ကဗျာ

လင်းသက်ငြိမ် ● မီးလောင်နေတဲ့ မြို့တော်

လင်းသက်ငြိမ် ● မီးလောင်နေတဲ့ မြို့တော်
(မိုးမခ) သြဂတ်စ် ၂၈၊ ၂၀၁၆


ဆာလောင်ခြင်းအကြောင်း
သင်ပုန်းကျေတဲ့မြို့တော်
ပိုလီယိုဝေဒနာသည်ရဲ့
ခြေလက်တွေလို
သေးတဲ့နေရာကသေးပြီး
ကြီးတဲ့နေရာကကြီးလို့
မညီမျှမှုတွေပေါ်ပေါ်လွင်လွင်ကြီး
ကိုယ်ဟန်ပြနေတယ်
မေတ္တာတရားဟာ အိမ်ပြန်မလာတာကြာပြီတဲ့
ချစ်ခြင်းတွေကအရောင်မပါရင်
လူကြိုက်မများတော့ဘူးဆိုပဲ
ဖွံ့ဖြိုးမှုတွေက  ကိုယ်ကျင့်တရားတွေကို
လည်မျိုတက်နင်းထားတယ်
မတရားမှုဟာ ရိုးရာဓလေ့ဖြစ်လို့
အပြုံးတွေထဲမှာ ဓားတွေဝှက်ထားတယ်
စကားလုံးတွေဟာ အစစ်မဟုတ်တော့ဘူး
အလှအပတွေဟာ အစစ်မဟုတ်တော့ဘူး
ရှုခင်းတွေဟာ
အစစ်မဟုတ်တော့ဘူး
အစားအစာတွေဟာ
အစစ်မဟုတ်တော့ဘူး
လူတွေဟာ
အစစ်မဟုတ်တော့ဘူး
ဥပဒေဟာ
အစစ်မဟုတ်တော့ဘူး
ပန်းပွင့်တွေဟာ အစစ်မဟုတ်တော့ဘူး
ဆည်းလည်းသံတွေဟာ
အစစ်မဟုတ်တော့ဘူး
ဒါဆို ဘာတွေကအစစ်လဲ
ဘယ်အရာတွေအစစ်လဲ
မေးလာတဲ့ မြို့သားတစ်ယောက်ရဲ့
ပါးစပ်ထဲကနေ မီးတောက်တွေ
ထွက်လာတာမြင်ရတယ်။

လင်းသက်ငြိမ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts