သာဂိ နိုင်ငံတကာရေးရာ

ဒီမိုကရက်ပါတီက ညီညွတ်ရေးကို ဦးတည်ပြီ


ဒီမိုကရက်ပါတီက ညီညွတ်ရေးကို ဦးတည်ပြီ
(နိုင်ငံတကာသာဂိ) ဇူလိုင် ၂၈၊ ၂၀၁၆

ပြိုင်ဘက်ပါတီဖြစ်တဲ့ ရီပတ်ဘလစ်ကန်တွေက အမုန်းစကား၊ သွေးခွဲစကားတွေ လက်ရှိအစိုးရနဲ့ တဖက်ပါတီကို တဖက်သတ် စွတ်စွဲမှုတွေနဲ့ တိုက်ခိုက်နေချိန်မှာ ယခုတပတ် တနင်္လာနေ့က ကျင်းပတဲ့ ဒီမိုကရက်ပါတီ ညီလာခံကြီးကနေ ပါတီတွင်းနဲ့ မဲဆန္ဒရှင်များကြားက မတူညီတဲ့ အမြင်တွေ ဆန္ဒတွေကို ပေါင်းစည်းနိုင်ကြောင်း၊ နိုင်ငံရေး စီးပွားရေးအကြပ်အတည်းကြားကနေ ပြည်သူတွေ ညီညွတ် ချစ်ခင်မှုနဲ့ ကျော်လွှားနိုင်မှာ ဖြစ်တဲ့အကြောင်း တခဲနက် ထုတ်ဖော်နေတာ တွေ့ရပါတယ်။

ဒီမိုကရက်ပါတီညီလာခံမကျင်းပခင် ချိန်ကိုက်ပြီးတော့ ရုရှားဟက်ကာတွေ ခိုးယူသွားတဲ့ ပါတီရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးဆိုင်ရာ အီးမေးတွေကို ၀ီကီလိ(က်)ကနေ အထုတ်ဖြေလိုက်ပါသေးတယ်။ ၀ိကီလိက်ဆိုတဲ့ လျို့ဝှက်ချက်ပေါက်ကြားရေးလှုပ်ရှားမှုကနေ ကလင်တန်၏ အရှုပ်တော်ပုံတွေကို ပြည်သူကို ချပြပြီး ကလင်တန်နဲ့ ဒီမိုကရက်တွေကို နင်းနှိမ်ဖို့ ကြိုးစားခဲ့ပါတယ်။ ရုရှားအစိုးရက နောက်ကွက်မှ ပတ်သက်တယ်၊ အမေရိကန်ပြည်တွင်းရေး သမ္မတရွေးကောက်ပွဲကို ထိခိုက်အောင် လုပ်ကြံတာဖြစ်တယ်လို့ အမေရိကန်အစိုးရ၊ အက်ဖ်ဘီအိုင်နဲ့ ဒီမိုကရက်ပါတီတို့က ပြန်လှန်စွတ်စွဲခဲ့ပါတယ်။ ရီပတ်ဘလစ်ကန်သမ္မတလောင်း သေဌေးကြီး ဒေါ်နယ်ထရန့်ကတော့ ထိုလုပ်ကြံမှုကို အားပါးတရ ထောက်ခံပြီး ရုရှားတွေ ၀ိကီလိ(က်)တွေကို အားပေးမှုတွေ ထုတ်ဖော်ပြောဆိုလိုက်ပါသေးတယ်။

ဒီမိုကရက်ပါတီ သမ္မတလောင်းရွေးပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ အထက်လွှတ်တော်အမတ် ဘာနီးဆင်းဒါး ဘက်တော်သားတွေက ပါတီညီလာခံမှာ ဟီလာရီကို ခြိမ့်ခြိမ့်သဲအောင် ကန့်ကွက် ဆန္ဒပြခဲ့ကြတာမို့ ဘာနီဆင်ဒါးကိုယ်တိုင်က အခု ပါတီသမ္မတလောင်း ဟီလာရီကလင်တန်ကို သူကိုယ်တိုင် ထောက်ခံကြောင်း၊ တိုင်းပြည်တိုးတက် ထွန်းကားရေးအတွက် ဆက်လက်တိုက်ပွဲဝင်ကြရဦးမှာမို့ သူနဲ့အတူ ဒီမိုကရက်တွေ ညီညွတ်စွာ ဟီလာရီနောက်က ရပ်တည်ပြီး အနိုင်ရအောင် ဆက်ကြိုးစားကြစို့လို့ ထုတ်ဖော် တိုက်တွန်းလိုက်ပါတယ်။ တိုင်းပြည်ကို နည်းမျိုးစုံနဲ့ အတွေးအခေါ်ဟောင်းတွေထဲ ဇွတ်ဆွဲနေတဲ့ ရီပတ်ဘလစ်ကန်တွေလက်ထဲက ကယ်တင်ဖို့ အခု ပါတီညီလာခံကနေ သမ္မတလောင်း ဟီလာရီကို အားလုံး ထောက်ခံမှု ပြသကြဖို့ လိုတယ်လို့ ပြောလိုက်ပါတယ်။

နိုင်ငံရေးသက်တမ်း နှစ် ၃၀ ကျော် အမျိုးသမီးအရေး၊ ကလေးသူငယ်အရေး၊ ပညာရေး၊ အလုပ်သမားအရေး၊ နိုင်ငံခြားရေး၊ ကျန်းမာရေး နယ်ပယ်ပေါင်းစုံမှာ လှုပ်ရှားခဲ့သူ အမျိုးသမီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ယခု အမေရိကန်ရဲ့ ပထမဦးဆုံးသော ပါတီသမတလောင်းကို ပါတီညီလာခံကနေ အတည်ပြု ထုတ်ပြန်ဖို့ ခင်ပွန်း၊ သမ္မတဟောင်း ဘီကလင်တန်က အခြားပါတီခေါင်းဆောင်များနဲ့ အတူ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဟီလာရီကို နားလည်ဖို့ လူတွေ အတော်ကြိုးစားရတယ်၊ သူမဟာ အလုပ်ကြိုးစား ရည်မှန်းချက်ကြီးလွန်းတာမို့ လူအချို့က သူမကို ဟန့်တားချင်ကြတယ်။ ဒီအခက်အခဲအတားအဆီးတွေ အများအပြားကြားထဲက ဟီလာရီဟာ သမ္မတလောင်းအဖြစ်ကို လှမ်းတက်နိုင်ခဲ့တယ်လို့ ပါတီခေါင်းဆောင်အများအပြားက ၀န်ခံ ပြောကြားခဲ့ကြပါတယ်။ ဘာနီဆင်းဒါးက လက်ဝဲဆန်ပြီး သူမက လက်ဝဲ လက်ယာတွေကြားထဲမှာ ဟန်ချက်ညီအောင် ကြိုးပမ်းခဲ့တာကြောင့် ၂ဘက်စလုံးက သူမကို မယုံကြတာလို့လည်း ဝေဖန်သူတွေက ထောက်ပြကြပါတယ်။

မည်သို့ပင်ဖြစ်စေ ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်း ပထမဦးဆုံးသော အမေရိကန်၏ သမ္မတလောင်းအဖြစ် ဟီလာရီကလင်တန်ကို ဒီမိုကရက်ပါတီညီလာခံကနေ အတည်ပြုလွှာ တင်သွင်းနေကြပြီး ကြာသပတေးနေ့ နောက်ဆုံးမှာ သူမကိုယ်တိုင် လက်ခံစကားပြောလို့ အခိုင်အမာ အတည်ပြုလိုက်တော့မှာ ဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts