ကဗျာ နောင်ကျော်

နောင်ကျော် – သမုဒယလမ်းခွဲမှာ

နောင်ကျော် – သမုဒယလမ်းခွဲမှာ

(မိုးမခပြန်လည်ဆန်းသစ်) ဧပြီ ၂၆၊ ၂၀၁၆

(စံညိမ်းဦးဖေ့စ်ဘွတ်က ကူးပါတယ်)

(၁)
နှုတ်ဆက်ပါတယ်
သွားတော့မယ် မေ …

(၂)
ဆက်ရမယ့် လမ်းမှာ
အလွမ်းဝိညာဉ် တွယ်ငြိချင်ဘူး
ရင်ခုန်ကြည်နူး အချစ်ဦးနဲ့
ပျော်ခဲ့ရက်တွေ ကံ့ကော်မြေမှာ
ခြေရာဖျောက်ထား
မောင့်နောက်ပါးကို လိုက်မှာလားမေ။

မောင်နဲ့လိုက်ရင်
ကြမ်းတမ်းခတ်ထန် သားရဲရန်ကို
တွန်းလှန်ဖြိုခွဲ ကျော်လွှားရဲဖို့
ဇွဲသတ္တိတွေ မွေးထား  မေ။

ခြောက်သွေ့တဲ့မြေ ပြန်စိုပြေဖို့
ချည့်နဲ့နေသူ အားပေးကူဖို့
ပြည်သူကြားထဲ လျှောက်သွားရဲဖို့
ယုံကြည်ချက်လည်း လိုတယ်မေ။

ဘယ်လိုလဲမေ တွေဝေနေလား
အားတင်းထားကွယ်။

(၃)
နှုတ်ဆက်အနမ်း နှုတ်ခမ်းနှင်းဆီ
ပျားရည်မြစ်ခန်း အလွမ်းဝိညာဉ်
သင့်သခင်ဆီ ပြန်ပါတော့။

(၄)
ပွင့်သစ်ဝတ်မှုန် မွှေးပျံ့ထုံယင်
ဤမြေပြင်ထက် ပြုံးယှက်ကြည်နူး
ဆုံကြဦးမည်။

ကဲ့ နှုတ်ဆက်ပါတယ်
သွားတော့မယ်မေ။         ။

နောင်ကျော် (၁၉၈၄)

(ချစ်ခင်ရတဲ့အကိုဋ္ဌေးသိန်းခေါ် ဆရာနောင်ကျော်ရဲ့ငယ်လက်ရာကဗျာတစ်ပုဒ်ပါ။ ၈၃-  ၈၄ ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်းထဲက ဖြစ်ပါတယ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts