ကဗျာ

လင်းသက်ငြိမ် ● နိုင်ငံတော်ပူပူကြီးဟာ ရေနဲ့တခါလောင်းလိုက်တိုင်း ရှဲခနဲမြည်တယ်

လင်းသက်ငြိမ် ● နိုင်ငံတော်ပူပူကြီးဟာ ရေနဲ့တခါလောင်းလိုက်တိုင်း ရှဲခနဲမြည်တယ် 
 
(မိုးမခ) မေ ၁၄၊ ၂၀၁၆

သတင်းစာတွေရဲ့အပြောင်းအလဲတွေနဲ့
လမ်းတွေပြားထွက်လာတဲ့အရေးအသားတွေ
ငြိမ်ငြိမ်မနေတတ်တဲ့မျောက်တွေဟာ
နည်းလမ်းအသစ်များရှာဖွေ
လောင်စာရှာနေတဲ့ဂက်စ်မီးခြစ်တွေ
အရင်တုန်းကဖွင့်လိုက်ရင်
ဒေါသသင့်တဲ့ကိစ္စကမရှားပါး
ဖောက်ခွဲပစ်လိုက်တယ်
မှတ်သားထားတဲ့စာအုပ်ကြီးတွေနဲ့ပစ်ပေါက်။

သိပ်ကြောက်စရာကောင်းလောင်အောင်
အေးချမ်းလို့နေပြီလား
သိပ်တုန်လှုပ်ရလောက်အောင်
ပြောင်းလဲနေပြီလား
စစ်ကြီးတုန်းကကွဲခဲ့ကြတဲ့လူတွေဟာ
စစ်ကြီးပြီးတော့လည်းကွဲနေကြတုန်းပဲ
မီးညှိထားတဲ့ဆေးပေါ့လိပ်လို
ရေမလုံတဲ့ရေဘားတစ်ခုလို
ပြင်ဖို့လိုပြီးဆိုင်းဘုတ်ရှေ့ရောက်မှကမန်းကတန်း
ပစ်ချလိုက်ရတဲ့အမှိုက်လက်ကျန်တွေ။

လူဆိုတာ သင်မထားလည်း
ထမင်းဝိုင်းရှေ့မှာ သလိပ်မဟပ်ရဘူးမဟုတ်လား
မီးကျီးခဲရဲရဲဟာ ရေနဲ့လောင်းလိုက်တော့
ရှဲခနဲမည်းသွား အငွေ့နဲ့ပြာတွေကိုခဏသီးခံရ
လေထဲကတော်လှန်ရေးတွေဟာ
လေထဲမှာပျောက်မသွားဘူးတော့လုပ်လိုက်
ပြောင်းပြီဆိုယုံနဲ့ ပြည်မပြောင်းတော့
ထင်းချောင်းကလေးတွေထင်းစည်းဆီပြန်စုကြ
မီးပူမိထားတဲ့လက်ဟာ
ရေဆေးပြီးလည်း ယောင်ကိုင်းနေတုန်းပါပဲ။

လင်းသက်ငြိမ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts