(၁၉၈၈၊ သြဂုတ်လတွင်း အဖြစ်အပျက်များ) ကျနော်က အပြင်မှာ အခုအချိန် လူငယ်ကျောင်းသားတွေကို
ဒီမိုကရေစီ လူထုအုံကြွ မှု လှုံ့ ဆော်ရေး၊ ထိန်းသိမ်းရေးနဲ့ လှုပ်ရှားမှု ပုံစံမျိုးစုံကို အသိပေးရေးလုပ်ဖို့ လိုအပ်တယ်လို့  ဆုံးဖြတ်လိုက်ပါတယ်။ တရက် နှစ်ရက်ကုန်သွားပြီ။ အရင်ဆုံး လူငယ်တွေနဲ့  ကျောင်းသားတွေကို ပြောပြရင် အခုလိုအချိန်မှာ အမြန်ဆုံး သဘောပေါက် သွားမယ်ဆိုတာလည်း တွက်မိပါတယ်။ ဒါကြောင့်
နေ့လည်(၁)နာရီသာသာ လူစုကွဲသွားတာနဲ့ တပြိုင်နက် ကောင်စီရုံးမှာ ပါတီ အတွင်းရေး မှူး ဦးစိန်ဟန်နဲ့  တွေ့ ပါတယ်။
“ဦးစိန်ဟန်…. ကျနော်ကျောင်းသားမိဘတွေ ကျောင်းဆရာတွေနဲ့  ပေါင်းပြီး ဆန္ဒပြပွဲ တွေ ရပ်ပေးဖို့ မေတ္တာရပ်ခံချင်တယ်” လို့  ပြောလိုက်ပါတယ်။ သူက ချက်ခြင်းပဲ ‘ကောင်းတာပေါ့’ လို့  သဘောတူ ပါတယ်။
‘ဥက္ကဌ ကိုပြောလိုက်ဗျာ၊ ကိုထွန်းသိန်း အထက်တန်းကျောင်းနဲ့ အလယ်တန်းကျောင်းမိဘ ဆရာ အသင်း နှစ်ခု ပေါင်းအစည်းအဝေးကို အထကမှာ အမြန်ခေါ်ပေးကွာ” လို့  ပြောလိုက်ပါတယ်။ သူက ကောင်စီမှာ ပညာ ကျန်းမာ ကိုင်တယ်။ တပည့်ဟောင်းလည်းဖြစ်တယ်။ ဒီလိုနဲ့  တရားရုံးပြန် ထမင်းဘူးမြန်မြန်ဖွင်းစားပြီး အ ထ က ကိုသွားပါတယ်။ ဒီအချိန်မှာ အချိန်တိုတို အတောအတွင်း အလုပ်မြန်မြန်လုပ် ဖြစ်ပါတယ်။ ကျနော် အ ထ က
ရောက်တော့ လူစုံနေပါပြီ။ အချိန်တိုအတွင်းဘဲ အဆုံးအဖြတ် ကျပါတယ်။ မိဘ ဆရာ အသင်းနှစ်ခုရဲ့  ပန်ကြားလွှာလို့  ရေးပါ။ ကျောင်းသားကို ထိခိုက်စေမဲ့ သဘောမျိုးမပါပါစေနဲ့  ။ဒီတော့ အားလုံးကဘဲ ” ဆရာကြီး မေတ္တာရပ်ခံတယ် ဆိုရင်ပြီးတာဘဲ။ မိဘဆရာအသင်းရဲ့  ပန်ကြားလွှာဆိုတာက သဘောလောက်ပါ’လို့ ပြောကြပါတယ်။ ဖူးစကတ် စာမျက်နှာ တဝက်လောက်ပဲရှိပါတယ်။
ဂတ်စတန်နာ နဲ့  အမြန်လှိမ့်။ သဖန်းကုန်းကို ဆရာကြီး ဦဇာညွှန့် သွား၊ ဘုရားငါးဆူနဲ့  မှတ်တိုင်ကို ဆရာဦးခင်မောင် သွား၊ မြို့ ပေါ်(၁၂) ရပ်ကွက်ကို မိဘ ဆရာ အသင်းဝင် တချို့နဲ့  ကျောင်းအုပ် ဆရာမကြီး နှစ်ယောက်..။ ကျနော်နဲ့  ဟိုးတုန်းက ဗကသ ဟောင်း ဦးမြစန်း တို့ဆိုပြီး လူစုခွဲလိုက်ကြတယ်..။ ကားတစ်စီးစီ ပေါ့။ အသံချဲ့  စက်တပ်ထားတဲ့ ဒိုင်နာကားတစ်စီးမှာ ရှေ့ ခန်းက ကျနော်၊ ဦးမြစန်းနဲ့  ဒရိုင်ဘာထိုင်ပါတယ်။ နောက်ခန်းမှာ ကျန်တဲ့သူတွေထိုင်ပြီး ကျနော်တို့  ကားထွက်တော့ (၄) နာရီလောက်ရှိပါပြီ။
တောင်ပိုင်းကို အရင် သွားပါတယ်။ အရှေ့လမ်းအတိုင်းမောင်းပြီး ဈေးရပ်ကွက်(၁)၊ မင်းကွက်(၁)၊ စသဖြင့်ပေါ့။
တစ်နေရာမှာ တစ်ခါရပ်၊ ကျနော်က မေတ္တာရပ်ခံချက် ပြောပြပြီးတော့ မိဘဆရာများအသင်းရဲ့ ပန်ကြားလွှာကို ကျောင်းအုပ် ဆရာမကြီး တစ်ဦးက ဖတ်ပေါ့။
” ‘ကျောင်းသား ကျောင်းသူများနဲ့  မိဘများခင်ဗျား….. ကျနော် ပေါင်းတည် အထက ကျောင်းအုပ်ဆရာကြီးဟောင်း ဦးအုန်းနိုင် မေတ္တာ ရပ်ခံအပ်ပါတယ်ခင်ဗျား…..။ (၈.
စိတ်ပင်ပန်း လူပင်ပန်းဖြစ်ကြရတာပါဘဲ။ ဆန္ဒပြနေတဲ့ ကျောင်းသား ကျောင်းသူများရဲ့  မိဘများအနေနဲ့ လည်း မိမိတို့  သားသမီးများ အတွက် စိတ်ပူပန် ပင်ပန်းခဲ့ကြ ရပါတယ်။ ဈေးရုံများ ရက်ဆက်ပိတ်ခံရလို့  ရောင်းပန်းဝယ်ပန်းများလည်း ပျက်ခဲ့ကြရပါတယ်။ နောက်တစ်ကြောင်းကလည်း ကျောင်းသား ကျောင်းသူများက
ငယ်ရွယ်သူများဖြစ်လို့  နေ့စဉ်ရက်ဆက် ဒီလို ဆန္ဒပြ ခဲ့ခြင်းများ ကြောင့် ကျန်းမာရေး ထိခိုက်
လာနိုင်တဲ့ အခြေအနေများ ဖြစ်ပေါ်နေတာကို ကျနော်လည်း အကဲခတ်မိပါတယ်။ ကျနော့် အနေနဲ့  ဒီရက်တွေမှာလှုပ်ရှားဆောင်ရွက်ခဲ့ရတဲ့ အခြေအနေကို ကျောင်းသား ကျောင်းသူများ နဲ့  မိဘများ
သဘောပေါက်ကြစေလိုပါတယ်။ ဒါကြောင့် ဒီဆန္ဒပြပွဲကိုတော့ တော်လောက်ပါပြီ။ ရပ်ဆိုင်းလိုက်ကြ ဖို့ လိုအပ်လာပါပြီ ..လို့  ကျနော် ယူဆတဲ့ အတွက် ကျနော်နဲ့ အတူ ဒီဆန္ဒပြပွဲ အတွင်း ထိန်းသိမ်းခဲ့ကြ တဲ့ ဆရာ ဆရာမများ မိဘများနဲ့ တိုင်ပင်ပြီး ပေါင်းတည်မြို့ ပေါ် ကျောင်းနှစ်ကျောင်းရဲ့ မိဘဆရာအသင်းများ အနေနဲ့  ကျောင်းသား ကျောင်းသူများနဲ့  မိဘများကို ပန်ကြားဖို့  စည်းဝေးဆုံးဖြတ်ပြီး ပန်ကြားချက်တစ်ရပ်
ထုတ်ပြန်လိုက်ပါတယ် ခင်ဗျား။ ဒီမိဘ ဆရာ အသင်းမှာပါတဲ့ မိဘတစ်ဦး အနေနဲ့  လည်းကောင်း၊ အ ထ က ရဲ့  ကျောင်းအုပ်ကြီး ဟောင်း အနေနဲ့  လည်းကောင်း ကျနော် အနူးအညွတ် ပန်ကြားအပ်ပါတယ်။ ကျောင်းသားများရဲ့ ဆန္ဒပြပွဲများကို ခေတ္တ ရပ်ဆိုင်းပေးကြပါ ခင်ဗျား..။မိဘများကလည်း ကျနော့်ကို ကူညီတဲ့
အနေနဲ့  မိမိတို့ ရဲ့  သားသမီးများကို ထိန်းသိမ်းတားမြစ် ပေးကြပါခင်ဗျား။ ကျောင်းသား ကျောင်းသူတပည့်တို့ …..ဆရာကြီး မင်းတို့ ကို မေတ္တာ ရပ်ခံပါတယ်။ ဆရာကြီး မင်းတို့ အတွက် ဘာလုပ်ခဲ့သလဲ။ လုပ်ခဲ့တာတွေဟာ မင်းတို့ အကျိုးအတွက်ချည်းပါဘဲ။ မင်းတို့ တွေ ဒါကို နားလည်ရင်..။ ဆရာကြီး ကိုချစ်ရင် လေးစားရင် ဆရာကြီး ရဲ့ 
မေတ္တာရပ်ခံချက်ကို လက်ခံကြပါ။ ဆရာကြီးရဲ့ မေတ္တာ နဲ့  စေတနာ ကို နားလည်ကြ ပါ..” ဒီလို ရှေ့ က ကျနော်ပြောပြီးရင် မိုက်ခွက်ကို နောက်ခန်း လှမ်းလိုက်ပါတယ်။
ဒီတော့မှ ဆရာမကြီး နှစ်ဦး အနက် တစ်ဦးက မိဘဆရာ အသင်း ရဲ့ ပန်ကြားလွှာကို ဆက်ပါတယ်။ အစတော့ ကားပေါ်လိုက်တဲ့သူ တွေလည်း နည်းနည်းကြောက်ပါတယ်။ ကျနော်လည်း ကြောက်ပါ တယ်။ ဘယ်နေရာက ခဲနဲ့ပေါက်လိုက်မလဲ။ ဘယ်နေရာက သံပုံးတီးလိုက်မလဲနဲ့ပေါ့။ ကျနော်လည်း အရဲစွန့်  ရတာပါ။ ကျနော်ရဲ့ အဓိက စေတနာကလည်း ဒီဆန္ဒပြပွဲကြီးရပ်ပြီး ပျက်သွားဖို့ မဟုတ်ဘူး။ ခဏနား လူစုလူဝေးနဲ့  လုပ်နည်းကိုင်နည်း ဒီမိုကရေစီတိုက်ပွဲပုံသဏ္ဍာန် အမျိုးမျိုး အကြောင်းကို အသိပေးဖို့လိုအပ် နေသေးလို့  အချိန်ယူတာဘဲ။ ပြီးတော့ ကျနော် ကျောင်းသားတွေရဲ့  ဆိုက်ကို(စိတ္တဗေဒ)ကို သင်ခဲ့တဲ့သူဘဲ။ အကဲခတ်မိတာပေါ့။ သူတို့  အထဲမှာ ၅ တန်း ၆ တန်း ၇ တန်းဆိုတဲ့ ကလေးတွေက စီတန်းလှည့်လည်တာ ကြွေးကြော်သံအော်ရတာ စိတ်ပါပေမဲ့ နေပူထဲထိုင်ပြီး အပေါ့အလေး သွားချင်လို့ မှ လူအုပ်ကြီးထဲက မဖောက်ထွက်နိုင်ဘဲ ပေထိုင်နေရတဲ့ဒုက္ခ၊
အပေါ်ကလည်းနေပူ မိုးရွာ၊ ရာသီဥတုဒဏ်ခံ။ ခေါင်းဆောင်ပိုင်း ကလည်း ဒီလိုအခြေအနေကြီး ကို ဘယ်လောက်ဆက်လုပ်နေရမလဲ။ ရပ်ပစ်လိုက်ရင် လူထုက လက်ခံမလား ဆက်လုပ်နေရင်ရော လူတွေက ပိုပြီး ထိန်းမနိုင် သိမ်းမနိုင်ဖြစ်လာမလား။ ငြီးငွေ့  သွားမလား။ ဒီလို အခြေအနေ တွေကို တွက်ပြီး လုပ်တာဘဲ။ မှားနိုင်ချေတော့ မရှိနိုင်ဘူး။ ပြီးတော့ နောက်ဆက်တွဲ လုပ်စရာတွေလည်း မြန်မြန် ဆက်ရမယ်လို့  တွက်ပြီး စွန့်
ရတာတော့နည်းနည်းပါတာပေါ့။
ည(၇)နာရီ လောက်မှာ မြောက်ပိုင်းကပြန်လှည့်ပြီး (၃၈)လမ်းအတိုင်း (၃၇)လမ်း ထောင့်မှာ တစ်ခါ ပြောပြီး
ကျနော်ကားပေါ်ကဆင်းပါတယ်။ ကားကတော့ တန်းလတ်ကျောင်းအထိ ဆက်သွားပြီး ဒီနေ့  ပြီးဆုံး ပါတယ်။ မှတ်တိုင်လမ်းအိမ်မှာ ထမင်းစားတော့ တူ၊ တူမ သမီးတွေနဲ့  သူတို့  ရဲ့  သူငယ်ချင်း လုပ်ဖော် ကိုင်ဖက် တွေကို
စုခိုင်းလိုက်ပါတယ်။ ကျနော်ထမင်းစားပြီး ချိန်မှာ သူတို့ လူစုမိသလောက်၊ နှစ်ဆယ်လောက်ရှိမယ် ထင်တယ် တွေ့ ကြပါတယ်။ သူတို့ က စပြီးပြောပါတယ်။ သူတို့ မနက်ဖြန်ကစပြီးတော့ ရပ်ပေးဖို့  ဆုံးဖြတ် ပြီးပြီတဲ့။ ကျနော်က
ဒီမိုကရေစီတိုက်ပွဲ ပုံသဏ္ဍာန်များမှာ၊ လူထုစည်းဝေးပွဲ၊ စီတန်းလှည့်လည်ပွဲ၊ ပိုစတာ ကန်ပိန်း၊ ကြေညာချက် ဝေငှတာ၊ စတဲ့ ပုံသဏ္ဍာန်အမျိုးမျိုး ရှိရာမှာ လူထုအစည်းအဝေးနဲ့  စီတန်းလှည့်လည်ပွဲ လုပ်ရင် အာဂျင်တာနဲ့ အစည်းအဝေး
အစီအစဉ်၊ စနစ်တကျလှည့်လည်ဖို့ စည်းကမ်းထိန်းသိမ်းရေး တွေ အရေးကြီးတဲ့ အကြောင်း အချိန်အတောမသတ်မဖြစ်စေဘဲ၊ ကန့်သတ်တဲ့အချိန်အတွင်း အစည်းအဝေးများကို စနစ်တကျ ရုတ်သိမ်းနိုင်ရေးဆိုတာတွေရှိဖိ
အနားယူရင်း ပိုစတာတိုက်ပွဲလုပ်လို့ ရတယ်ဆိုတာလည်း ထည့်ပြောရတယ်။ နောက်နေ့  မှာ တခြား လူငယ် တစ်စုနဲ့ တွေ့ ဖို့  စီစဉ်ပေးဖို့ ..။ တခြားကျောင်းသားအုပ်စုများနဲ့ လည်း တွေ့ နိုင်ဖို့  စတာတွေ စီစဉ်ကြပါတယ်။ သူတို့  အားလုံးက သဘောပေါက်ကြ ပါတယ်။ အဲဒီကျမှ ရွာက တက်လာတဲ့သူတွေကို သူတို့ ထိန်းရင်း ကြောက်လာပုံ၊ တချို့ က ထီးထဲမှာဓါးထဲ့လာတာ ဆိုတာတွေ ကို..ပြောပြကြတယ်။
Photo credit – http://tharafi.blogspot.com/2013/03/blog-post_29.html