ကဗျာ ရန်လင်းအောင်

ရန်လင်းအောင် – ကောင်းကင်ကအဖြူရောင်ဆိုပေမယ့် ၊ မိုးတွေရွာနေပြီ အဖေ …..

Than Htay Maung


ရန်လင်းအောင် – ကောင်းကင်ကအဖြူရောင်ဆိုပေမယ့် ၊ မိုးတွေရွာနေပြီ အဖေ …..
(မိုးမခ) သြဂုတ် ၃၀၊ ၂၀၁၆

အဖေစိုက်ခဲ့တဲ့
အိမ်ရှေ့က ဗန်ဒါပင်အရိပ်အောက်မှာ
ရပ်ရင်း အဖေ့အကြောင်းတွေးလေ
စကားစရှာမရလေ မိုးသည်းလေ …
ဒီနေရာလေးက မိုးပိုလုံသလိုပါပဲ အဖေ….
ပြောလေ
တွေးလေ
ရေးလေ …..
ပြောမယ့်သာပြောရတယ် ….
အဖေ့အကြောင်းက
ဘယ်ကစလို့ ဘယ်မှာ
အဆုံးသတ်လို့ ရပါ့မလဲ..

မရတော့ဘူး …
လက်ဖဝါးတွေ အေးစက်သွားပြီ တဲ့
မျက်နှာကွက်ခနဲပျက်သွားတယ် တဲ့
ခြေဖဝါးတွေ အေးစက်သွားပြီ တဲ့
တစ်ယောက်ယောက်
ပါးစပ်ဆော့ပြီးပြောလိုက်သလား ….
ငါ စမ်းကြည့်တော့ နွေးနေတုန်းပဲ
ဟုတ်တယ်
အဖေ့လက်ဖဝါးတွေ
အဖေ့ခြေဖဝါးတွေ
အခုထိ နွေးနေတုန်းပဲ
နွေးနေတုန်းပါပဲ ။ ။

ဟော့ ….
သတင်းစာရောက်ပြီ အဖေ
အဖေဖတ်တဲ့ အင်္ဂလိပ်သတင်းစာ
ရောက်ပါပြီ အဖေ
သတင်းစာပို့သမားဆီ
အမေက မြန်မာသတင်းစာပြောင်းပို့ဖို့
သတင်းပြန်ပို့လိုက်ရပါပြီ အဖေ ။

ရန်လင်းအောင်

၂၈.၈.၂၀၁၆ တွင်
ကွယ်လွန်သွားသော အဖေ သို့ /…


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts