ဆောင်းဖြူ ● ဒီနှစ်လည်း ရွာမှာရေမြုပ်ပြန်ပြီ
(မိုးမခ) ဇွန် ၂၅၊ ၂၀၁၆
ဒီနှစ်လည်း
ရွာမှာ ရေမြုပ်ပြန်ပြီ …
ကျွန်တော့်ကျောင်းစာအုပ်တွေ စိုရွှဲ စုတ်ပြဲ
သင်ခန်းစာတွေ ဖွာလန်ကြဲကုန်တယ်။
အဖေက သူ့စိုက်ခင်းဖရိုဖရဲတွေကို
ဝမ်းနည်းပန်းနည်းကြည့်
အမေက တအိအိနဲ့ ငို
အဘွားကတော့ သွားလေသူအဘိုးကိုတမ်းတ
ကျုပ်တို့ရွာ အဖြစ်ဆိုးကို ထကြည့်စမ်းပါဦးတော့ တဲ့။
ရေတွေ ရေတွေ
အားလုံးကို ဖုံးလွှမ်းပစ်လိုက်တဲ့ရေတွေ…
“ဒီရေတွေ ဘယ်ကလာတာလဲဆရာ” လို့
ရွာကျောင်းက ဆရာလေးကို
ကျွန်တော်ကမေးတော့ –
“အထက်ဘက် ကုန်းမြင့်တွေမှာ
သစ်တောသစ်ပင်တွေ ပြုန်းတီးသွားလို့
မကောင်းဆိုးဝါးရေတွေက
အနိမ့်ပိုင်းကို လာ လာ ဒုက္ခပေးနေတာ” တဲ့
ဆရာလေးက ပြောပြတယ်။
ချောင်းအထက်ဘက်ကနေ ဘီလူးတကောင်လို
တဟုန်ထိုး စီးဆင်းလာတဲ့
တောင်ကျရေတွေဟာ
အိုးအိမ်တွေကို ရိုက်ချိုး
စားရေရိက္ခာတွေကို ဖျက်ဆီး
သက်ရှိတွေကို သယ်ဆောင်သွား
သူ ထားခဲ့တာက
မျက်ရည်စနဲ့သောကတွေ … ။
အဲဒီဘီလူးသရဲ ရေတွေဖြစ်အောင်
ဘယ်သူတွေ ဖန်ဆင်းနေတာလဲ …
ကျွန်တော်တို့ရွာကိုမှ
ဘာလို့ လာ လာ ခြောက်လှန့်နေရတာလဲ …
သိပ်မကြာခင်
မနှစ်ကလို
ဟိုမှာဒီမှာ အလှူခံသံတွေ
ကြားရပြန်ဦးမယ်
ပြန်လည်ထူထောင်ရေးဆိုတာတွေ
တွေ့ရပြန်ဦးမယ်
ကျွန်တော်တို့ ရွက်ဖျင်တဲတွေမလိုချင်ပါဘူး
ကျွန်တော်တို့ ထမင်းထုပ်တွေမလိုချင်ပါဘူး
ကျွန်တော်တို့ အ၀တ်အထည်တွေမလိုချင်ပါဘူး
ကျွန်တော်တို့ ဆေးတွေဝါးတွေ မလိုချင်ပါဘူး။
ဒီတခါရေမြုပ်လို့ ဖြန့်လိုက်ရတဲ့လက်က
နောက်တခါရေမြုပ်ရင်လည်း
ထပ်ဖြန့်ရပြန်ဦးမယ်။
တကယ်တော့
နောက်နှစ် နောက်နှစ်တွေမှာ
ကျွန်တော်တို့ဘ၀တွေ ထပ်မမြုပ်ဖို့
နောက်နှစ် နောက်နှစ်တွေမှာ
ကျွန်တော်တို့ အနာဂတ်တွေ ထပ်မမြုပ်ဖို့
နောက်နှစ် နောက်နှစ်တွေမှာ
အဲဒီဒုက္ခရေတွေ ထပ်ရောက်မလာဖို့သာ
ကျွန်တော်တို့ အလိုရှိတာပါ။
ဆောင်းဖြူ
၂၀၁၆ ဇွန် ၁၈