မိုးမခကို ပေးတဲ့စာ မောင်လူရေး

မောင်လူရေး – နိုင်ငံရေးအပ္ပမာဒ

မောင်လူရေး – နိုင်ငံရေးအပ္ပမာဒ

(မိုးမခ) ဧပြီ ၁၂၊ ၂၀၁၆

ဖေ့ဘွတ်လောကတွင် ရွှေးကောက်ပွဲအပြီးတွင် ဘာသာရေး လူမျိုးရေးအမုန်းပွားရန်လှုံ့ဆော်မှုများ၊ NLD ကြံ့ဖွတ်အပြန်အလှန်ရှုတ်ချဆဲဆိုမှုများ သိသိသာသာ မတွေ့ရတော့ပေ။ အံ့အားသင့်စရာ ရွေးကောက်ပွဲရလာဒ်၊ တနည်းအားဖြင့် ပညာရှင်ဆိုသူများ နှပ်ကြောင်းပေးထားသည်နှင့် ပြောင်းပြန် – ရွေးကောက်ပွဲရလာဒ် ထွက်ပေါ်လာပြီးနောက် ပျောက်ကွယ်သလောက်ဖြစ်သွားသည်။  အားလုံး တပ်ဖျောက်ထားကြသည်ကို ကြည့်လျှင် မဟာဗျူဟာများ နည်းဗျူဟာများ ပြင်ဆင်ပြောင်းလဲနေသည်ဟု ဆိုနိုင်လေသည်။
ဟော အခု အားလုံး တက်ညီလက်ညီ ပြန်ပေါ်လာကြသည်။

ကျောင်းသားများသည် ဒေါ်စုအား ကျေးဇူးကန်းသည်ဟု စာဖြင့်လည်းကောင်း၊ ကာတွန်းဖြင့်လည်းကောင်း အမျိုးမျိုးပုံဖော် ကလော်တုပ်ရင်း အင်နှင့်အားနှင့် ပေါ်လာကြသည်။ ကျောင်းသားတွေလွှတ်ချိန်ကိုစောင့်ပြီး အချိန်ကိုက် လုပ်ကြံလာခြင်းသည် ဖမ်းဆီးထားသည့်ကျောင်းသားတွေကို အစိုးရသစ်က သေချာပေါက် လွှတ်ပေးမည့်အချက်အပေါ် ခြုံခိုတိုက်ခိုက်ရင်း တန်ပြန်တော်လှန်ရေးထွက်ပေါက်ရှာခြင်းဖြစ်လေသည်။ အစိုးရသစ်ပြောင်းချိန်မှာ အော့နှလုံးနာဖွယ်ကောင်းလောက်အောင် စွဲချက်တင်ခြင်း၊ ရုံးတင်ခြင်းတွေက ယင်းတိုက်ခိုက်မှုအတွက် ပြင်ဆင်မှုများဖြစ်လေသည်။

ဒေါ်စုနှင့်=NLD နှင့် = ပြည်သူနှင့် ကျောင်းသားအင်အားစု = ကျောင်းသားဝန်းရံသူများ ကြား ပညာရေးပြုပြင်ပြောင်းလဲမှုပြုရာတွင် အချို့အချက်များနှင့် ပတ်သက်၍ အယူအဆမတူခဲ့သည်များအပေါ် အခြေပြု၍ ကွဲသွား ပြဲသွားအောင် အပီအပြင်လှုံ့ဆော်နေကြသည်မှာ ထိထိရောက်ရောက်ရှိလှသည်ဟု ဆိုရမည်။ လူမသိ သူမသိနာမည်များဖြင့် ဆွဲထားသော အမည်မပါဘဲဆွဲထားသော ဆိုးဆိုးဝါးဝါး ကာတွန်းကွက်များကို NLD အမာခံများကပင် ရှယ်ကြ တင်ကြလုပ်နေသည်ကို တွေ့နေရသည်။
ယင်းသို့ဖြစ်လာခြင်းမှာ ရွေးကောက်ပွဲမတိုင်ခင်က ပညာရေးလှုပ်ရှားမှု ပုံရိပ်များကို ရွေးကောက်ပွဲအောင်နိုင်ရေး လှုပ်ရှားမှုပုံရိပ်များက ဖုံးလွှမ်းသွားသောကြောင့်ဟု ဆိုနိုင်ပေသည်။

လွန်ခဲ့သော တနှစ်ကျော်က ကျောင်းသားလူငယ်များ၏ တပြည်လုံး၏ နိုင်ငံရေးခံစားချက်ကိုပါ မြင့်တင်ပေးလိုက်သည့် ပညာရေးလှုပ်ရှားမှု၊ ယင်းလှုပ်ရှားမှုကနေ စစ်တပိုင်းအစိုးရ၏ ဘီလူးရုပ် ထုတ်ဖော်မှု၊ ပြည်ထဲရေး အစစ်အမှန် ကိုယ်ထည်ကို ဖော်ထုတ်မှုတို့ကို မေ့လျော့သွားရုံမက မညှာမတာ ဆဲရေးခြိမ်းခြောက်စာများကို လိုက်ကြ ရှယ်ကြသည်ကိုပင် တွေ့လာရသည်။

လက်ပတန်းတွင် ရဲများ၏ ရက်ရက်စက်စက်ရိုက်နှက်ဖမ်းဆီးမှုပုံရိပ်များသည် ရွေးကောက်ပွဲကာလတွင် ကြံ့ခိုင်ရေးပါတီ၏ လိုဂိုဖြစ်သွားခဲ့သည်ကို ပြန်လည်ဆင်ခြင်ကြဖို့လိုပါသည်။ မဟုတ်ပါက လက်ရှိအခြေအနေလေးမှတဆင့် သတ်လျှိုသွေးခွဲ ပြည်သူ့နိုင်ငံရေးအားနည်းအောင် လုပ်မည့် အစီအစဉ်များ စပြီဟု ဆိုနိုင်ပါကြောင်း။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts