ခေတ်ပြိုင်အတွေ့အကြုံ မောင်မိုးသူ

အာဂအစိုးရသစ် ရက်(၁၀၀) နှင့် ဘကြီးမိုး

အာဂအစိုးရသစ် ရက်(၁၀၀) နှင့် ဘကြီးမိုး
 
ဘကြီးမိုး  ကုမုဒြာ သတင်းဂျာနယ်၊   မိုးမခ
၁၀၊မေလ၊ ၂၀၁၆
 
          စစ်တပ်က ၅၄ နှစ်တာမျှ တိုင်းပြည်ကို စီမံအုပ်ချုပ်
လုပ်ချင်တိုင်းလုပ်ပြီးတဲ့နောက် ၂၀၁၀ မှာ အခြေခံဥပဒေ ဆိုသဟာကြီး ရေးဆွဲပြီး အရင်က လူမှုရေး
အဖွဲ့အစည်း ဆိုတဲ့ ကြံ့ခိုင်ဖွံဖြိုးရေးကို ပါတီအဖြစ်ပြောင်းလဲ၊ ရွေးကောက်ပွဲ ပြုလုပ်ပြီး
လွှတ်တော်အစိုးရဖွဲ့၊ သမ္မတဦးသိန်းစိန် ဖြစ်လာပါတယ်။ အဲသည် လွှတ်တော်အစိုးရဟာ နိုင်ငံတကာရဲ့
အသိအမှတ်ပြုခြင်းခံရပေမဲ့ ပိတ်ဆို့မှုတွေ ဖြေလျှော့ခြင်းတော့ မရှိသေးဘူး။ ၂၀၁၂ မှာတော့
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်
အပါအ၀င် ဒီချုပ်ကိုယ်စားလှယ် ၄၀ ကျော်ရောက်လာပြီး အတိုက်အခံရှိလာတဲ့ လွှတ်တော် သဘောမျိုး
ဖြစ်လာကာ နိုင်ငံတကာမှ ပိတ်ဆို့မှုတွေ၊ ဖြေလျှော့မှုတွေ လုပ်ကိုင်လာတာ တွေ့ရပါတယ်။
 
          သမ္မတကြီး ဦးသိန်းစိန်ဟာ ဆင်းရဲနွမ်းပါးမှုပပျောက်ရေး၊
အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး လုပ်ဆောင်ဖို့ ကြိုးစားရင်း အကောင်အထည်မပေါ်ခင်
၂၀၁၅ ရွေးကောက်ပွဲ ရောက်ရှိလာပါတော့တယ်။
 
          ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က
အများစု အနိုင်ရရှိခဲ့ပါတယ်။ နိုဝင်ဘာ ၈ ရက်နေ့မှာ အများပြည်သူက လက်သန်းလေးမင်စွန်းတာကို
မဖျက်ရက်ဘဲ မဲပေးခဲ့ကြပါတယ်။ ပြည်သူ့ဆန္ဒ အများဆုံးရရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ
နိုဝင်ဘာ ၈ ရက်နေ့မှာ အနိုင်ရရှိပြီး ဧပြီလကျမှ လွှတ်တော်စတင်၊ မေလကျမှ သမ္မတဦးထင်ကျော်ရဲ့
အစိုးရသစ် ဖွဲ့စည်းနိုင်ခဲ့ပါတယ်။
 
          သမ္မတကြီးဦးထင်ကျော်ရဲ့ ပထမဆုံးလုပ်ရပ်ကတော့
ဝန်ကြီးအဖွဲ့၃၆ ဖွဲ့၊ ၀န်ကြီး၊ဒုဝန်ကြီးပေါင်းများစွာရှိတဲ့ ၀န်ကြီးအဖွဲ့ကို ၂၁ ဦးသာပါတဲ့
ဝန်ကြီးအဖွဲ့ဖွဲ့ပြီး အစိုးရရဲ့ ကြီးမားတဲ့ ကုန်ကျစရိတ်ကို ဘီလျံချီပြီး လျှော့ချခဲ့ပါတယ်။
 
          အခြေခံဥပဒေအရပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာပါတယ်။
အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးအကျဉ်းသားများဖြစ်တဲ့
ကျောင်းသားများကို ဥပဒေကြောင်းအရ စတင်လွှတ်ပေးခဲ့ပါတယ်။ သင်္ကြန်မတိုင်မီမှာ ဖြစ်ပါတယ်။
 
          တချိန်တည်းမှာ ပြည်ထောင်စုဝန်ကြီးအဖွဲ့ကို
ဖွဲ့စည်းနိုင်ခဲ့သလို တိုင်းနဲ့ပြည်နယ်အားလုံးမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်များကို
ဝန်ကြီးချုပ်ရာထူး ခန့်အပ်ပြီး တိုင်းနဲ့ပြည်နယ်လွှတ်တော်တွေရဲ့ ၀န်ကြီးအဖွဲ့များ ဖွဲ့စည်းခဲ့ပါတယ်။
 
          ရန်ကုန်တိုင်းဝန်ကြီးချုပ်သစ် ပထမဆုံးရင်ဆိုင်ရတာကတော့
အရင်နှစ်များက ဖြစ်ခဲ့တဲ့ စီးပွားရေးသင်္ကြန်၊ ကန်တော်ကြီးပတ်လမ်းသင်္ကြန်ကို ဖျက်သိမ်းပြီး
ရဲနဲ့ ပြည်သူ အဖွဲ့အစည်းများ ပူးပေါင်းပြီး အရက်သေစာရောင်းချမှုကို ထိန်းချုပ်နိုင်ခဲ့တဲ့အပြင်
ယူဆောင်လာတဲ့ အရက်၊ဘီယာပုလင်းများထဲမှ အရည်များကို ပလတ်စတစ်အိတ်ထဲမှာ သယ်ယူခွင့်ပြုခဲ့ပြီး
ခိုက်ရန်ဖြစ်ပွားမှုတွေကို ယဉ်ကျေးစွာ ထိန်းသိမ်းနိုင်ခဲ့ပါတယ်။
 
          ဒီမိုကရေစီအစိုးရသစ်ဟာ ရက် ၁၀၀ အတွင်းတိုးတက်ဖွံ့ဖြိုးမှုတွေလုပ်ဖို့
စီးပွားရေးလုပ်ငန်းရှင်များနဲ့ တွေ့ဆုံညှိနှိုင်းမှုတွေ လုပ်ခဲ့သလို ၀န်ကြီးချုပ်က သူတို့အစိုးရအဖွဲ့ကတော့
ပြောင်းလဲနေပါပြီ၊ အရင်တုန်းကလို လာဘ်ပေးလာဘ်ယူမှု မလုပ်ကြဖို့ ပြောကြားခဲ့ပါတယ်။
 
          တချိန်တည်းမှာ သိန်း ၅၀ ပေးအပ်ခဲ့တဲ့ အဖွဲ့အစည်းကို
သတိပေးခဲ့ပြီး အဲသည် သိန်း ၅၀ကိုလည်း ရေအလှူအဖြစ် အသုံးပြုခဲ့ပါတယ်။တရားဥပဒေစိုးမိုးရေးကိုလည်း
ပီပီပြင်ပြင်လုပ်ဆောင်ဖို့ စီမံနေကြကြောင်း သိရပါတယ်။
 
          ယခင်အစိုးရ ငါးနှစ်သက်တမ်းမှာ ဘာမှ ဖြစ်ဖြစ်မြောက်မြောက်
မလုပ်နိုင်ခဲ့တဲ့ တရားဥပဒေစိုးမိုးရေး၊ ကျူးကျော်တွေ နေရာချထားရေး၊လျှပ်စစ်အခက်အခဲ၊
သွင်းကုန်က ပို့ကုန်ထက်များနေတာကို ပြောင်းပြန် ပြန်လှန်ဖို့အပါအ၀င် အစစ အရာရာ ရွေးကောက်ပွဲကြွေးကြော်သံအတိုင်း
ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ ရက်ပေါင်း ၁၀၀ သတ်မှတ်လိုက်ပါတယ်။ အဲဒါကို ပြည်ထောင်စုအစိုးရအဖွဲ့ကြီးက
လုပ်ပြရမှာ ဖြစ်သလို တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်များကလည်း လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။
 
          အဲသည်လို ကြွေးကြော်ဖို့ ကြိုးစားလုပ်ရဲတဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသစ်ကို အာဂအစိုးရလို့ ဘကြီးမိုး ချီးကျူးဂုဏ်ပြုလိုက်ချင်ပါတယ်။
 
          ယခင်အစိုးရ မစွမ်းဆောင်နိုင်တဲ့ ငါးနှစ်ပြဿနာအရှုပ်အထွေးတွေကို
ရက် ၁၀၀ သတ်မှတ်ပြီး စတင်ဖြေရှင်းရဲတဲ့ သူတွေအဖြစ် ဂုဏ်ပြုချင်ပါတယ်။
 
          အဲ ရက် ၁၀၀ ဆိုတော့ ဘကြီးမိုးတို့ ငယ်ငယ်က
ကစားဖူးတဲ့ မြွေနဲ့ လှေကားကစားနည်းကို သတိရမိတယ်ခင်ဗျ။ လှေကားကွက်ကျရင် တက်ရပြီး မြွေကွက်ကျရင်
အစားခံရပြီး အောက်ကို လျှောကျနိုင်ပါတယ်။
 
          သည်တော့ လှေကားရှိသလို မြွေလည်းရှိကြောင်း
သတိပေးစကားပြောချင်တာပါပဲ။
 
          ဒါပေမဲ့ လုပ်ကြမယ်၊ လုပ်ပြမယ်ဖို့ ကြိုးစားကြတဲ့
ပုဂ္ဂိုလ်အားလုံးကို ရှေးရိုးစကားတခု လက်ဆောင်ပေးလိုက်ချင်ပါတယ်။
 
          အဲဒါကတော့ တကယ်လုပ်ရင် အလုပ်ဖြစ်တယ်ဆိုတာပါပဲ။
တရားစကားဓမ္မစကားပါပဲ။
အရင်က အလုပ်မဖြစ်ခဲ့ကြတာက
မလုပ်လို့ပါ။ ယုံကြည်ချက်ရှိပြီး တကယ်အလုပ်လုပ်ကြရင် ဘာမဆို အလုပ်ဖြစ်နိုင်ပါတယ်။ သည်တော့
ကိုယ့်လူတို့ မြွေတွေလည်း မကြောက်နဲ့၊ ခလုတ်ကန်သင်းတွေလည်း မကြောက်နဲ့၊ အောက်ကလိအာသံတွေကိုလည်း
အရေးမစိုက်နဲ့၊ကိုယ်သွားမယ့်လမ်း ၊ကိုယ်လျှောက်မယ့်လမ်းကို ရဲရဲကြီးသာ လျှောက်ကြပါလို့
အားပေးစကား ပြောကြားလိုက်ရပါတယ်။
 

 

          အာဂအစိုးရသစ် ရက် ၁၀၀ နှင့် ဘကြီးမိုးပါ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts