ခရီးသွား ဆောင်းပါး

မင်းကိုနိုင် ● ကောင်းကင်သစ်ကို တောင်းဆိုခြင်း


မင်းကိုနိုင် ● ကောင်းကင်သစ်ကို တောင်းဆိုခြင်း
(မိုးမခ) မေ ၈၊ ၂၀၁၆

ကိုမင်းကိုနိုင်၏ လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။

ယောနယ် ဂန့်ဂေါကအပြန် ပခုက္ကူစာပေပွဲတော်ကို ၀င်ရပါသည်။ ထူးခြားချက်မှာ စာပေဟောပြောပွဲသာမဟုတ်၊ စာပေပွဲ တော်ဖြစ်ပါသည်။ စာအုပ်အရောင်းပြခန်းပါသလိုပန်းချီပြပွဲလည်း ပါသည်။ ပွဲတော်ဖြစ်မြောက်ရေးအဖွဲ့ကစာအုပ်ဆိုင်များကို ၅-ရက်လုံးလုံးနေ့လည်စာ တာဝန်ယူသည်။ စာအုပ်ဆိုင်များ အနေဖြင့် စာအုပ်များကိုတတ်နိုင်သမျှ အသက်သာဆုံးလျှော့ ဈေးဖြင့် ရောင်းပေးရန်သာ တိုက်တွန်းသည်တဲ့။ ငါးညတိုင်ဆိုတော့ ဟောပြောမည့်သူများက ဆယ်ဂဏန်းကျော်နေပြီ။ အမျိုးစုံအောင် ထင့်။ ပန်းချီဆရာတွေလည်း ပါနေသည်။

ကျနော်ကလည်း ခုခရီးမှာ ပန်းချီဆရာတွေအကြောင်း ပြောချင်တာဖြစ်သည်။ ၁-၄-၂၀၁၆ က ပန်းချီကျော်သောင်းပါ။ ၂-၄-၁၆မှာ ပန်းချီတင်လှဝင်းထင်က ကျနော်နှင့်တွဲလျက်။ နှစ်ဦးလုံးက ကျနော့်ဆရာများ။ဆရာ ကျော်သောင်းက တရပ်ကွက်ထဲ ကျောချင်းကပ်မို့ကျနော့်ငယ်ဘ၀က သူတို့၊ ဆရာဝသုန်တို့၊ မြိတ်ဝင်းထိန်တို့ ၀ိုင်းတွေမှာ ကျနော်က နောက်နားကုပ်ကုပ်ထိုင် နားထောင်သင်ယူနေကြ။ စောင်းတီးကောင်း၊ အဆိုကောင်းသူ ပန်းချီဆရာ ကျော်သောင်းအဖြစ် ရင်းနှီးပြီးသား။

ဆရာတင်လှဝင်းထင်ကိုမူ တင်လှဝင်း ဘ၀ထဲက သူ့သီးခြားဟန်ကို ကျနော်တို့ အကျွမ်းဝင်ပြီးသား။ သူကား ရှန်တိနိုကေ တန်ကျောင်းထွက် ဆရာဗဂျီအောင်စိုး၏ အဆိုအမိန့်များကို ကိုးကားတတ်သူ။ စကားပြောနူးညံ့သလို အလှတရားကိုသာ ရှာကြည့်နေတတ်သူ။ ဆိုပါစို့ သူငယ်စဉ်က ခဲတံဝယ်သည့်အခါ ဆယ်တန်ကျသင့်လျှင် “တစ်ဆယ်ထားလိုက်ပါ အစ်မရယ်။ တဆယ်ဆိုတာလေးက “လှ” ပါတယ်ဟု နားဝင်အောင် အရေးဆိုတတ်သူ။ သူကလောကကြီးကိုလည်း အင်မတန်သင့်မြတ် စေချင်သူ။ ခေါ်သူနှင့် ထူးသူတို့ ဘယ်လိုညီစေချင်ကြောင်းအသံကို ဂီတပါအောင် အလေးအမြတ်ပြုကာ ဂရုဓမ္မနှင့် တိုက် တွန်းသူမျိုး ဖြစ်သည်။

သူ့ဟောပြောပွဲက ပြီးမှန်းမသိ ပြီးသွားရအောင် ကျနော်မျောပါသွားသည်။ စင်ပေါ်မှာ ကင်းဘတ်စကိုတင်ပြီးရေလှိုင်း များ သည်ပင် ငှက်များဖြစ်သွားရပုံကိုလည်းလောကအလှကို ဖွဲ့ဆိုသော သူကိုယ်တိုင် ရေးစပ်သည့်သီချင်းကို ဖွင့်ပြရင်း လက် တွေ့ ရေးပြသေးသည်။

နောက်နေ့နံနက် ကျနော်တို့သုံးယောက်အပြင် ပန်းချီဆရာ ကျော်ဖြူစံပါရောက်လာပြီး ဧည့်ခံရင်း အဓိကဆွေးနွေးဖြစ်သောအကြောင်းအရာမှာ ကျောင်းများတွင်ပန်းချီပညာအခြေခံကို မိတ်ဆက်သင်ကြားပေးသည့်အကျိုးဆက်များအကြောင်း ဖြစ် သည်။ တိုးတက်ခေတ်မီသော ကမ္ဘာကိုဦးဆောင်လိုသော နိုင်ငံများနှင့်အနုပညာကို တန်ဖိုးထားသော နိုင်ငံများတွင် အခြေခံ ပညာကျောင်းများ၌ ပန်းချီပညာအခြေခံကို သင်ပေးစမြဲဖြစ် ပါသည်။လူတိုင်းပန်းချီဆွဲတတ်ရမည်ဟု မဆိုလိုပါ။ သို့သော် ပန်းချီသဘောတရားများကို နားလည်ရန်တော့ လိုအပ်ကြောင်း ကျနော်တို့ ငယ်စဉ်တည်းကပင် နားရည်ဝခဲ့ပါပြီ။

မူလတန်း၊ အလယ်တန်း၊ အထက်တန်းများ၌ ကျနော်တို့ခေတ်က ဖွံ့ဖြိုးရေးဆိုသည့်အချိန်တွင် ပုံဆွဲခြင်းအတတ်ကို အမြည်း အစမ်းမျှ သင်ယူဖူးပါသည်။ တိုတောင်းသောကာလသာ သင်ခွင့်ရခဲ့ပြီး နောက်ပိုင်းတွင် ဖွံ့ဖြိုးရေးအချိန်ဆိုသည်မှာ ယောင် ချာချာ အားလပ်ချိန်လိုလို ပြီးဆုံးသည်က များပါသည်။ ပန်းချီပညာအတွက် သင်ထောက်ကူပစ္စည်းများ စရိတ်ကြီးမြင့်မှု၊ ပြ သနိုင်သူ ဆရာခေါ်ယူရန်ခက်ခဲမှု၊ သက်ဆိုင်ရာကျောင်းများ၏ စိတ်အားထက်သန်မှု လျော့နည်းလာခြင်းတို့ကြောင့် ကျောင်း သားငယ်များ ပန်းချီပညာနှင့် ရှင်ခန်းပြတ်သလို ခံစားခဲ့ရပါသည်။

ကလေးများကို သတိထားကြည့်ကြပါ။ ကလေးတိုင်းလိုပုံဆွဲခြင်ကြသည်။ ဆွဲလည်း ဆွဲခဲ့ကြသည်။ ဆရာ၊ မိဘများက မည် မျှအားပေးနိုင်ခဲ့ကြပါသနည်း။ ဤနေရာတွင်ပုံဆွဲခြင်းဟုသာ ကျနော်သုံးနှုန်းပါသည်။ ပန်းချီဟု မသုံးနှုန်းပါ။ ကလေးတို့ထုံးစံ အတိုင်း တကြောင်းဆွဲပန်းချီဟုခေါ်ရမည့် အမျိုးအစား ခဲခြစ်ပန်းချီ စသည်တို့ကပင်စရစမြဲပါ။

အချို့မိဘတွေက စိုးရိမ်ကြသည်။ ကလေးက ပုံတွေပဲဆွဲနေပြီး စာစိတ်မ၀င်စားရင် ဘယ်လိုလုပ်ကြမလဲဆိုသည့် စိုးရိမ်စိတ် ကို အမှတ်ရကြပါလိမ့်မည်။ တကယ်တော့ ပုံဆွဲခြင်း သို့မဟုတ် ပန်းချီ ရေးချယ်ခြင်းသည် ကျောင်းစာစိတ်မ၀င်စားခြင်းနှင့် တိုက်ရိုက်လည်း အချိုးမကျပါ။ သို့သော် မိဘအများစုက စာမကျက်ဖူး၊ ပုံချည်းဆွဲနေသည်ဟုဆိုကာ အားမပေးပဲ တားမြစ် ခဲ့ကြသည်ကပင် များပါသည်။

များစွာသော ကလေးတို့မှာ သူတို့ချစ်သော ခွေးရုပ်၊ ကြောင်ရုပ်၊ ငှက်နှင့် လိပ်ပြာ တောင်တန်း၊ နေလုံးနှင့်မြက်ခင်း၊ တိမ် တိုက်တို့အား စိတ်ကြိုက်ဆေးရောင်ချယ်ခွင့်ပင် ကောင်းစွာမရပဲ ဆုံးရှုံးခဲ့ရသူ များပါသည်။ ဘယ်စာသင်သင်၊ ဘယ်အလုပ် အကိုင်ရွေးရွေး ပန်းချီပညာနားလည်ထားခြင်သည် မည်သည့်နည်းနှင့်မျှအချည်းနှီးမဖြစ်ပါ။ အရေးကြုံလျှင် အထောက်အပံ့ ကောင်းဖြစ်လာမည်ဟု ကျနော်တထစ်ချ ပြောဝံ့ပါသည်။

အရောင်များတွင် မိတ်ဖက်၊ ဆန့်ကျင်သဘောတရားများရှိနေသလို မျဉ်းကြောင်းများတွင်လည်း အဖြောင့်အကွေး၊ အ၀ိုက်၊ ထောင်မတ်၊ ရေပြင်ညီတို့တွင်လည်း အဓိပ္ပါယ်ကိုယ်စီ။ ဥပမာ – ပိန်သော၊ ရှည်သောသူများအတွက် ကန့်လန့်စင်းများက ( ရှည်သည့်အရာကို တိုသွားမည်ဟု အထင်ရောက်စေသည့်အစွမ်းရှိသဖြင့်) ပြေပြစ်စေသလို ၀သော၊ တိုသောသူများအတွက် မတ်တပ်စင်းများက သက်ရှိသက်မဲ့အရာဝတ္ထုများကို မြင့်သည်၊ ရှည်သည်ဟု ထင်ရအောင်လှည့်စားနိုင်စွမ်းရှိကြကြောင်း နားလည်ထားခြင်းသည် အကျိုးရှိပါသည်။

အရောင်များတွင်လည်း အပူရောင်၊ အအေးရောင်၊ ကြားနေအရောင်များရှိသဖြင့် ဒီပန်းချီကားလေးကြည့်လိုက်မှ ရင်ထဲကို အေးသွားတာပဲ (သို့မဟုတ်) ဒီပန်းချီကားမြင်မှ အချမ်းပြေတော့တယ် နွေးသွားတာပဲဟု ကျနော်တို့ခံစားဖူးကြပါသည်။ သို့ ကြောင့်ပင် ဧည့်ခန်း၊ အလုပ်ခန်း၊ အိပ်ခန်း နားနေခန်း စသည်တို့၌ ပန်းချီနှင့်စိတ်ပညာကို တတ်ကျွမ်းသူတို့က အရောင်များ စနစ်တကျရွေးချယ် သုံးစွဲနိုင်မှုအပေါ် လူတို့သက်သာရာရကြ။ ခံစားမှုအပြောင်းအလဲများရကြခြင်း ဖြစ်ပါသည်။

ဆေးဖတ်မ၀င်သည့်အပင်မရှိဆိုသည့် ရှေးသမားပညာအဆိုရှိသည့်အလျောက် အကျိုးရှိအောင် သုံးဖို့ကသိဖို့လည်း လို သေးသည်ကိုး။ အရောင်/မျဉ်းတို့ဖြင့်ဖွဲ့စည်းထားသည့် ပန်းချီပညာတွင်လည်း သိသူဖော်စားစမြဲဖြစ်ပါသည်။ ကမ္ဘာကျော်ဗိ သုကာပညာရှင်များနှင့် အအောင်မြင်ဆုံး ဒီဇိုင်းနာဆရာများမှန်သမျှ ပန်းချီပညာနှင့် ကင်း၍မရစကောင်းပါ။ ဒီဇိုင်းနာဆိုရာ တွင် အ၀တ်အစားတီထွင်သူမျှသာ မကပါ။ မော်တော်ယာဉ်များ၊ လူ့အသုံးအဆောင်မှန်သမျှ ဒီဇိုင်းထုတ်သူတွေကို ဆိုပါ သည်။ တီထွင်ဆန်းသစ်နိုင်မှုအရည်အသွေးခြင်း တူသည်ဆိုလျှင် ပန်းချီအမြင်ရှိသူက သာစမြဲဆိုတာ အားလုံးသိပြီးဖြစ် ပါသည်။

တီထွင်ဆန်းသစ်မှုအတွက် ကွင်းကျယ်လာသလို ပြိုင်ဘက်တွေလည်း များလာသည့် ခေတ်ကြီးထဲ မည်မျှအရေးကြီးသည်ကို တွေးဆနိုင်ကြပါသည်။ ဒါက စီးပွားရှာအသက်မွေးမှုပဲလို့ ယူဆလိုက နောက်တမျိုး ကျနော်တင်ပြပါရစေ။ ဘ၀အဓိပ္ပာယ်၏ အစိတ်အပိုင်းဖြစ်သောမိမိနှင့်ဝန်းကျင်ကို အလှဆင်လိုသည့် လူတိုင်း ပန်းချီပတ်သက်သည့် အခြေခံအသိအမြင် မရှိမဖြစ် လိုသေးသည်ကိုလည်း ထောက်ပြလိုပါသည်။ စိတ်အပန်းဖြေဖျော်ဖြေရေးပဲဖြစ်ဖြစ် ယုံကြည်ရာ အနာဂါတ်အတွက်စည်းရုံးလှုံ့ဆော်သည်ပဲ ဖြစ်ဖြစ် အကျုံးဝင်ပါသည်။ ဥပမာ ရုပ်ရှင်တကားဖြင့် တင်ဆက်စည်းရုံးမည်ဆိုလျှင်ပင် ဒါရိုက်တာတယောက် တွင် ပန်းချီအမြင်ရှိရမည် ။ တတ်နိုင်ပါက ပန်းချီပညာရှင်ထံ အကြံယူရိုက်ကူးရစမြဲဖြစ်ပါသည်။

အများပြည်သူ၏ ဘ၀အမောများဖြေဖျောက်ရန် ပန်းခြံတခုတည်ဆောက်မည်ပဲဆိုပါစို့ မြေပြင်အလှဆင်ပညာရှင်တွေ ပန်းချီ အသိအမြင် မလွဲမသွေ ရှိရပါတော့မည်။ ပန်းချီပညာ၏အရေးပါမှုကို သာဓကများပြရလျှင် ဆုံးမည်မထင်ပါ။ ထိုအဖိုးတန် ပညာ၏အခြေခံသဘောတရားများကို ကလေးတိုင်း သင်ယူဖူး၊နားလည်ဖူးသင့်သည်ဟု ကျနော်တို့ ယုံပါသည်။

ကမ္ဘာကို ဦးဆောင်နေသော နိုင်ငံတကာကျောင်းများ၌ပန်းချီပညာသာမက ဂီတိအခြေခံကိုပါ သင်ပေးကြစမြဲမို့ခေတ်ကောင်း သို့ပြောင်းရန် အားထုတ်နေကြသောယခုကာလမျိုးတွင် ပျိုးခင်းနှင့်တူလှသော အခြေခံပညာကျောင်းများတွင် သင်ရိုးညွှန်း တမ်းများ ပြန်သုံးသပ်ရာတွင် အလေးအနက်ထားစဉ်းစားစေလိုကြောင်းကျနော်ချစ်ခင်သော ပန်းချီဆရာများနှင့် စကားဝိုင်း အပြီးတွင် ကျနော်တွေးနေမိပါသည်။

ပန်းချီပညာဆိုသည်မှာ ဖန်တီးနိုင်စွမ်း၊ အလှဆင်လိုခြင်း၊ လောကသစ္စာကို ရှာဖွေခြင်းတို့အတွက်မရှိ မဖြစ်သလို နုနယ် သောနှလုံးများအတွက်လည်း အရေးပါပါသေးသည်။ အချို့ဂိမ်းကစားပွဲများမှာ ရည်ရွယ်ချက်ကောင်း ရှိလျှင် ရှိနိုင်သော် လည်း အမှတ်တက် အနိုင်ရရေးအတွက် မညှာမတာ သတ်ဖြတ်နေရရင်း ကြမ်းတမ်းသော စိတ်အလျင်များ တရစပ်ကြီးစိုး နေတတ်ပါသည်။ စစ်ဆင်ရေး မစ်ရှင်တခုပြီးမြောက်ဖို့အတွက် ရှင်းလင်းသုတ်သင်နေတဲ့ စိတ်အပြုအမူအစား၊ ကလေးတ ယောက်၏ အလှဆင်လိုသော စိတ်အခြေခံဖြင့် ကောင်းကင်၊ မြေပြင် အပါအ၀င် သက်ရှိသက်မဲ့များအပေါ်ကြည်လင်သောအရောင်ကိုရွေး ဆေးချယ်နေသည့်စိတ်က ငြိမ်းချမ်းမှု၊ သိမ်မွေ့ နူးညံ့မှုတို့ ပြွန်းသီးနေမှာ အမှန်ဖြစ်ပါသည်။

ပန်းချီကားတချပ်ဆွဲမည်ဆိုလျှင်တော့ မတူညီမှုများပေါင်းစပ်ရ မည်ဆိုသည့် အသိ၊ ဆန့်ကျင်ဘက်အမှောင်၊ အလင်းနှင့် အ ရောင်များ၊ မျဉ်းများ တွဲဖက်ရမည်ဆိုသည့် နားလည်မှုများ မလွဲမသွေ ရရှိလာပါလိမ့်မည်။

ပန်းချီဆွဲခြင်းဖြင့် ကလေးတို့စိတ်များ နုညံ့သိမ်မွေ့လာမည်။နုညံ့သိမ်မွေ့ခြင်းသည် ပျော့ညံ့ခြင်း မျိုးမဟုတ်။ အပြုစိတ်၊ အ ကောင်းစိတ်။ ထိုစိတ်များ.. ကလေးတို့နှလုံးသား၌ မွေးမြူခွင့် ရသင့်ပါသည်။

ဒီရာသီကူးကို
အရင်နှစ်တွေလို
အရောင်မညစ်စေချင်ဘူးနွေဦးရေ
လာ… ကလေးရဲ့စုတ်ဖျားမှာ လိုက်ခဲ့
ဒီမှာ ပိတ်စအသစ်၊ ဆေးအသစ်
ကောင်းကင်သစ်ကသာ ကြည်လင်ပေးစမ်းပါ ….။

– ‪#‎မင်းကိုနိုင်‬
(ဂန့်ဂေါ၊ ပခုက္ကူ အထက်မြန်မာပြည် စာပေဟောပြောပွဲခရီး)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts