ရသဆောင်းပါးစုံ မောင်မောင်စိုး

မောင်မောင်စိုး ● တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လျှပ်စစ်စွမ်းအင်

မောင်မောင်စိုး ● တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လျှပ်စစ်စွမ်းအင်

အပိုင်း (၁)

(မိုးမခ) ဇွန် ၁၈၊ ၂၀၁၆

 

● တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး
တိုင်းပြည်တပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များစွာရှိပါသည်။ အကြောင်းအချက်များစွာရှိသည်။ ထိုအထဲတွင် လျှပ်စစ်စွမ်းအင်သည်အရေးပါသည့်အကြောင်းအချက်တရပ်ဖြစ်သည်။ ကွန်မြူနစ်ခေါင်းဆောင်တဦးအဖြစ် လူသိများသော လီနင်သည် ရုရှားနိုင်ငံတွင် ဇာဘုရင်ကိုဖြုတ်ချသည့် အောက်တိုဘာတော်လှန်ရေးအပြီးတွင် လျှပ်စစ်ဖြင့် ဆိုရှယ်လစ် လောက တည်ဆောက်ကြဟု ဆိုခဲ့သည်။ ဆိုချင်သည်မှာ တိုင်းပြည်တပြည်၌ မည်သည့်စနစ်ကျင့်သုံးသည်ဖြစ်စေ လျှပ်စစ် စွမ်းအင်အရေးကြီးသည်ကို အားလုံးက သတိပြုမိကြသည်ဟူ၍ ဖြစ်သည်။

ခေတ်သစ်တိုင်းပြည်တခုတည်ဆောက်ရာတွင် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်မှု ခေတ်မှီနည်းပညာဖွံ့ဖြိုးတိုးတက်မှုများ အ ပေါ် အခြေပြုကြသည်။ စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများသည်ပင် ခေတ်မှီစက်ကရိယာများ နည်းပညာများအသုံးပြု၍ ထုတ် လုပ်ရေးတိုးမြှင့်ရန်အတွက်လည်းကောင်း၊ ထပ်တိုးတန်ဖိုးမြှင့်နိုင်ရန်အတွက်လည်းကောင်း၊ အချောထည်ထုတ်လုပ်ရန်အတွက်လည်းကောင်း၊ တာရှည်ခံနိုင်ရန်အတွက်လည်းကောင်း အသုံးပြုကြရသည်။

ဤသို့ဆောင်ရွက်ရန် လျှပ်စစ်စွမ်းအင်လိုအပ်ပါသည်။ လျှပ်စစ်စွမ်းအင်မရှိဘဲ တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင် ရွက်၍ မဖြစ်နိုင်ပါ။ လက်ရှိမြန်မာပြည်၏ လျှပ်စစ်ထုတ်လုပ်မှုမှာ ၃၅၀၀ မဂ္ဂါဝပ်ခန့်သာရှိပြီး တိုင်းပြည်အိမ်ထောင်စုပေါင်း ၃၃ ရာခိုင်နှုန်းသာ လျှပ်စစ်မီးပေးနိုင်သေးပြီး ၆၆ ရာခိုင်နှုန်းခန့် လျှပ်စစ်မီး မရသေးဟုဆိုပါသည်။ ထိုစာရင်းမှာ တပြည်လုံးပျမ်းမျှ စာရင်းသာဖြစ်ပြီး ပြည်နယ်များတွင် လျှပ်စစ်မီးမရသည့်အချိုးအစား ပိုမြင့်ဖွယ်ရှိသည်။အထူးသဖြင့် ရန်ကုန်မန္တလေးနှင့် မြို့ကြီးပြကြီးများတွင် မီးရရှိသေးပြီး ကျေးလက်အများစုမှာ လျှပ်စစ်မီးမရသေးဟု ဆိုရပါမည်။

ထိုသို့ လျှပ်စစ်မီးရသည်ဆိုသည့် ရန်ကုန် မန္တလေးမြို့ကြီးများပင်လျင် လျှပ်စစ်စွမ်းအင် မလုံလောက်ဘဲ မကြာခဏမီးပြတ် တောက်နေသည်ကို အားလုံးအသိပင်ဖြစ်သည်။ ဤသို့ လူထုပင် လျှပ်စစ်မီး မလုံလောက်သည့်အခြေအနေတွင် ထုတ် လုပ်ရေးမြှင့်တင်ရန် မည်သည့်လျှပ်စစ်စွမ်းအင်ကို အသုံးပြုမည်နည်း။ တိုင်းပြည်ကို ဆင်းရဲတွင်းမှ ဆွဲထုတ်ရန် မည်သည့် လျှပ်စစ်စွမ်းအင်ကို အသုံးပြုမည်နည်း။

မြန်မာပြည်ကဲ့သို့ဆင်းရဲသော တိုင်းပြည်တပြည် ဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံရပ်ခြားရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရန်လိုအပ်သည်။ နိုင်ငံရပ်ခြားမှ အရင်းအနှီးအတတ်ပညာများဖြင့် စက်မှုလုပ်ငန်းများထူထောင်ပြီး တိုင်းပြည်ထုတ်ကုန်မြင့်တက်စေခြင်း အ ခွန်အခ ဝင်ငွေရရှိစေခြင်း မိမိပြည်သူများအလုပ်အကိုင် အတတ်ပညာရရှိစေခြင်းဖြင့် တိုင်းပြည်ကို တွန်းတင်ရမည်ဆိုသည်ကို အများကလက်ခံပြီးသား အကြောင်းအရာတခုဖြစ်သည်။

ယနေ့ စီးပွားရေးအင်အားကောင်းလာသည့် တရုတ်ပြည်သည်ပင် ၁၉၈၀ စီးပွားရေး တံခါးဖွင့်ဝါဒကျင့်သုံးပြီးမှ တိုးတက် လာခြင်းဖြစ်သည်။ ၁၉၈၀ မတိုင်မီက ရိက္ခာ လောင်စာ ပိတ်စမှအစ ရာရှင်စနစ်ဖြင့် ခွဲတမ်းချ ၍ သုံးစွံခဲ့ရသည့် နိုင်ငံဖြစ်ခဲ့သည်။ ၁၉၈၀ နောက်ပိုင်း နိုင်ငံရပ်ခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာပြီးနောက် တရုတ်၏ နိုင်ငံခြားပို့ကုန်အများစုမှာ ပြည်ပရင်းနှီး မြှုပ်နှံမှ ဖြစ်ခဲ့သည်။

ထိုသို့ နိုင်ငံရပ်ခြားရင်းနှီးမြှုပ်နှံများသည် တံခါးဖွင့်ပေါ်လစီ လိုအပ်သည့်ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာဥပဒေအပြင် အခြေခံအဆောက် အအုံများ ကောင်းမွန်စွာရှိရန်လိုအပ်သည်။ ထိုအခြေခံအဆောက်အအုံများတွင် အရေးကြီးလိုအပ်သည်မှာ လျှပ်စစ်စွမ်းအင် ဖြစ်သည်။ မြန်မာပြည်အစိုးရက မည်သို့လက်ကမ်းခေါ်သည်ဖြစ်စေ လက်ရှိ မြန်မာပြည်အရပ်သားအစိုးရသစ်ကမည်သို့ပင် အပြောင်းအလဲများလုပ်မည်ဆိုစေ လာရောက်ရင်းနှီးမြှုပ်နှံမည့်လုပ်ငန်းများအတွက် လျှပ်စစ်စွမ်းအင်မရှိက လာရောက်မြှုပ်နှံနိုင်လိမ့်မည်မဟုတ်ပေ။ ပြီးခဲ့နှစ်များက ကိုးရီးယားမှ ဆမ်ဆောင်အီလက်ထရောနစ်ကုမ္မဏီမှ မြန်မာပြည်တွင် လာရောက် ရင်းနှီးမြှုပ်နှံပြီး စက်ရုံတည်ရန်ပြင်ဆင်ခဲ့သေးသော်လည်း လျှပ်စစ်စွမ်းအား အာမခံနိုင်ခြင်းမရှိ၍ ဗီယက်နမ်နိုင်ငံသို့ ဆမ် ဆောင်၏ ရင်းနှီးမြှုပ်နှံမှု ရောက်ရှိသွားသည်ဟု ဆိုပါသည်။

လက်ရှိ မြန်မာပြည်၌ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ဝယ်ယူသုံးစွဲမှုမှာ ၃၅၀၀ မဂ္ဂါဝပ်သာရှိသော်လည်း မြန်မာပြည်လူဦးရေနှင့် အလှမ်းမကွာသည့်အာရှ၏ ကျားနှစ်ကောင်ဖြစ်သော ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့၏ လျှပ်စစ်စွမ်းအင် ထုတ်လုပ်သုံးစွဲမှု မှာ များစွာမြင့်သည်။ ထိုင်းနိုင်ငံ၏လျှပ်စစ်သုံးစွဲမှုမှာ ၂၉၉၀၀ မဂ္ဂါဝပ်ဖြစ်ပြီး ဗီယက်နမ်၏ လျှပ်စစ်သုံးစွဲမှုမှာ ၂၀၀၀၀ မဂ္ဂါဝပ် ရှိသည်။ ထိုင်းက မြန်မာထက် ၈ ဆကျော်မြင့်ပြီး ဗီယက်နမ်က ၆ ဆခန့် မြင့်မားသည်။

သို့ဖြစ်ရာ မြန်မာပြည်အဖို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်စွမ်းအင်မည်သို့ ထုတ်လုပ်ရယူမည်ဆိုသည်မှာ အရေးကြီးပြဿနာဖြစ်သည်။ ထိုင်းတို့ ဗီယက်နမ်တို့အား ကျော်တက်ရန်မဆိုထားနှင့် လိုက်မှီရန်ပင် အတော်ကြိုးစားရပေ မည်။ စိတ်ဓာတ်သက်သက်ဖြင့် လုပ်၍ မရနိုင်ပေ။ လျှပ်စစ်စွမ်းအင်နှင့်ပတ်သက်၍ လက်တွေ့ကျသည့်ခြေလှမ်းများ စီမံ ကိန်းများရှိရန်လိုသည်။ ပလိုင်းပေါက်နှင့် ဖားကောက်သကဲ့သို့ လျှပ်စစ်ဖြည့်တင်းရန်စဉ်းစားချက်များနှင့် မလုံလောက်ချေ။ ထိုသို့ စနစ်ကျသော လျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းကြီးများ ရေးဆွဲလုပ်ဆောင်ခြင်းမရှိဘဲ ထိုင်းနိုင်ငံ ဗီယက်နမ်တို့အား ကျော်တက်ရန်မဆိုထားနှင့် လိုက်မှီရန်ပင် ဖြစ်နိုင်လိမ့်မည်မဟုတ်ပေ။

● လျှပ်စစ်အင်ဂျင်နီယာတယောက်၏ အမြင်
လက်ရှိ မြန်မာလျှပ်စစ်တွင် တာဝန်ထမ်းဆောင်နေသည့် အင်ဂျင်နီယာတဦးဖြစ်သူ ကိုမျိုးမင်းနိုင်၏အမြင်မှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

၁။ ဓာတ်အားခတိုးမြှင့်ကောက်ခံရန် အမှန်တကယ်လိုအပ်နေသော်လည်း ပြည်သူများ၏ဝင်ငွေအရ မတို့ မထိရဲ။

၂။ ဓာတ်အားမလုံလောက်မှုအတွက် ဓာတ်အားတိုးထုတ်ဖို့ ရေအား/ကျောက်မီးသွေးဓာတ်အားထုတ်လုပ်မှုများကို ပြည်သူ လက်ခံနိုင်အောင် မစွမ်းဆောင်နိုင်လို့ မထိရဲ မတို့ရဲ။

၃။ ဓာတ်ငွေ့က ဓာတ်အားထုတ်ဖို့ ဓာတ်ငွေ့ အရောင်းလက်လွန်လို့ မထိရဲ မတို့ရဲ။

၎။ ဓာတ်အားပျောက်ဆုံးမှုနှင့် ဓာတ်အားပို့လွှတ် / ဖြန့်ဖြူးရေးဆက်စပ်ပစ္စည်းများ အဆင့်မှီအောင်လုပ်ဖို့ လိုအပ်သောငွေ အလုံအလောက်မရှိလို့ မထိရဲ မတို့ရဲဟု သုံးသပ်ထားပါသည်။


ဤသုံးသပ်ချက်များသည် လက်တွေ့ကျ၍ အလေးထားသုံးသပ်ကြည့်စေလိုပါသည်။

● လျှပ်စစ်စွမ်းအင်လုံလောက်ရေး
အထက်တွင် ဖေါ်ပြထားသည့် အချက် ၄ ချက်အနက်၌ ဒုတိယအချက်နှင့် တတိယအချက်မှာ လျှပ်စစ်စွမ်းအင်လုံလောက်အောင်ထုတ်လုပ်ရေးနှင့်ပတ်သက်ပါသည်။ လက်ရှိ မြန်မာပြည်တွင် ထုတ်လုပ်နေသည့် လျှပ်စစ်စွမ်းအင်ပမာဏသည် တ ပြည်လုံးမဆိုထားနှင့် ရန်ကုန် မန္တလေးမြို့ကြီးများတွင်ပင် မလုံလောက်သည်ကို လက်တွေ့ပင်ဖြစ်သည်။ သို့ဖြစ်ရာ တိုင်းပြည် အတွက် လျှပ်စစ်စွမ်းအင် လုံလောက်အောင် မည်သို့ဖြေရှင်းမည်နည်း။ လျှပ်စစ်စွမ်းအင်လုံလောက်ရေးဆိုသည်မှာ အိမ် တိုင်းစေ့ မီးလင်းရေးမျှ သာမဟုတ်ပေ။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် လျှပ်စစ်စွမ်းအင်ကို ထုတ်လုပ်ရန် လည်း လိုအပ်သည်ကို သတိပြုရန် အထူးလိုအပ်ပါသည်။

လက်ရှိကာလတွင် လျှပ်စစ်စွမ်းအင်ထုတ်လုပ်ရန် လိုအပ်ချက် ၂ ခုရှိသည်။ တခုမှာ လတ်တလော လိုအပ်ချက်ကို ဖြေရှင်း ရန်အတွက်ကို ဖြေရှင်းရန်အတွက်ဖြစ်သည်။ နောက်တခုမှာ ရေရှည်ပြဿနာကို ဖြေရှင်းရန်အတွက်ဖြစ်သည်။ မဖြစ်မနေဖြေ ရှင်းရမည့်ပြဿနာများဖြစ်သည်။ လက်ရှိ လျှပ်စစ်စွမ်းအင်တိုးတက်ထုတ်လုပ်နိုင်ခြင်းမရှိပါက လာမည့် သုံးလေးတွင် မီးအ လှည့်ကျပေးသည့်စနစ်သို့ ပြန်လည်ရောက်သွားနိုင်ပါသည်။

လတ်တလောလိုအပ်ချက်ကိုဖြည့်တင်းနိုင်သည်မှာ သဘာဝဓာတ်ငွေ့စက်ရုံနှင့် ကျောက်မီးသွေးစက်ရုံတို့ဖြစ်သည်။ မြန်မာ ပြည်တွင် သဘာဝဓာတ်ငွေ့ များပြားစွာထွက်သည်ဆိုသည်သော်လည်း ယခင်အစိုးရလက်ထက်က တိုင်းပြည်ဖွံ့ဖြိုးတိုး တက်ရေးအတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာတွင် အသုံးမပြုခဲ့။ ရသမျှ ရောင်းစားခဲ့ကြသည်။ ထိုင်းအားလည်းကောင်း၊ တရုတ်အားလည်းကောင်း၊ ရောင်းစားခဲ့ကြရာ ယခုကိုယ်ရောင်းခဲ့သည့် ကိုယ့်ဓာတ်ငွေ့ကို ပြန်ဝယ်ရန်ကြိုးစားနေ သော်လည်း ဓာတ်ငွေ့တော့မရောင်းနိုင် လျှပ်စစ်ဓာတ်အား ပြန်ရောင်းမည်ဟုဆိုသည်။ ယခင်အစိုးရလက်ထက်က ပြုခဲ့ သော အကျိုးဆက်ကြောင့် ဈေးပေါပေါနှင့်ရောင်းခဲ့သောဓာတ်ငွေ့အစား ဈေးကြီးသော လျှပ်စစ်ဓာတ်အား ပြန်ဝယ်ရမည့် အခြေသို့ ဆိုက်နေသည်။

ဤပြဿနာတွင် အဆိုပါနိုင်ငံများကို အပြစ်တင်၍မရပေ။ နိုင်ငံတကာထုံးတမ်းစဉ်လာနှင့်အညီ သူတို့စာချုပ်ချုပ် ဝယ် ယူထားခြင်းဖြစ်ရာ သူတို့ဝယ်ယူထားသောဓာတ်ငွေ့ကို သူတို့စီမံပိုင်ခွင့်ရသွားပြီဖြစ်သကဲ့သို့ အကျိုးအမြတ်လည်းတွက် မည်သာ ဖြစ်သည်။ ပြဿနာမှာ ရေရှည်တိုင်းပြည်အကျိုးစီးပွားကိုမကြည့် မျက်တောင်မွှေးတဆုံးသာကြည့်တတ်သော အုပ်စိုးသူများနှင့် ကြုံကြိုက်ရသည့် မြန်မာပြည်မှာ လျှပ်စစ်တွေပိုနေလို့ ရောင်းစားရပါသည်ဆိုသော ဗြောင်လိမ်သူများနှင့် ကြုံကြိုက်ခဲ့ရသည့် မြန်မာပြည်ပြည်သူများ၏ စိတ်ပျက်ဘွယ်ကောင်းသည့် ဆိုးဝါးသည့်ကံကြမ္မာကိုသာ အပြစ်တင်ရပေတော့ မည်။

အကယ်၍ သဘာဝဓာတ်ငွေ့ဝယ်မရပါဘဲ လျှပ်စစ်ပြန်ဝယ်ရပါက တယူနစ်လျှင် ၁၅၀ အထက်တွင် အနည်းဆုံးရှိနိုင်သည်။ လတ်တလောဖြေရှင်းရန်သဘာဝဓာတ်ငွေ့အပြင် နောက်တခုမှာ ကျောက်မီးသွေးစက်ရုံဖြစ်သည်။ ကျောက်မီးသွေးစက်ရုံ နှင့်ပတ်သက်၍ ပြင်းထန်စွာဆန့်ကျင်သူများရှိနေရာ အဖြေတခုတော့ရှာဖို့ လိုအပ်ပေမည်။

ထို့ပြင် ရေရှည်ပြသနာကိုလည်း မဖြစ်မနေစဉ်းစားရမည်။ ထိုင်းတို့ဗီယက်နမ်တို့အား အမှီလိုက်နိုင်ရန် မြန်မာပြည်အနေနှင့် လျှပ်စစ်ဓာတ်အားအနည်းဆုံး ၁၅၀၀၀ မဂ္ဂါဝပ်ခန့် ထုတ်လုပ်ရန် လိုအပ်နေသည်။ ဤမျှ များပြားသည့် လျှပ်စစ်ပမာဏကို ထုတ်လုပ်ရန် မြန်မာပြည်အနေအထားနှင့်ဆိုလျှင် ရေအားလျှပ်စစ်မှသာ ထုတ်ယူသုံးစွဲရန်သာ ရှိသည်။ ရေအားလျှပ်စစ်မှ စွမ်းအင်ထုတ်လုပ်ခြင်းသည် ကုန်ကျစားရိတ်အနည်းဆုံး အသက်သာဆုံးဖြစ်သည်။

တဖက်တွင်လည်း လက်ရှိမြန်မာ့ပင်လယ်ပြင်တွင် ထုတ်လုပ်နေသောသဘာဝဓာတ်ငွေ့တွင်းများမှာ လာမည့် ၁၀ နှစ်နှင့် အနှစ် ၂၀ အတွင်း ကုန်ခမ်းသွားနိုင်သည်ဟုဆိုသည်။ သဘာဝဓာတ်ငွေ့တွင်းအသစ်များ ရှာဖွေတွေ့ရှိနိုင်သော်လည်း အကန့်အသတ် ရှိသည်။ ရေအားလျှပ်စစ်ကတော့ အကန့်အသတ်အနဲဆုံးဖြစ်သည်။

သို့ဖြစ်ရာ လက်ရှိမြန်မာပြည် စွမ်းအင်လိုအပ်ချက်အတွက် သဘာဝဓာတ်ငွေ့ကလက်လွန်နေသည့်အချိန်တွင် ရေတိုပြဿ နာဖြေရှင်းရန် ကျောက်မီးသွေးစက်ရုံသည်လည်းကောင်း၊ ရေရှည်အတွက် ရေအားလျှပ်စစ်သည်လည်းကောင်း၊ မဖြစ်မနေ ထည့်သွင်းစဉ်းစားလုပ်ဆောင်ရန် လိုအပ်ပေတော့သည်။ သို့သော် အဆိုပါကျောက်မီးသွေးစက်ရုံ ရေအားလျှပ်စစ်ဆိုသည်နှင့် ဒေသခံများ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းမှုနှင့် အရပ်ဖက်လူ့အဖွဲ့အစည်းများ၏ ကန့်ကွက်မှုများနှင့် မလွဲမရှောင်သာ ထိပ်တိုက်ရင်ဆိုင်ရပေတော့မည်ဖြစ်ပါသည်။

● ဒေသခံ သဘာဝပတ်ဝန်းကျင်နှင့် လျှပ်စစ်စွမ်းအင်
လက်ရှိအခြေအနေတွင် သစ်တောပြုန်းတီးမှုများ သတ္တုထုတ်လုပ်မှုများကြောင့် မြန်မာပြည်တွင် သဘာဝပတ်ဝန်းကျင်ထိခိုက် မှုရှိနေသည်ဟုဆိုကြသော်လည်း နိုင်ငံခြားသားအချို့ကတော့ မြန်မာပြည်သည် သဘာဝအပျိုစင်အတိုင်းရှိသေးသည်ဟုဆိုကြသည်။ သူတို့ဆိုလိုသည်မှာ မူလသဘာဝပတ်ဝန်းကျင်အား ပြုပြင်ပြောင်းလဲထားသည့် အသွင်အပြင်များစွာ မရှိသေး သည်ကို ဆိုလိုပါသည်။

လက်တွေ့တွင် မြန်မာပြည်၏အဓိကမြစ်ကြီး ၄ ခုဖြစ်သော ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်းမြစ်များပေါ်တွင် ရေ အားလျှပ်စစ်ဆောက်လုပ်ရန် ကြံရွယ်ချက်များရှိသည်ဆိုသော်လည်း ယနေ့တိုင် မည်သည့်စီမံကိန်းမှအကောင်အထည် မဖေါ်နိုင်သေးပါ။ အဆိုပါ မြစ်များအားလုံးကို သဘာဝအတိုင်းထားမည်လော (သို့မဟုတ်) မိမိတို့တိုင်းပြည်အတွက်အကျိုး ရှိစေရန် ရေအားလျှပ်စစ်ထုတ်လုပ်မည်လော မိမိတို့ ရွေးချယ်ရမည်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကြား အလယ်အလတ်လမ်းကို ရွေးချယ်ရန်လိုသည်။

အဆိုပါမြစ်များ၌ ရေအားလျှပ်စစ်ထုတ်လုပ်ရန်ရည်ရွယ်ပါက ပထမဆုံးကြုံတွေ့ရသည့်ပြဿနာမှာ ဒေသခံများပြဿနာဖြစ် သည်။ ရေအားလျှပ်စစ်လုပ်ငန်းခွင်မှ ပြောင်းရွှေ့ဖယ်ရှားခံရသည့် ဒေသခံများပြဿနာဖြစ်သည်။ ၁၉၉၅/၉၆ ချင်းတွင်းမြစ် ပေါ်ရှိ ထမံသီရေအားလျှပ်စစ်တည်ဆောက်ရန်အတွက်လည်းကောင်း၊ ၂၀၀၉ ခုနှစ် မြစ်ဆုံရေအားလျှပ်စစ်တည်ဆောက် ရန်အတွက်လည်းကောင်း၊ ဒေသခံများ အမိန့်အာဏာအသုံးပြု၍ အဓမ္မပြောင်းရွှေ့ခဲ့ကြသည်။ ဒေသခံများအား သဘော ပေါက်လက်ခံလာအောင် ဆွေးနွေးရှင်းလင်းသည့်နည်းလမ်း မသုံးခဲ့ကြပေ။ အလားတူ ပြောင်းရွှေ့ခံရသည့် ဒေသခံများ အတွက် နေရာထိုင်ခင်းမှစ၍ လိုအပ်သည့်အသက်မွေးဝမ်းကြောင်း စီစဉ်ပေးခဲ့မှုများ အားနည်းခဲ့သည်။

လိုအပ်သည်မှာ ဒေသခံများအား နားလည်သဘောပေါက်လက်ခံအောင် ဆွေးနွေးရှင်းလင်းခြင်း ပြောင်းရွှေ့ခံရသည့်ဒေသ ခံများအား နေရာထိုင်ခင်းမှစ၍ အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်ကို ပြည့်ပြည့်ဝဝ စီစဉ်ပေးခြင်းတို့ကို ဂရုစိုက်ဖြေရှင်း ပေးရန်လိုအပ်သည်။

ရေအားလျှပ်စစ်စက်ရုံတည်ဆောက်ပါက ရေမြုပ်ဧရိယာရှိမည်ဖြစ်ရာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု တစုံတရာရှိမည်သာ ဖြစ်သည်။ ထွက်လာမည့်လျှပ်စစ်ဓာတ်အားနှင့်သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကြား အလေးသာသည့်ဖက်ကို အကျိုးရှိစွာ အသုံးချဖို့ လိုသည်။ တကယ်တမ်းဆိုလျှင် မြန်မာပြည်၏အဓိက မြစ်ကြီး ၄ ခုအပေါ် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် လျှပ်စစ်စွမ်းအင်ထုတ်လုပ်ရန် လိုအပ်သည်။ ထိုသို့ထုတ်လုပ်ရာတွင် ဒေသခံများနှင့်ပတ်သက်သည့် ပြဿနာ သဘာဝပတ်ဝန်းကျင်ပြဿနာများကို ထည့်သွင်းစဉ်းစားဖြေရှင်းရန်လိုမည်။ ရေအားလျှပ်စစ်တည်ဆောက်ရာတွင်မြစ်ဆုံကဲ့သို့ လူထုလက်မခံနိုင်သည့် နေရာများကို သတိပြုရန်လိုသည်။ ရှည်လျားသော မြစ်များတွင် တည်ဆောက်နိုင်သည့်နေရာ များစွာရှိပါသည်။

တဖက်ကလည်း သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးအဖွဲ့အစည်းများ အရပ်ဖက်လူ့အဖွဲ့အစည်းများအနေနှင့်လည်း လျှပ် စစ်စွမ်းအင်အား စားရိတ်အကုန်အကျအနည်းဆုံးနှင့် ထုတ်လုပ်နိုင်မည့် ရေအားလျှပ်စစ်ထုတ်လုပ်ရေးသည် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် မြန်မာပြည်၏ လက်တွေ့ကျသောပြဿနာဖြစ်သည်ကို သဘောပေါက်လက်ခံရန်လိုသည်။ လျှပ်စစ်စွမ်းအင်လိုအပ်ချက်နှင့် ရရှိအောင်လုပ်ဖို့ လိုသည်ဆိုသည့်အချက်ကို အသိမှတ်ပြုရန်လိုသည်။ မြန်မာပြည်ရှိ မည်သည့်မြစ် ပေါ်မှ ရေအားလျှပ်စစ် အဆောက်မခံနိုင်ဆိုသည့် အစွန်းဖက်ကို ရှောင်ရန်လိုအပ်မည်။

အလားတူပင် ရေတိုအတွက် စဉ်းစားရမည့် ကျောက်မီးသွေးစက်ရုံပြဿနာတွင်လည်း လူနေထူထပ်သည့်နေရာများတွင် စက်ရုံတည်ခြင်းကိုရှောင်ရှားခြင်းဖြင့် ပြဿနာပြေလည်အောင် စဉ်းစားရန်လိုအပ်မည်။ အချို့ကတော့ ကျောက်မီးသွေးလုံးဝ လက်မခံ No Coal ဟု ဆိုကြသည်။ အတော်ပင် ဆွေးနွေးငြင်းခုံရပေလိမ့်မည်။ သို့သော် လက်တွေ့က လတ်တလော စွမ်းအင်လိုအပ်ချက်ကို မဖြည့်စွမ်းနိုင်ပါက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေဆဲပင်ဖြစ်မည်။ ရင်းနှီးမြှုပ်နှံမှုများလုပ် နိုင်လိမ့်မည် မဟုတ်ပေ။ သို့ဖြစ်ရာ ကျောက်မီးသွေးစက်ရုံမလုပ်ဆိုလျှင် မည်သို့ပြဿနာဖြေရှင်းမည်ဆိုသည်ကို နည်းလမ်း ရှာ ရန် လိုအပ်ပေမည်။

 

ဆက်လက်ဖေါ်ပြပါမည်

Mg Mg Soe (မောင်မောင်စိုး)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts