတ်ဖြတ်မှုများဖြစ်ပွါးသောအခါ ထိုအကြောင်းကို သတိရမိသည်။ ထောက်လှမ်းရေးတစ္ဆေခြောက်ပြီး သံသယ ဖြင့်ချဉ်းကပ်သောအခါ အမှန်မမြင်နိုင်တော့။ မတူသောနိုင်ငံရေး အယူအဆရှိသူကိုပင် ရန်သူ့သူလျိုဟူ၍ ထင်မြင်လာကာမှား ယွင်းသော ဆုံးဖြတ်ချက်များဖြင့် ပြန်ပြင်ရန်ခက်ခဲသော အမှားများကျူးလွန်တတ်ကြသည်ကို နှလုံးသွင်းရပေတော့သည်။

မိမိတို့အနေနှင့် ဤသို့ လူကောင်းများကို ထောက်လှမ်းရေးတစ္ဆေခြောက်ပြီး အထင်အမြင်လွဲမှားခဲ့သော်လည်း မိမိတို့ ဦး ချစ်လဘက်ရည်ဆိုင်ဝိုင်းတွင် ပုံမှန်လာထိုင်လေ့ရှိသူ ထောက်လှမ်းရေးသတင်းပေးတစ်ယောက်ကိုတော့ မိမိတို့ သတိမ ထားမိခဲ့။ ကိုယ့်လူအဖြစ် ဆက်ဆံခဲ့ကြသည်။ နောက်ပိုင်း မိမိတို့သူငယ်ချင်းများ အဖမ်းခံရ တရားရုံးတင်ခံရချိန်တွင် အစိုးရ သက်သေအဖြစ်ထွက်ဆိုမှပင် သတင်းပေးမှန်းသိပေတော့သည်။ ဤသို့လွဲချော်မှုများလည်း ရှိခဲ့သည်ဟု ဆိုရပါမည်။

● ၁၉၇၄ အခြေခံဥပဒေ
အလုပ်သမားသပိတ်များဖြစ်ပွါးသည့် ၁၉၇၄ သည် အခြေခံဥပဒေဆိုင်ရာ အမှတ်ထင်ထင်ရှိသည့် နှစ်တနှစ်လည်းဖြစ်ခဲ့သည်။ ၁၉၆၂ ခုနှစ်မှစ၍ စစ်အုပ်ချုပ်ရေးနှင့်အုပ်ချုပ်ခဲ့သော ဗိုလ်နေဝင်းသည် ဗကပလက်ဟောင်းများအား သဘောတရားရေး ဆရာအဖြစ် တင်မြှောက်ကာ အညမည (အင်ညမြင်ညဟု ဖတ်ပါသည်) သဘောတရားကို တည်ထွင်ပြီးသကာလ မြန်မာ့ ဆိုရှယ်လစ်ပါတီကို ၁၉၆၄ ခုနှစ်မှစတင်ကာ ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေးဆိုသည်ကို ကြွေးကြော်ခဲ့သည်။ ၁၉၆၂ ခုနှစ်မှစတင်ခဲ့သည့် တော်လှန်ရေးကောင်စီအမည်ဖြင့်အုပ်ချုပ်သော စစ်အုပ်ချုပ်ရေးနေရာတွင် အစားထိုးရန် ဖွဲ့စည်းအုပ် ချုပ်ပုံအခြေခံကိုရေးဆွဲပြီး ၁၉၇၄ ခုနှစ်တွင် လူထုဆန္ဒခံယူပွဲဆိုသည်ကိုကျင်းပပြီး အတည်ပြုခဲ့သည်။ ၁၉၆၂ ခုနှစ် တပ်က အာဏာသိမ်းပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များရေးဆွဲထားခဲ့သည့် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုဖျက်သိမ်းပြီးနောက် စစ်အာရှင်စနစ်နှင့် ၁၂ နှစ်ကြာအုပ်ချုပ်လာရာမှ အသက်သွင်းလိုက်သော တပ်က ပထမ ဆုံးရေးဆွဲသည့် အခြေခံဥပဒေဟု ဆိုရပေမည်။

စတီရီယိုသီချင်းများဟုဆိုသည့် လျှပ်စစ်ဂစ်တာဖြင့် တီးခတ်ကြသည့် အနောက်တိုင်းဂီတ မြန်မာပြည်ဝင်ကာစအချိန်တွင် လမ်းသရဲသီချင်းဟု ခေါ်ဝေါ်သမုတ်ကြသော်လည်း လူငယ်ထုကြား လျင်မြန်စွာ ပျံ့နှံ့လက်ခံလာကြသည်ကို အသိမှတ်ပြု လိုက်သည့်သီချင်းတပုဒ်က ထို ၁၉၇၄ အခြေခံဥပဒေအား လူထုဆန္ဒခံယူပွဲပြုလုပ်သည့်ကာလက ပေါ်ထွက်လာခဲ့သည်။ စတီရီယိုဖခင်ကြီးဟု ကိုယ့်ကိုကိုယ်နာမည်ပေးထားသော ဂီတစာဆို ဦးကျော့မှူးရေးစပ်ပြီး အောင်ကိုလတ်သီဆိုသည့် ” မဲရုံကို မဲရုံကို လာကြ လာကြ မဲသွားပေးမယ်ကွာ” ဆိုသည့်သီချင်းသည် ၁၉၇၄ အခြေခံဥပဒေလူထုဆန္ဒခံယူပွဲကာလက အလွန်ပေါက်သည့် သီချင်းတပုဒ်ဖြစ်ခဲ့သည်။ သွားလေရာအရပ် ကြားနေရသည့် သီချင်းတပုဒ်ဖြစ်ခဲ့ပါသည်။

ထိုမဲပေးစဉ်ကာလက မိမိကား အသက် ၁၈ နှစ်မပြည့်သေး၍ မဲမပေးလိုက်ရပေ။ မဲပေးခွင်ရပါက ကန့်ကွက်မဲပေးမည်မှာ သေချာသလောက်ရှိသည်။ သို့သော် သိပ်တော့ ထူးခြားမည်တော့မထင်ပါ။ ၂၀၀၈ အခြေခံဥပဒေဆန္ဒခံယူပွဲတုန်းကလည်းမိမိတို့တွေ ကန့်ကွက်မဲတွေ တပျော်တပါးဝိုင်းပေးခဲ့သော်လည်း ထောက်ခံမဲ ၉၀ % ရသည်ဟု ဆိုခဲ့ကြသည်။ တကယ်တော့ ဆန္ဒခံယူပွဲများ၏ မဲရလဒ်များသည် လွတ်လပ်မှု ပွင့်လင်းမြင်သာရှိမှု တရားမျှတမှုတို့အပေါ်တွင် အထူးတည်မှီသည်ဟု ဆိုရပါမည်။

တကယ်တော့ လက်ဝဲဝါဒရေပန်းစားချိန် ဆိုရှယ်လစ်ဆိုသောစကားလုံး လူကြိုက်များချိန်တွင် ဗိုလ်နေဝင်းက မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ဟူသော စကားလုံးဖြင့် လူထုအားချွေးသိပ်လိုက်ပြီး အာဏာသိမ်းပြီး ၁၂ နှစ်အကြာတွင် ၁၉၇၄ အခြေခံဥပဒေ ကိုပြဌာန်းခဲ့သည်။ သို့သော် အစစ်အမှန်မဟုတ်၍ ပြဿနာကိုမဖြေရှင်းနိုင်ဘဲ တိုင်းပြည်အကြပ်အတည်းသို့ ဆိုက် ရောက် ခဲ့သည်။ တဖန် ၁၉၈၈ ကအာဏာရယူခဲ့သော စစ်ခေါင်းဆောင်များသည် အနှစ် ၂ဝ ကြာ မာရှယ်လောဖြင့် အုပ်ချုပ်ခဲ့ပြီးနောက် လက်ရှိကာလလူကြိုက်များနေသည့် ပါတီစုံဒီမိုကရေစီစနစ်ဟူသောစကားလုံးပါသည့် ၂ဝဝ၈ အခြေခံဥပဒေနှင့် ချွေးသိပ် ခဲ့ပြန်သည်။ အစစ်အမှန်မဖြစ်ခဲ့ပါက အကြပ်အတည်းသို့ ပြန်လည်ဆိုက်ရောက်နိုင်သည်ကို သတိပြုကြရန်လိုပါသည်။ မည် သို့ဆိုစေ မြန်မာပြည်အား အာဏာဖြင့် ချုပ်ကိုင်အုပ်ချုပ်သူများလုကြိုက်များသည့် စကားလုံး ဝေါဟာရများ အယူဝါဒများကို ကောင်းစွာယူငင်အသုံးပြု တတ်ကြသည်ကို သတိပြုကြရမည်ဖြစ်ပါသည်။

၁၉၆၂ ခုနှစ် အာဏာသိမ်းစဉ်ကကာလက အမြောက်အများဖမ်းဆီးထားသော နိုင်ငံရေးသမားများကို ၁၉၇ဝ နောက်ပိုင်း ပြန်လွှတ်ပေးခဲ့သည်။ထို့နောက် ထိုဖဆပလနိုင်ငံရေးသမားများအား အခြေခံ၍ ၃၃ ဦးအကြံပေးကော်မတီဟူ၍ ဖွဲ့စည်း ခဲ့သေးသော်လည်း ရလဒ်ကောင်းမထွက်ခဲ့ပေ။ တပါတီအာဏာရှင်စနစ်သွားမည့် ဗိုလ်နေဝင်းနှင့် ပါတီစုံစနစ် ကျင့်သုံးလို သည့် ဖဆပလခေါင်းဆောင်များ ရင်ကြားစေ့၍မရနိုင်ခဲ့ပေ။ နောက်ပိုင်းတွင်ဦးနု၏ သန့်ရှင်းဖဆပလများက ထိုင်းမြန်မာ နယ်စပ်သို့ထွက်၍ မဆလအားလက်နက်ကိုင် တိုက်ခိုက်ရန် ကြိုးပမ်းကြတော့သည်။ တည်မြဲဖဆပလဖြစ်သော ဦးဗဆွေ ဦးကျော်ငြိမ်းတို့တော့ မပါဝင်ခဲ့ကြပေ။

အစစ်အမှန်မဟုတ်သော အတုအယောင်များသည် နားထောင်ကောင်းသော်လည်း ပြဿနာကိုမဖြေရှင်းနိုင်ခဲ့ပေ။ ” ဆိုရှယ် လစ်ခေတ် ဈေးမဆစ်နဲ့ တွေ့ရင်ဝယ်ထား ဈေးမများဘူး” ဟူ၍ မဆလခေတ်တွင် ကုန်ပစ္စည်းများရှားပါးမှု ကုန်ဈေးနှုံး ကြီးမြင့်မှုတို့ကို ဖေါ်ညွှန်းခဲ့ကြသည်။ တကယ်တော့ ၁၉၇၄ ခုနှစ် ဇွန်လ အလုပ်သမားသပိတ်အပါအဝင် ထိုခေတ်ကာလ သပိတ်များ အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုများသည် လူထု၏စားဝတ်နေရေးကြပ်တည်းမှု အခြေခံပေါ်မှ ပေါ်ထွက်လာသည် ဟုဆိုရပါမည်။

● လူထုတိုက်ပွဲများနှင့်ပတ်သက်သည့် အခြေခံအမြင်
၇၄ ဇွန်လ အလုပ်သမားသပိတ်ပြီး မိမိတို့ငြင်းခုံခဲ့ရသည့် ပြဿနာမှာ လူထုအပေါ် အမြင်ဖြစ်သည်။ အလုပ်သမားသပိတ်အပြီးနောက်ပိုင်းကျောင်းသားသပိတ်များဖေါ်ဆောင်ရန် ကြိုးပမ်း ကြံရွယ်ကြသည့်အခါ ကျောင်းသားထုအပေါ် အမြင်များ ကွဲပြားခဲ့ကြသည်။ အချို့က ကျောင်းသားသပိတ်များဖေါ်ဆောင်ရန် မဖြစ်နိုင်ဟု ယူဆကြသည်။ အကြောင်းမှာ ကျောင်းသား အများစုမှာ နိုင်ငံရေးတွင် စိတ်မပါကြဘဲ ပျက်စီးနေကြသည်ဟု ယူဆ၍ဖြစ်သည်။ သုတို့ရည်ညွှန်းသည်မှာ ခေါင်းလောင်း ဘောင်းဘီဝတ်၍ ဆံပင်ရှည်ရှည်ထားသူများ ဆေးခြောက်ရှူသူများ ခပ်ပေါ့ပေါ့နေထိုင်သူများ ကိုယ့်အတွက်ဘဲကြည့်ကြသူများဖြင့်ပြည့်နေသော ကျောင်းသားများနှင့် သပိတ်တိုက်ပွဲဖေါ်ဆောင်၍ မရဟု ယူဆကြသည်။

မိမိတို့ကတော့ ကျောင်းသားထုကို ဤကဲ့သို့မမြင်။ ခေတ်အလိုက်ဝတ်စားဆင်ယင်မှုသည် ပြဿနာမရှိ။ လမ်းပျောက်နေ သူများကို လမ်းဖေါက်ပေးဖို့လိုသည်။ တကယ့်အရေးဆိုလျင် ကျောင်းသားများသည် အစဉ်အလာရှိသည့် ကျောင်းသားတို့၏ စိတ်ဓါတ်နှင့်သတ္တိကို ပြမည်ဟု ယုံကြည်သည်။ လက်ရှိ ရန်ကုန်တက္ကသိုလ်များ၏ အခြေအနေသည် ပုပ်အက်ဆွေးမြေ့ နေသည်မဟုတ်။ မုန်တိုင်းမလာခင် ငြိမ်သက်နေခြင်းမျိုးသာဖြစ်သည်။ ရန်ကုန်တက္ကသိုလ်နယ်မြေ၏ လက်ရှိအခြေအနေ သည် လောင်စာအပြည့်ရှိနေသည့်အနေအထားဖြစ်သည်။ လိုအပ်သည်မှာ မီးပွါးတချက်ကျဖို့သာဖြစ်သည်။ မီပွါးတချက်ကျ လိုက်ပါက မီးဟုန်းဟုန်းတောက် လောင်ကျွမ်းမည်သာဖြစ်သည်ဟု မိမိတို့ သုံးသပ်ခဲ့ကြသည်။

ဤသို့ လေ့လာကြ ဆွေးနွေးငြင်းခုံကြ စုဖွဲ့ကြရင်း ၁၉၇၄ နှစ်ကုန်ပိုင်းသို့ရောက်လာခဲ့ပေတော့သည်။

ဆက်လက်ဖေါ်ပြပါမည်

Mg Mg Soe (မောင်မောင်စိုး)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts