ထွက်လာတဲ့အသံနဲ့ ငါ သီချင်းဆိုနေတယ်
ဘယ်တော့ဖြစ်ဖြစ် သီချင်းကို ဆိုလိုက်တဲ့အခါတိုင်း
ခဏလေးဖြစ်ဖြစ် ဆိုညည်းမိလိုက်တဲ့အကြိမ်တိုင်း
ဒီသီချင်းကလွဲလို့ ကျနော့်နှုတ်က ထွက်ထွက်ကျလာတတ်တာ
တခြားရှိခဲတယ်
ကျနော်ဟာ ရုပ်ရည်ပိုင်းအရ ဆွဲဆောင်မှုအားနည်းသလောက်
အသံကလဲ ကွဲအက်ရှတဖြစ်နေတော့
ဓာတ်ပုံများများစားစားမရိုက်ဖြစ် သိမ်းမထားဖြစ်ခဲ့သလိုမျိုး
သီချင်းတွေဟာ ပါးစပ်ထဲ များများစွဲမနေခဲ့ဘူး
တချိန်က သမိုင်းဖျောက်ထားခံခဲ့ရသူကြီးကိုလွမ်းတဲ့အခါ
ကျနော့်အသံခြောက်အက်အက်ကြီးနဲ့
ဒေါ်မေလှမြိုင်ရဲ့ အာဇာနည်နေ့ကိုတော့ မမေ့သ့င်ပါပေလို့
စိတ်ထဲနင့်နေတဲ့အထိ လိုက်ညည်းဆိုမိ
ချစ်သူကိုလွမ်းတဲ့အခါ
မိုး လေ အခြေအနေကလည်း အုံမှိုင်းနေရင်တော့
ကိုစောငြိမ်းရဲ့မိုးသက်လေနှင်ပေါ့
အဲ့ဒီ့အခါ
ကျနော်သူငယ်ချင်း ကဗျာဆရာအောင်ဘညိုဟာ
ကျနော့်အသံကွဲရှရှကြီးထဲမှာပဲ မျက်ရည်ဝဲ၀ဲ
ကျနော်တို့ဟာ မိုးသည်းသည်းမဲမဲအောက်
တိုက်ကြိုကြားလေးထဲမှာ ထိုင်လို့ပေါ့
မိုးဟာ ကျနော်တို့ရဲ့နှလုံးသည်းဆိုင်ထဲကိုပြိုကျလာလို့ပေါ့
ကျနော် ပျော်တဲ့အခါမှာတော့ အရူးချေးပန်းသီချင်းတွေ
ပါးစပ်ဝင်လာသလို အော်မိတာပဲ
အစွဲအလန်းမရှိတဲ့သီချင်းတွေချည်း
ကျနော်ကလဲ ပျော်ရခဲသူမဟုတ်လား
ကျနော်တို့ဟာ
၉၀ ခုများကမြို့တော်ရဲ့အဲဒီ့တိုက်ကြိုတိုက်ကြားမှာ
ဆေးပေါ့လိပ်တလိပ်ကို အစအဆုံးကိုယ်ပိုင်အဖြစ်
သောက်ရခဲခဲ့တဲ့ အချိန်လေးများ
လက်ဖက်ရည်တခွက်ကို ပိုင်ပိုင်နိုင်နိုင်မျိုကျအောင်
သောက်ရခဲခဲ့တဲ့အချိန်လေးများ
ပျော်စရာသီချင်းဟာ မမြဲဘူး
နှုတ်ဖျားမှာလဲမမြဲဘူး ဘ၀မှာလဲ မမြဲဘူး
ဆိုတော့ အပိုင်အနိုင် ကျက်မထားမိဘူးဗျာ
အိမ်ကနေအဝေးကိုထွက်လွင့်လာရတော့တဲ့အခါ
ကျနော်ဟာ ခင်ဝမ်းလိပ်ပြာကို မှော်ဝင်သလိုပင့်ခေါ်ရင်း
နှုတ်ဆက်ခဲ့ပါတယ် …. နှုတ်ဆက်ခဲ့ပါတယ် … နှုတ်ဆက်ခဲ့ပါတယ်
ဒါကိုသာ လမ်းတရှည်တလျားတလျောက်လုံး
အဆုံးမရှိအောင် ညည်းအော်လို့ပေါ့။
အောင်ဘညိုရေ
မင်းကို ငါလွမ်းတယ်ကွာ
ခု ဟိုဘက်ဘ၀မှာ
မင်းကောင်းစားနေပြီလား သူငယ်ချင်း…
အော် အမေရယ်
အမေ့သား မျက်ရည်ခံမှဲ့နဲ့ကောင်ရဲ့သီချင်းဟာ
အမေမပါဘဲနဲ့များ နေပမလား
နည်းပညာခေတ်သစ်ကြီးထဲ အမေသေမှန်းသိတာတောင်
မဆက်သွယ်ရဲလောက်အောင် မယုံကြည်စိတ်ကြီးကြီးနဲ့
စိုးရိမ်တတ်ခဲ့သူဟာ
ကွန်မြူနစ်လိုကောင်လို့ သတ်မှတ်ကြသတဲ့လား
အမေသေတာ ဘာမှမဖြစ်သလို နေတော့တဲ့ကောင်တဲ့လား
ကွန်မြူနစ်ဖြစ်ရရင်တော့ အမေတွေကို အချစ်ဆုံးသားတွေမို့သာ
ဖြစ်ရတော့တာပဲ ပြောချင်ပါရဲ့
ကျနော်ဟာ
လူဝါးဝတဲ့ကောင်တွေ တွေ့ရလွန်းဖန်များလာရင်ရယ်
ကိုယ်ခံရတာများလာရင်ရယ်
သူများတွေ ကိုယ့်လိုပဲ ခံနေရတာ ကြားရမြင်ရများလာရင်ရယ်
ကျနော့်ရင်ဃောင်းထဲက အသံနက်နက်ကြီးဟာ
သီချင်းတပုဒ်နဲ့အတူ ဘယ်ကဘယ်လိုပေါ်လာမှန်းမသိ
ထွက်ကျလာတော့တာပဲ
ကျနော်ဟာ ပါးစပ်ကြီးကျယ်ကျယ်ဖြဲကာ ဟကာနဲ့ ဆိုတော့တာပါပဲ
အဲဒီ့သီချင်းကိုပဲ ထပ်ခါထပ်ခါကို အော်ဟစ်ဆိုနေမိတော့တာပါပဲ
ဒါကတော့ နိုးလော့ ထလော့ဧရာဝတီပေါ့
မိတ်ဆွေတို့လည်း သီချင်းတပုဒ်လောက်တော့ ဆိုဖူးပါလိမ့်မယ်
ဘယ်လိုမုဒနဲ့ဆိုကြလဲဗျ
နိုင်ငံတော်သီချင်းကိုဆိုကြတဲ့အခါ
ကျနော်တို့ရင်ဘတ်တွေထဲကို အသက်တွေ၀၀ရှူသွင်းရင်း
ခေါင်းကိုမော့ကာ ဆိုကြတယ်မဟုတ်လား
ဒါဟာ မုဒပေါ့ဗျာ
နိုင်ငံတော်သီချင်းဟာ လွမ်းခန်းမပါဘဲ လွမ်းလောက်အောင်
မျက်ရည်ကျရင်း ဆိုမိတော့တာပဲ
သံပြိုင်ဆိုကြချိန် လက်သီးများတောင်ဆုပ်လို့ပေါ့
ခေါင်းကိုမော့လို့ပေါ့
မျက်ရည်တွေလဲ လိမ့်ကျလာလို့ပေါ့
ဒီမျက်ရည်ကိုဓာတ်ခွဲကြည့်လို့ရနိုင်မလား
သမိုင်းတွေရှည်လျားလွန်းတယ်
အရင်းအနှီးအပေးအဆပ်တွေများလွန်းတယ်
ဘာနဲ့ချိတ်ပြီး ဘာနဲ့ဆက်ရမှာလဲ
ဘာနဲ့ချိန်းပြီး ဘာနဲ့လဲရမှာလဲ
တလူလူအလံတော်အောက်မှာ
ကျနော်တို့တလှိုက်လှိုက် ခံစား
တလွင့်လွင့်ခံစား
အမေရယ် ကျနော်ဟာ အမေ့နှလုံးသားက နှုတ်ပယ်ခံလိုက်ရတဲ့
အမည်နာမမထည်ဝါသူ ကဗျာသမားလေးပါ
ကဗျာထဲမှာ ဘ၀ကိုထည့်ဝင်ထားရိုးရိုးနဲ့ ကျေနပ်နေသူပါ
ခုနိုင်ငံတော်သီချင်းကိုဆိုကြတော့မှာ
အလံဟာ လေအရိုင်းထဲမှာ အစွမ်းကုန် ပြန့်ကားရင်း
တဖြန်းဖြန်း တဖြုန်းဖြုန်းနဲ့တောင်မြည်လို့ လွင့်လို့ လူးလို့
သွေးကြွ ရဲဝံ့စရာ အားတက်စရာပဲ
လက်သီးတွေကျစ်ကျစ်ပါအောင်ဆုပ်ထားကြမယ်
ခေါင်းတွေ ကောင်းကင်ပေါ်ကိုမော်ထားကြမယ်
ကျနော်တို့အသံတွေ ရင်ဃောင်းကြီးထဲက ထွက်လွင့်လာတော့မယ်
ကျနော်တို့ နိုင်ငံတော်သီချင်းကို ဆိုကြတော့မယ်
ဒီတခါ နိုင်ငံတော်သီချင်းကို တမျိုးသားလုံး သံပြိုင်ဆိုကြမှဖြစ်မယ်
ဒီတခါ နိုင်ငံတော်သီချင်းကို တနိုင်ငံလုံး သံပြိုင်ဆိုကြမှဖြစ်မယ်
ဒီတခါ နိုင်ငံတော်သီချင်းကို အားလုံးသံပြိုင်ဆိုကြဖို့
ကျနော်တို့ရင်ဃောင်းထဲ အသက်တွေ ၀၀ရှူသွင်းထားကြဖို့မလိုဘူးလား
ခင်ဗျားရင်ဘတ်ကျယ်ကျယ် စိတ်ကျယ်ကျယ်ဖွင့်ထားဖို့မလိုဘူးလား…
——-
ခင်လွန်း
၂၅.၃.၁၆- ၈.၄.၁၆
Pm- 21.10