စာစုတို ဆောင်းလူ

ဆောင်းလူ ● မြို့ပတ်အပြေးသမား

ဆောင်းလူ ● မြို့ပတ်အပြေးသမား
(မိုးမခ) မေ ၁၈၊ ၂၀၁၆

ကိုယ့်မြို့ကိုယ် တပတ်ပြီး တပတ် ပတ်ပြေးနေရမယ်ဆိုတာကိုက … ငယ်အိပ်မက်လည်းမဟုတ်။ ကြီးအိပ်မက်လည်း မ ဟုတ်။ မဟုတ်လည်း ခုတော့ တပတ်ပြီး တပတ် ပတ်ပြေးနေရတာကိုက လက်တွေ့ပဲလေ …။

မောလို့ နားမယ်ကြံလိုက်တိုင်း အရိပ်ဆိုတာတွေက ရိုးပြတ်တွေပဲ …။
ပြတ်လိုက်တာမှလည်း ပင်စည်ရိုးမြစ်တောင် နေလောင်ဒဏ်ကြောင့် ပြောင်လက်လို့ …။

မောလို့ သောက်မယ်ကြံလိုက်တိုင်း ရေတိုင်းဆီမှာ မြေငွေ့တွေ ရိုက်လို့ …။
ရိုက်လိုက်တာမှလည်း ပူလောင်ခြစ်တောက်လို့ …။

ကိုယ့်ခြေထောက် ကိုယ်ရုန်းပြီး စွဲစွဲမက်မက်ပြေးနေတဲ့ ခြေလှမ်းတိုင်းနောက်မှာ နှစ်ရာချီသက်တမ်းရှိနေတဲ့ အုပ်ဆိုင်းဆိုင်း ကုက္ကိုလ်တန်းကြီးက အားပေးနေပြန်တယ်။

ကိုယ့်ခြေထောက် ကိုယ်မမပြီး ပြေးနေတဲ့ ခြေဖ၀ါးအောက်မှာ သံဘောင် သံကွပ်နဲ့ အကျအန ချတည်ထားတဲ့ သစ်တံတား လေးက လမ်းခင်းပေးနေပြန်တယ်။

မြေပေါ်မှာ ကျဲနေတဲ့ ပေါက်ပန်းနီနီရဲရဲတွေခမျာ မပြီးဆုံးနိုင်တဲ့ ကိုယ့်ပြေးခြင်းတရားကြောင့် မြို့ကို ခွာထွက်စ ပြုလာကြပြီ။

တကယ်တော့ ကိုယ်တို့မြို့မှာ အနီတွေပေါတယ် …။
တကယ်တော့ ကိုယ်တို့မြို့မှာ အစိမ်းတွေလည်းပေါတယ် …။
တကယ်တော့ ကိုယ်တို့မြို့မှာ အ၀ါတွေ ပြန့်ကျဲထားတာလည်း လှပါတယ် …။

ကိုယ့်ခြေထောက်နဲ့ ကိုယ် စိုက်လိုက်မတ်မတ် ပြေးနေတာကို ….
ဝလစ္စလစ်နဲ့ မယ်ဇယ်တန်းတွေကလည်း ယဲ့ယဲ့နဲ့ ငေးမောကြည့်နေတယ် …။
လမ်းဘေးဝဲယာက တောဇီးချုံတန်းတွေက ရှီးရှီး ရှဲရှဲနဲ့ ငေးမောကြည့်နေတယ် …။
ဝါကြန့်ကြန့် ကောင်းကင်မှာ ပျံ့နေတဲ့ ဖုန်မှုန့်တွေတောင် … မြို့ပတ်အပြေးသမားကို ကူညီကခုန် လူးပျံနေကြပြန်တယ် …။

ကိုယ့်ခြေထောက်တွေကို မြေငွေ့နဲ့ လာမြှူဆွယ်ခံနေတဲ့ ဒီမြို့ရဲ့ အပြေးသမားတယောက် ..
သူ့ခြေထောက်အောက်က ဒိုးယိုပေါက်စီးကျနေတဲ့ မြေနီမှုန့်တွေမှာ နီရဲခြင်းဆိုတဲ့ … အတ္တတွေနဲ့ …
သူ့ခြေထောက်အောက်က ခိုးလို့ခုလု စကျင်ကျောက်စရစ်တွေမှာ နာကျင်ခြင်းဆိုတဲ့ သုမနတွေနဲ့ …

မိတ်ကပ်ထူလပစ်ဖြစ်နေတဲ့ မြို့ကိုစွန့်ခွာပြေးဖို့ကြံနေတဲ့ ….
မြို့ပတ်အပြေးသမားကခမျာ မရပ်မနား မြို့ကို တပတ်ပြီး တပတ် ပတ်ပတ်ပြေးနေတယ် ….။
မြို့ကလည်း မြို့ပတ်အပြေးသမားနောက်မှာ မြို့ကိုမြို့ … အပျက်စာရင်းမ၀င်ချင်လို့ အတင်းလိုက် တွယ်ကပ်နေပြန်တယ် …။

ခုချိန်ထိတော့ …
မြို့ပတ်အပြေးသမားကလည်း မရပ်မနား ပြေးနေဆဲ …
မြို့ကလည်း အတင်းအကြပ် လိုက်နေဆဲ ….

ခုချိန်ထိတော့ …
မြို့ပတ်အပြေးသမားအတွက် ၀င်စရာ ပန်းတိုင်ကမရှိ …
မြို့အတွက်ကလည်း ပစ်ဖမ်းစရာ ကြိုးကွင်းက မရှိ …။

၁း ၂၀ နာရီ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts