ဇင်လင်း သူတို့အာဘော်

ဇင်လင်း ● ငြိမ်းချမ်းရေးသမိုင်းသစ်အတွက် ကောင်းမွေ ချန်ရစ်နိုင်ကြပါစေ

ဇင်လင်း ● ငြိမ်းချမ်းရေးသမိုင်းသစ်အတွက် ကောင်းမွေ ချန်ရစ်နိုင်ကြပါစေ
(မိုးမခ) စင်တင်ဘာ ၈၊ ၂ဝ၁၆

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစု ပင်လုံ) ကို သြဂုတ် ၃၁ ရက်နေ့မှ စက်တင်ဘာ ၃ ရက်နေ့အထိ ၄ ရက် ကြာ နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2) မှာ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါပြီ။  ညီလာ ခံဖွင့်ပွဲနေ့မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုး၊ ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ NLD နာယက ဦးတင်ဦးနဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းတို့က အဖွင့်မိန့်ခွန်းတွေ ပြောကြား ခဲ့ပါတယ်။ ညီလာခံမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသား ကိုယ်စားလှယ်၊ ပါဝင်သင့်ပါဝင်ထိုက်သူများ အစုအဖွဲ့အသီးသီးမှ ကိုယ်စားလှယ်ပေါင်း ၇၅ဝ ဦး၊ ညီလာခံ ပုံမှန်တက်ရောက် သူများအပါအဝင် အထူးဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ၊ သံတမန်များ စုစုပေါင်း ၁၄ဝဝ ခန့် တက်ရောက်ခဲ့ကြောင်း ညီလာခံပူးတွဲကျင်းပရေးကော်မတီမှတ်တမ်းအရ သိရပါတယ်။ ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံသို့ အစုအဖွဲ့ အသီး သီးမှ ကိုယ်စားလှယ် ၇၂ ဦးက သဘောထားအမြင်စာတမ်းတွေ တင်သွင်းဖတ်ကြားသွားကြောင်း သိရပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်ရဲ ပိတ်ပွဲအခမ်းအနားမှာ ပြောကြားတဲ့မိန့်ခွန်းက ထူးခြားပါတယ်။ ၂၁ ရာစု ပင်လုံညီလာခံမှာ ပွင့်ပွင့် လင်းလင်းဝေဖန်တာတွေကို ကြောက်စရာမလိုကြောင်း၊ ပြဿနာရှိတာကို မရှိချင်ယောင်ဆောင်နေတာကသာ စိုးရိမ်စ ရာဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

‘‘လူတစ်ဦးရဲ့ တန်ဖိုးဆိုတာ တစ်နေ့တစ်နေ့ ပြောင်းနေပါတယ်။ ဘာလို့လဲဆိုတော့ နေ့တိုင်း နေ့တိုင်းက အခွင့်အရေးသစ် ပါ။ တနေ့တနေ့ မိုးလင်းလာတာနဲ့ ကိုယ့်မှာ အခွင့်အရေးသစ်တွေ ရလာတာပါ။ ဒီအခွင့်အရေးသစ်တွေကို ထိုက်ထိုက်တန်တန် သုံးကြပါလို့ တိုက်တွန်းချင်ပါတယ်။ ဒီအခွင့်အရေးသစ်တွေကို ထိုက်ထိုက်တန်တန် သုံးခြင်းအားဖြင့် ကျွန်မတို့ လိုချင်တဲ့ ပန်းတိုင်ကို ရောက်မှာပါ။ အခုပြောသွားတဲ့အထဲမှာ ပွင့်ပွင့်လင်းလင်း ဝေဖန်တာတို့ တိုက်ခိုက်တာတို့ ပါသွားပါတယ်။ ဒီကိုယ်စားလှယ်တွေထဲမှာ ဒီလိုဖြစ်တာဟာ ဘာမှကြောက်စရာမရှိဘူး။ ကျွန်မက ယုံကြည်ပါတယ်။ စိုးရိမ်စရာ မရှိပါဘူး။ ပြဿနာကို စိုးရိမ်စရာမရှိပါဘူး။ ပြဿနာမရှိချင်ဟန်ဆောင်နေရတာသာ စိုးရိမ်စရာဖြစ်ပါတယ်။ ပြဿနာမရှိကြ ဟန် ဆောင်နေရင် ပြဿနာတွေကို ကျွန်မတို့ ဖြေရှင်းနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် သတ္တိရှိရှိနဲ့ ပြဿနာတွေကို ကျွန်မတို့ ရင်ဆိုင်မယ်။ ဖြေရှင်းနိုင်တဲ့ အရည်အချင်းတွေကို ကျွန်မတို့ မွေးထုတ်မယ်။ ကျွန်မတို့ အတူလက်တွဲပြီးတော့ တဦးကို တဦး ကူညီမယ်၊ ဖေးမမယ်။ တဦးရဲ့အမြင်ကိုတဦးက လေးစားမယ်။ နားထောင်မယ်။ သဘောချင်းမတိုက်ဆိုင်ရင်တောင်မှ ဘာကြောင့် မတိုက်ဆိုင်တဲ့ သဘောရှိနေသလဲဆိုတာကို စဉ်းစားရမယ်။ ဒါမှ ကျွန်မတို့ အားလုံးဟာ ညီညီညွတ်ညွတ်နဲ့ ဆက် ပြီးတော့ လိုချင်တဲ့ ငြိမ်းချမ်းရေးပန်းတိုင်ကို အရောက်သွားနိုင်မှာဖြစ်ပါတယ်’’ လို့ ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားခဲ့ပါတယ်။

ညီလာခံ ကိုယ်စားလှယ် ၁၄ဝဝ လောက်ပါဝင်တက်ရောက်ခဲ့တဲ့ ၂၁ ရာစုပင်လုံညီလာခံမှာ စီမံခန့်ခွဲမှု အားနည်းချက်အချို့ ရှိခဲ့ ပေမယ့် ချောချောမောမော ပြီးမြောက်ခဲ့တာတွေ့ရတယ်။ အဆင်မပြေဖြစ်ရတဲ့ ကိစ္စတစ်ခုက ညီလာခံတက်ရောက်ခွင့် ကတ်ပြားကိစ္စနဲ့ ပတ်သက်ပါတယ်။ ‘ဝ ကိုယ်စားလှယ်အဖွဲ့’ ရဲ့ ညီလာခံ တက်ခွင့်ကတ်ပြားထုတ်ပေးရာမှာ အချိတ် အ ဆက်လွဲမှားပြီး၊ လေ့လာသူကတ်ပြားသာထုတ်ပေးခဲ့တာကြောင့်၊ ဆက်မတက်တော့ဘဲ ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။ ဒီကိစ္စအတွက် ငြိမ်းချမ်းရေးကော်မရှင်က ‘ဝ အထူးဒေသ-၂’ ဥက္ကဌ ဦးပေါက်ယူချမ်းထံ  မေတ္တာရပ်ခံစာ ပေးပို့ခဲ့ကြောင်း သိရတယ်။ ဒါပေမယ့် ‘ဝ အဖွဲ့’ ဘက်က ဘာမှအကြောင်းပြန်တာမရှိသေးကြောင်း နေပြည်တော် ငြိမ်းချမ်းရေး ညီလာခံအပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးက ပြောပါတယ်။ ‘ဝ ညီလာခံကိုယ်စားလှယ်အဖွဲ့’ ဘာကြောင့် အခုလို စိတ် ရှည်သီးခံမှုမရှိဘဲ ထွက်ခွာသွားရတယ်ဆိုတဲ့အကြောင်းရင်းကို မသိရပေမယ့် နောင်ဆက်လက် ကျင်းပဖို့ရှိတဲ့ ငြိမ်းချမ်းရေး ညီလာခံဆွေးနွေးပွဲတွေမှာ အခုထက်ပိုပြီး ညီညွတ်ရေးအမြင် ပြန်လည်သင့်မြတ်ရေးအမြင်တွေနဲ့ ပါဝင်သင့်တယ်လို့ ပြည် သူထဲမှာ ဝေဖန်တာတွေတော့ ရှိပါတယ်။

ပထမအကြိမ် အစည်းအဝေး နောက်ဆုံးနေ့ဖြစ်တဲ့ စက်တင်ဘာ ၃ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ပြီး ကျေး ဇူးတင်စကားပြောရာမှာ- ‘‘အခု ကျွန်မတို့ ဒီညီလာခံအတွင်းမှာ တခါတလေလည်း အထစ်အငေါ့တွေဖြစ်တယ်။ မပီ ပြင်တဲ့ကိစ္စလေးတွေလည်းရှိပါလိမ့်မယ်။ ဒါပေမဲ့ ဒီညီလာခံဖြစ်မြောက်အောင်လို့ လုပ်ပေးတဲ့ ပုဂ္ဂိုလ်အားလုံးကို ကျွန်မ လှိုက် လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်’’ လို့ ပြောခဲ့တာ သတိပြုမိပါတယ်။ အခုလို ကြီးမားတဲ့ ညီလာခံကြီးတခုကျင်းပဖို့ ပြင် ဆင်ရတာ လွယ်ကူလှတာ မဟုတ်ပါဘူး။ အနည်းနဲ့အများ အားနည်းချက် လိုအပ်ချက်ကလေးတွေ ဖြစ်နိုင်တာ သဘာဝပါပဲ။ ထူးခြားပြီး သမိုင်းဝင်တဲ့ညီလာခံဖြစ်တာကြောင့်တကြောင်း၊ နိုင်ငံအနှံ့အပြားက လူသိများ ထင်ရှားတဲ့ တိုင်းရင်းသားခေါင်း ဆောင်တွေ စုရုံးလာကြမယ့် အစည်းအဝေးဖြစ်တာကြောင့် တကြောင်း ညီလာခံ ဖြစ်မြောက်ရေး စီစဉ်ဆောင်ရွက်ရသူတွေအဖို့ အထူးစိတ်လှုပ်ရှားစရာ ကိစ္စဖြစ်နေမှာ သေချာပါတယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးရရှိရေးကိစ္စဟာ အလွန်ခက်ခဲတဲ့ကိစ္စဖြစ်ကြောင်း အထူးနှိုးဆော်နေပုံ ရပါတယ်။ တခြားနိုင်ငံတွေမှာလည်း အလားတူအခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းပြီး ငြိမ်းချမ်းရေးရအောင် ယူခဲ့ကြရ ကြောင်း၊ အဲဒီလို တခြားနိုင်ငံတွေမှာ ငြိမ်းချမ်းရေးရရှိတဲ့ အချိန်မှာဆိုရင်လည်း မုဒိတာပွားပြီး စိတ်ချမ်းသာကြရကြောင်း၊ ဘာကြောင့်လဲဆိုတော့ လူသားတွေ အချင်းချင်း ဆက်နွှယ်မှုရှိနေလို့ဖြစ်ကြောင်း၊ တနေရာမှာ ငြိမ်းချမ်းရေးရသွားပြီဆိုရင် မိမိတို့နိုင်ငံအနေနဲ့လည်း မျှော်လင့်ချက်ရှိလာကြောင်း၊ မိမိတို့နိုင်ငံမှာ ငြိမ်းချမ်းရေးအောင်မြင်ပြီဆိုရင်လည်း တခြားနိုင်ငံ တွေအတွက် မျှော်လင့်ချက်ပေးရာရောက်ကြောင်း၊ ဒါကြောင့် မိမိတို့အားလုံး ဒီတာဝန်ကို ကျေကျေပွန်ပွန် ထမ်းဆောင်နိုင်ဖို့ ရရှိလာတဲ့ အခွင့်အရေးဟာ အလွန်ဂုဏ်သိက္ခာရှိကြောင်း၊ ဒီညီလာခံဟာ မိမိတို့ရဲ့ ပထမအစည်းအဝေးဖြစ်ပြီး၊ နောင် အ စည်းအဝေးတွေဆက်လုပ်ရမှာ ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားပါတယ်။

“ဒီညီလာခံဟာ ကျွန်မတို့ရဲ့ ပထမအစည်းအဝေးဖြစ်ပါတယ်။ ပထမအစည်းအဝေးပြီးရင် နောင်လည်း အစည်းအဝေးတွေ လာဦးမှာပါ။ အစည်းအဝေးကြားထဲမှာလည်း လုပ်စရာတွေက အများကြီးရှိပါတယ်။ အမျိုးသားအဆင့် ဆွေးနွေးပွဲများ လုပ် ဖို့ဆိုတာလက် ရှိဒီညီလာခံပြီးတာနဲ့၊ ဒီအစည်းအဝေးပြီးတာနဲ့ စတင်ပြီးတော့ပြင် ဆင်ရတော့မှာ ဖြစ်ပါတယ်။ နောက် ပြီး တော့ CSO Forum တွေ ဖြစ်မြောက်ဖို့အတွက်လည်း စတင်ပြီးတော့ ပြင်ဆင်ရတော့မှာ ဖြစ်ပါတယ်။ လုပ်စရာ အလုပ်တွေ အများကြီးပါ။ ဒါပေမဲ့ လုပ်ရကျိုး နပ်ပါတယ်။ ဘာလို့လဲဆိုတော့ တကယ်တော့ ကျွန်မတို့လုပ်နေတာဟာ ကျွန်မတို့ နိုင်ငံရဲ့ အနာဂတ်အတွက် လုပ်နေတာဖြစ်ပါတယ်။ နိုင်ငံရဲ့အနာဂတ်ဆိုတာ အင်မတန်မှ ကြာရှည်တဲ့ကာလကြီးပါ။ နိုင်ငံရဲ့ အ နာဂတ်မှာ ဒီနိုင်ငံရဲ့အရိပ်ကို ခိုလှုံသွားကြမယ့် ပြည်သူများလည်း မရေမတွက်နိုင်အောင်ရှိလာပါလိမ့်မယ်’’ လို့ ဒေါ်အောင် ဆန်းစုကြည်က အနာဂတ်အချိန်အတွက်ပါ ဆင်ခြင်သုံးသပ်ပြောဆိုခဲ့တာ တွေ့ရတယ်။

ဒီ ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံရဲ့ထူးခြားချက်က တိုင်းရင်းသားအင်အားစုတွေအနေနဲ့ သူတို့အသီးသီးရဲ့ လိုလား ချက်တွေ ခံစားချက်တွေ မျှော်လင့်ချက်တွေကို လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း ထုတ်ဖော်နိုင်ခဲ့ပါတယ်။ အဲဒီ ထုတ် ဖော်တင်ပြချက်တွေကို တိုင်းရင်းသား ပြည်သူလူထုအားလုံးလည်း ရုပ်သံသတင်းမီဒီယာကနေ တိုကရရိုက် သိခွင့်ရရှိခဲ့ တာလည်း ထူးခြားပါတယ်။ ဒါကြောင့် ပြဿနာတွေကို ဖြေရှင်းဖို့ အခြေခံအကြောင်းချင်းရာတွေကိုလည်း ပွင့်ပွင့်လင်းလင်း သိရှိလာနိုင်တဲ့အတွက် သမိုင်းမော်ကွန်း တင်ရမယ့်ညီလာခံ တစ်ခုဖြစ်ပါတယ်။

တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်သတိပေးပြောကြားသလို ဒီ ၂၁ ရာစု ပင်လုံညီလာခံဟာ မိုင်ပေါင်းကုဋေခရီး အတွက် ပထမဆုံးလှမ်းတဲ့ ခြေလှမ်းမျှသာ ဖြစ်ပါတယ်။ စစ်အာဏာရှင် စနစ်အောက်မှာ ရာစုနှစ်တဝက်ကျော် နေခဲ့ရတဲ့ မြန်မာနိုင်ငံ အဖို့ အသစ်တဖန် ပြန်လည်စတင်ရေးခရီးဟာ ဘယ်နည်းနဲ့မှ မလွယ်နိုင်ပါဘူး။ ဘာကြောင့်လဲ။ စစ်အာဏာရှင်စနစ်က ဒီမိုကရေစီ သစ်ပင်ကြီးကို ပင်စည်နဲ့တကွ အကိုင်းအခက်တွေပါမကျန် ခုတ်ထွင်ဖယ်ရှားခဲ့ရုံမက၊ အမြစ်တွေကိုပါ တူးဖေါ် မြေလှန်ခဲ့လို့ ဖြစ်ပါတယ်။ ဒီအချက်ကို ဒီကနေ့ နိုင်ငံရေးခေါင်းဆောင်တွေ (Political Stakeholders) သတိမမေ့ကြဖို့ လိုပါတယ်။ ပြည်တွင်းစစ်ရပ်စဲရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့အတွက် စစ်အာဏာရှင်တွေ သတ်ခဲ့တဲ့ ဒီမိုကရေစီသစ်ပင်ကြီး ပြန်လည်ရှင်သန်အောင် ဝိုင်းဝန်းဆောင်ရွက်ကြဖို့ကိုလည်း သတိပြု မိကြစေချင်တယ်။

ဗိုလ်နေဝင်း စစ်အာဏာသိမ်းပြီးနောက် အရင်ဆုံး ကျောင်းသားသမဂ္ဂတွေကို ဖျက်သိမ်းခဲ့ပါတယ်။ အလားတူ ဒီမိုကရေစီ အခြေခံအဆောက်အအုံတွေဖြစ်တဲ့ အလုပ်သမားသမဂ္ဂ လယ်သမားသမဂ္ဂနဲ့ စာရေးဆရာသမဂ္ဂ အစရှိတဲ့ နိုင်ငံသားတို့ရဲ့ မွေးရာပါအခွင့်အရေးတွေကို အကာအကွယ်ပေးတဲ့ လူမှုအဖွဲ့အစည်းတွေကို ရန်သူသဖွယ် တိုက်ခိုက်ဖျက်သိမ်းခဲ့ပါတယ်။ Democracy Institution တွေအနက် အရေးအပါဆုံးဖြစ်တဲ့ နိုင်ငံရေးပါတီတွေနဲ့ သတင်းစာတွေကိုလည်း ပိတ်ပင် ခဲ့ပါ တယ်။ ဒါတင်မက နိုင်ငံသားတိုင်းရဲ့ ရပိုင်ခွင့်ဖြစ်တဲ့ လွတ်လပ်စွာ ပြောဆိုခွင့်၊  လွတ်လပ်စွာ သတင်းအချက်အလက် မျှဝေ ခွင့်၊  လွတ်လပ်စွာ အသင်းအပင်းထူထောင်ခွင်၊့ လွတ်လပ်စွာ စီပွားရေးလုပ်ပိုင်ခွင့် အစရှိတဲ့ နိုင်ငံသားအခွင့်အရေး တွေကို လည်း ပိတ်ပင်တားမြစ်ခဲ့ပါတယ်။ လွတ်လပ်စွာ တရားစီရင်ရေးစနစ် (Independent Judiciary) လည်း ဖြိုလှဲခံခဲ့ရ တယ်။ ဒီအပြင် လွတ်လပ်တဲ့ ပညာသင် ကျောင်းတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ ဘဏ်တွေ၊ ဥယျဉ်ခြံမြေ လယ်ယာမြေတွေ ပါမကျန် နိုင်ငံပိုင်သိမ်းယူခဲ့တာကြောင့် သယံဇာတပေါကြွယ်ဝတဲ့ တိုင်းပြည်နဲ့လူထုဟာ ဆင်းရဲမွဲတေခဲ့ရတယ်။ အာရှမှာ ချမ်းသာ ကြွယ်ဝတဲ့ နိုင်ငံစာရင်းကနေ ကျဆင်းခဲ့ရပြပြီး၊ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံ Least Developed Country (LDC) စာရင်းဝင်တဲ့အထိ လျောကျ ခဲ့ရတယ်။ ဒါကြောင့် ဒီကနေ့ မြန်မာပြည်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေး အရေးကြီးသလို ဒီမိုကရေစီ သစ်ပင်ကြီးကို ပြန်လည်ရှင်သန်အောင် လုပ်ဖို့ကလည်း အလွန်အရေးကြီးပါတယ်။

ဆိုလိုတာက ပြည်တွင်းစစ်ရပ်နိုင်ပြီး၊ ပြည်တွင်ငြိမ်းချမ်းရေးရရှိသည့်တိုင် စစ်အာဏာရှင်စနစ်ရဲ့ အကျင့်စရိုက်နဲ့ လုပ်နည်း လုပ်ဟန်တွေကို မဖယ်ရှင်းနိုင်ရင် တိုင်းပြည်နဲ့လူထုဟာ ဆင်းရဲတွင်းက လွတ်မြောက်ဖွယ်မရှိပါဘူး။ ဒါကြောင့် ငြိမ်းချမ်းရေး အတွက် ဆွေးနွေးပွဲတွေ ဆက်လက်လုပ်နေချိန်အတွင်းမှာပဲ၊ စစ်အာဏာရှင်စနစ် လုပ်ထုံးလုပ်နည်းတွေကိုလည်း တပြိုင် နက် ဖျက်သိမ်းဖို့ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ လိုရင်းကိုပြောရရင် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ဒီမိုကရေစီစနစ်နဲ့ လျော်ညီအောင် လွှတ်တော်အပိုင်းက တပြိုင်နက် ကြိုးစားပြင်ဆင်ကြရပါမယ်။ အမျိုးသား ပြန်သင့်ရုံ၊ သေနတ်သံတွေ တိတ်သွားရုံနဲ့ တိုင်းပြည်နဲ့ လူထု ဥပဒေစိုးမိုးမှုအောက်မှာ အေးချမ်းသာယာစွာ နေထိုင်ရမယ်လို့ မမြင်သေးပါ။ အထက်မှာဆို ခဲ့တဲ့ ဖျက်သိမ်းခံခဲ့ရတဲ့ ကျောင်းသားသမဂ္ဂတွေ အလုပ်သမားသမဂ္ဂတွေ လယ်သမားသမဂ္ဂတွေနဲ့ စာရေးဆရာ/သတင်းစာ ဆရာသမဂ္ဂတွေ အစရှိတဲ့ ဒီမိုရေစီအထောက်အကူပြုအဖွဲ့တွေ ပြန်လည်ရှင်သန်လာအောင် အစိုးရက ဖန်တီးပေးရပါ လိမ့်မယ်။ သတင်းစာလွတ်လပ်ခွင့်၊ စီးပွားရေးတန်းတူ လွတ်လပ်ခွင့်၊ လွတ်လပ်တဲ့ တရားစီရင်ရေး ရှင်သန်ခွင့် အစရှိတဲ့ အခြေခံအခွင့်အရေးတွေ ရှင်သန်ရေးကိုလည်း အစိုးရနဲ့ လွှတ်တော်များက ပြည်သူလူထုနဲ့လက်တွဲ ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ ဒါမှသာ ငြိမ်းချမ်းရေးနဲ့အတူ တိုင်းပြည်ပြန်လည် ဖွံ့ဖြိုး တိုးတက်မှာ ဖြစ်ပါတယ်။ ဒါကြောင့် တိုင်းပြည်နဲ့လူထုကို တကယ်မေတ္တာထားတယ်ဆိုရင် တပ်မတော်ကလည်း ၂ဝဝ၈ ဖွဲ့စည်းပုံကို ဒီမိုကရေစီ ဖွဲ့စည်းပုံဖြစ်အောင်ပြင်ဆင်ရေးကိစ္စ မှာ အဟန့်အတား မလုပ်ဘဲ အားပေးကူညီဖို့ တိုက်တွန်းလိုပါတယ်။

ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညီလာခံအပိတ်မိန့်ခွန်းထဲက စကားတချို့ကို ကိုးကားဖေါ်ပြလိုပါတယ်။

“ကျွန်မတို့ဟာ ဒီလောကကြီးထဲကို လာသွားရတာဟာ တစ်ခဏလေးပါ။ ကျွန်မတို့ အသက်ဘယ်လောက်ရှည်နိုင်မလဲ။ ဒီ တော့ ကျွန်မတို့ဟာ ကိုယ်ရှိတဲ့ အချိန်လေးကို တန်ဖိုးရှိအောင် သုံးကြပါစို့၊ ကိုယ်ရှိတဲ့ အချိန်လေးကို အရင်တုန်းက ဖြစ်ခဲ့တဲ့ ကိစ္စတွေကို ပြန်လှည့်ကြည့်ပြီး အာယာတတွေ ပွားနေမယ့်အစား တဦးပေါ်တဦး သံသယတွေပွားနေမယ့်အစား ကျန်တဲ့ အချိန်အတွင်းမှာ ဘယ်လိုအာဃာတတွေပျောက်အောင် လုပ်မလဲ။ ဘယ်လိုဒီသံသယတွေကင်းစင်အောင် လုပ်မလဲ။ ဘယ်လိုကောင်းမွန်တဲ့ အမွေအနှစ်တစ်ခုကို ချန်ထားခဲ့မလဲဆိုတာကို စဉ်းစားကြပါစို့လို့ ကျွန်မကနေပြီးတော့ တိုက်တွန်းချင် ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က သတိပေးနှိုးဆော်ထားပါတယ်။

အလွန် လေးလေးနက်နက် စဉ်းစားရမယ့် အချက် ဖြစ်ပါတယ်။ နောင်လာနောက်သားတို့ဖတ်ရှုကြမယ့် သမိုင်းစာမျက်နှာ ပေါ်မှာ မိမိတို့ဟာ ‘ကောင်းမွေချန်ရစ်သူ’ လား။ ဒါမှမဟုတ် ‘ဆိုးမွေချန်ခဲ့သူ’ လား။ ဘယ်ပုံစံနဲ့ သမိုင်းမှတ်တမ်း ချန်ရစ် ခဲ့မှာလဲ။ သက်ဆိုင်သူ နိုင်ငံရေးခေါင်းဆောင်တွေ စဉ်းစားကြဖို့ပါပဲ။ အချိန်က မဆိုစလောက်သာ ကျန်ပါတော့တယ်။ လက်ကျန် အချိန်အနည်းငယ်ကို တန်ဖိုးရှိရှိအသုံးချပြီး နောင်မျိုးဆက်တွေအတွက် ငြိမ်းချမ်းရေး သမိုင်းမော်ကွန်းသစ် တစ်ရပ်ကို ‘ကောင်းမွေ’ အဖြစ် ချန်ထားနိုင်ခဲ့ကြပါစေလို့ နှိုးဆော်လိုကြောင်းပါ ….။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts